လောက်ကိုင်က ဖူလီလိုက် ရုံးချုပ် နဲ့ အိမ်ရာစီမံကိန်း
ဦးမောင်မောင်
အကြောင်းမပြောခင် သူ့အစ်ကို နဲ့ အတူ ပူးတွဲပိုင်ဆိုင်တဲ့ ဖူလီလိုက်
လုပ်ငန်းစု အကြောင်းပြောမှ သူတို့ရဲ့ ခြေတံလက်တံကို ခန့်မှန်းနိုင်မှာ
ဖြစ်ပါတယ်။
မြန်မာပြည်မမှာ
ကိုးကန့်လုပ်ငန်းရှင်တွေအကြောင်းပြောကြရင် ဦးလော်စစ်ဟန်ရဲ့
သားသမီးတွေပိုင်ဆိုင်တဲ့ Asia World အေးရှားဝေါလုပ်ငန်းစုက
လူသိအများဆုံးဖြစ်ပြီး ဖူလီလိုက် အုပ်စုအကြောင်းတော့ လူသိနည်းပါတယ်။
ဖူလီလိုက်လုပ်ငန်းစုရဲ့ လုပ်ငန်းတည်ရှိမှုအခြေပြမြေပုံ
၁၉၉၂
ခုနှစ်က စတင်ထူထောင်တဲ့ ဖူလီလိုက်လုပ်ငန်းစုဟာ အိမ်ရာစီမံကိန်း၊
ဟိုတယ်နဲ့ခရီးသွား၊စိုက်ပျိုးမွေးမြူရေး၊ ကုန်သွယ်ရေး လုပ်ငန်းတွေ အထိ
မျိုးစုံပြထားပေမဲ့ သူတို့ရဲ့ပင်မငွေစီးက ကာစီနို
လုပ်ငန်းဖြစ်ပါတယ်။
ဒါပေမဲ့
မြို့ပြအိမ်ရာစီမံကိန်းတွေ နဲ့ ဆိပ်ကမ်း လုပ်ငန်းတွေအထိ
လုပ်ကိုင်နိုင်တာကိုကြည့်ရင် သူတို့ရဲ့ ကြွယ်ဝမှု ကို မှန်းဆလို့ရနိုင်မှာ
ဖြစ်ပါတယ်။
မြန်မာ-တရုတ်
နယ်စပ်နားက တောင်ပေါ်ဒေသ တစ်ခုဖြစ်တဲ့ လောက်ကိုင်မြို့က
ကြယ်ငါးပွင့်အဆင့်ရှိတဲ့ မိုးမျှော်ဟိုတယ်ကြီးမှာ ဖူလီလိုက်
ရုံးချုပ်တည်ရှိပါတယ်။
ဖူလီလိုက်လုပ်ငန်းစုကိုပိုင်ဆိုင်တဲ့
လျိုမိသားစုဟာ မြန်မာပြည်တနံတလျားနဲ့ ဒေသတွင်းနိုင်ငံတချို့က
သူတို့လုပ်ငန်းတွေကို အဲဒီအဆောက်အဦကနေ ထိန်းချုပ်ပါတယ်။
မိုးမျှော်ဟိုတယ်ကြီး
အနီးမှာ စီးပွားရေးအဆောက်အအုံ ၁၈ လုံး နဲ့ ဆိုင်ခန်း ၁၆၇ ခန်းအထိရှိတဲ့
ကိုးကန့်ကမ္ဘာသစ် လို့ အမည်ရတဲ့ စင်တာကြီးတစ်ခုကို ဖော်ဆောင်ထားပါတယ်။
ဖူလီလိုက်ရုံးချုပ်အရှေ့မှာပဲ
‘’တုံဟူစိန့်ကျင်’’ လို့ အမည်ပေးထားတဲ့ အပန်းဖြေအိမ်ရာစီမံကိန်းတစ်ခုကို
ဖော်ဆောင်နေပြီး ယွမ် သန်း နှစ်ထောင် ရင်းနှီးမြှုပ်နှံထားပါတယ်။
အမေရိကန်ဒေါ်လာ
သန်း ၇၂၀ အထိ ရင်းနှီးမြှုပ်နှံထားတဲ့ မန္တလေးက ရေတံခွန်တောင်
မြို့ပြအိမ်ရာ စီမံကိန်းရဲ့ နောက်ကွယ်မှာ ဖူလီလိုက်ရှိနေပါတယ်။
၃၆
ကျင်း အထိရှိတဲ့ဂေါက်ကွင်း နဲ့ တွဲနေတဲ့ အဲဒီအိမ်ရာစီမံကိန်းကို
ဖွံ့ဖြိုးသစ် ကုမ္ပဏီဆိုတဲ့အမည်နဲ့ ရင်းနှီးမြှုပ်နှံထားဖြစ်ပါတယ်။
ရေတံခွန်တောင်
မြို့ပြအိမ်ရာ စီမံကိန်းကို ပြင်သစ်ကုမ္ပဏီတစ်ခုက ဒီဇိုင်းဆွဲပေးပြီး
တရုတ်ကဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ China State Construction
Engineering Corporation CSCEC က တာဝန်ယူတည်ဆောက်တာ ဖြစ်ပါတယ်။
ဒါ့အပြင်
ရခိုင်ပြည်နယ်က ကျောက်ဖြူ မဒဲကျွန်းမှာ LNG သဘာဝဓာတ်ငွေ့ရည်တင်
သင်္ဘောတွေဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်းတည်ဆောက်ရေးလုပ်ငန်းတစ်ခုမှာလည်း
ဖူလီလိုက်က ကုမ္ပဏီတချို့နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ဖူလီလိုက်ဟာ
ဖွံ့ဖြိုးသစ်ဆိုတဲ့ နာမည်နဲ့ပဲ ဖားကန့်မှာ သတ္တုတွင်းကုမ္ပဏီဖွင့်ထားပြီး
ဧရာဝတီပါတနာထရေးဒင်းဆိုတဲ့ နာမည်နဲ့ ဖားကန့်က
ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေမှာသုံးတဲ့ ၂၂ ဘီးကားတွေ နဲ့ တန် ၈၀ အထိ
တင်နိုင်တဲ့ ကားကြီးတွေကို တရုတ်ကနေ တင်သွင်းပါတယ်။
ဒါ့အပြင် စစ်ကိုင်းက ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီတစ်ခုကို ဖူလီလိုက်က ဝယ်ယူထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က မြဝတီမြို့မှာလည်း မြဝတီအရှေ့တိုင်းကုမ္ပဏီထောင်ထားပြီး ဖူလီလိုက်ရဲ့ လက်တံကို ဆန့်တန်းထားပါတယ်။
ဖူလီလိုက်ဟာ တရုတ် နဲ့ ကမ္ဘောဒီးယားအထိပါ ခြေဆန့်လာပြီး ကုမ္ပဏီရုံးခွဲတွေ ဖွင့်ထားပါတယ်။ကမ္ဘောဒီးယားမှာ
Best Day အမည်နဲ့ ခရီးသွားအေဂျင်စီထောင်ထားပြီး ကမ္ဘောဒီးယားရဲ့ သီဟာနု
ဆိပ်ကမ်းမှာ ရှိတဲ့ GOBO East Entertainment ဟာလည်း ဖူလီလိုက်က
ပိုင်ဆိုင်တာပဲ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် ချီးမြှင့်တဲ့ အစိမ်းရောင်ခရီးသွားလာရေးဆုကို ဖူလီလိုက်က ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့ပါတယ်။
ဖူလီလိုက်ဟာ ရော်ဘာ၊ ကြံ၊ ဖရဲ နဲ့ သခွား တွေလည်း စိုက်ပြီး တရုတ်ပြည်ကို တင်ပို့ပါတယ်။
အဲဒီစိုက်ပျိုးရေးလုပ်ငန်းတွေကနေ ဒေါ်လာ သန်းဂဏန်းအထိ ဝင်တယ်လို့ ကုမ္ပဏီရဲ့ ဝင်ငွေစာရင်းတစ်ခုမှာ ဖော်ပြထားပါတယ်။
ကိုးကန့်ဒေသမှာဆိုရင်လည်း ရေပေးဝေရေး နဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွေ လုပ်နေပြီး စက်သုံးဆီဆိုင်တွေလည်း ပိုင်ဆိုင်ပါတယ်။
မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း)
လို့အမည်ပေးထားတဲ့ ကုန်စည်ပြပွဲ ကို ပြီးခဲ့တဲ့မေလက နေပြည်တော်မှာ
လုပ်တော့ ဖူလီလိုက်က သူတို့ကုမ္ပဏီရဲ့ ကဏ္ဍ (၈) ခုကို ပြသခဲ့ပြီး
အထက်မှာဖော်ပြခဲ့တဲ့ လုပ်ငန်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။
ဖူလီလိုက်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ ဦးလီကျိန်းချန် (ခ) လျိုအားပေါက်
များပြားလှတဲ့
လုပ်ငန်းတွေကို နာမည်ပေါင်းများစွာနဲ့ ဖြန့်ခွဲလုပ်ကိုင်နေတဲ့
ဖူလီလိုက်လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌ က ဦးလီကျိန်းချန် (ခ) လျိုအားပေါက်
ဖြစ်ပြီး ဦးမောင်မောင်ကတော့ လျိုအားပေါက် ရဲ့ ညီအရင်းဖြစ်ပါတယ်။
ဦးမောင်မောင် မှာ ကိုးကန့်နာမည်ရှိပေမဲ့ လူသိနည်းပြီး မြန်မာနာမည်ကိုပဲ အဓိက အသုံးပြုပါတယ်။
သူရရှိခဲ့တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေမှာတောင် အစ်ကိုဖြစ်သူလို ကိုးကန့်နာမည် မသုံးဘဲ ဦးမောင်မောင် လို့ပဲ သုံးပါတယ်။
ဖူလီလိုက်ဟာ
အစိုးရအဆက်ဆက်ကို သိန်းပေါင်း သိန်းချီလှူဒါန်းခဲ့ပြီး လျို ညီအစ်ကို
နှစ်ယောက်လုံးဟာ NLD အစိုးရလက်ထက်ကနေ စစ်ကောင်စီလက်ထက်အထိ
ဘွဲ့ထူးဂုဏ်ထူးတွေ ရခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လျို ညီအစ်ကိုကို
လူပုဂ္ဂိုလ်တွေကိုချီးမြှင့်တဲ့ အမြင့်ဆုံးဘွဲ့ တံဆိပ်တစ်ခုဖြစ်တဲ့
‘အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ’ ဘွဲ့ ကို ချီးမြှင့်ခဲ့ပါတယ်။
လျို ညီအစ်ကိုနှစ်ယောက်မှာ ဦးမောင်မောင်က အစ်ကိုဖြစ်သူထက် မြန်မာစကားကို ပိုပြီးကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပါတယ်။
သူတို့ညီအစ်ကိုဟာ စကားနည်းနည်းပြောပြီး အပေးအကမ်းရက်ရောသူတွေ အဖြစ် နာမည်ကြီးပါတယ်။
‘’သူတို့ ညီအစ်ကိုက စစ်ဘက်ရော အရပ်ဘက်က လူကြီးတွေအကုန်လုံးလိုလို နဲ့
ရင်းနှီးတယ်’’ လို့ စစ်ရုံးက အရာရှိတစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
သူတို့
ညီအစ်ကိုဟာ NLD အစိုးရလက်ထက်မှာလည်း မန်းဝင်းခိုင်သန်းရဲ့
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေအိမ်အပါအဝင် အစိုးရ ဝန်ကြီးတွေ နဲ့
ဝန်ကြီးချုပ်နေအိမ်တွေကို ဝင်ထွက်သွားလာနေကြသူတွေ ဖြစ်ပါတယ်။
အထူးသဖြင့်
သူတို့စီးပွားရေးတွေရှိတဲ့ ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊
မန္တလေးတိုင်းဝန်ကြီးချုပ် နဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို့ရဲ့
ရုံးခန်း နဲ့ နေအိမ်တွေကို ဝင်ထွက်သွားလာနေကြသူတွေ ဖြစ်ပါတယ်။
နိုင်ငံရေးဘက်ကိုကြည့်ရင်တော့
ဦးမောင်မောင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ကုန်းကြမ်းမြို့နယ် အမတ် ဖြစ်ပါတယ်။
လက်ရှိ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့
ဦးမောင်မောင်ဟာ စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ ကိုးကန့်တပ် (MNDAA)
အခြေပြုလှုပ်ရှားရာဒေသ ကုန်းကြမ်းမှာမနေဘဲ လောက်ကိုင်မြို့မှာပဲ နေထိုင်သူ
ဖြစ်ပါတယ်။
သူတို့ညီအစ်ကိုတွေဟာ လုံခြုံရေးအပြည့်အစုံပါတဲ့ ယာဉ်တန်းနဲ့ အပြင်ထွက်ကြပါတယ်။
စစ်တပ်နဲ့နီးစပ်တဲ့ ကိုးကန့် ညီအစ်ကိုဟာ သူတို့ရဲ့လုံခြုံရေးအတွက် ဂျပန်ကမှာယူထားတဲ့ ကျည်ကာကားတွေပါ ဆောင်ထားကြပါတယ်။
ကာစီနိုဘုရင် ဖူလီလိုက် ကျားဖြန့် လုပ်သလား
ဖူလီလိုက်ပိုင်တဲ့ သီဟာနုကမ်းခြေမှာ ရှိတဲ့ GOBO East Entertainment
ဖူလီလိုက်ရဲ့
မိုးမျှော်ဟိုတယ်မှာဖွင့်ထားတဲ့ ကာစီနိုဝိုင်းတွေဟာ
ယွမ်သိန်းချီအနိုင်အရှုံး ရှိလို့ မြန်မာနိုင်ငံသားတွေမကပ်နိုင်ဘဲ
တရုတ်သူဌေးတွေ လာကစားကြပါတယ်။
ဖူလီလိုက်ကုမ္ပဏီဟာ
ကာစီနိုလုပ်ငန်းနဲ့အကျိုးပေးပြီး လောက်ကိုင်မြို့က
တခြားလောင်းကစားဝိုင်းတွေထက် အလျှင်အမြန်ပဲ ချမ်းသာကြွယ်ဝလာပါတယ်။
ဖူလီလိုက်ဟာ
သူ့ရဲ့လောင်းကစားဝိုင်းတွေမှာ အသုံးပြုတဲ့ ဖဲချပ်၊ သောက်ရေသန့် နဲ့
စီးကရက်က အစ စက်ရုံထောင်ပြီး ကိုယ်ပိုင်အမှတ်တံဆိပ် နဲ့ ထုတ်ပါတယ်။
၏သူတို့ရဲ့
အဓိက ဖောက်သည်က တရုတ်နိုင်ငံသား လောင်းကစားသမားတွေဖြစ်ပြီး ကိုဗစ်-၁၉
ကပ်ရောဂါ မတိုင်ခင်ကဆို တရုတ်နိုင်ငံကနေ မြန်မာဘက်ကမ်းကိုကူးပြီး
လာကစားကြပါတယ်။
ဖူလီလိုက်ဟာ
သူ့ရဲ့ လောင်းကစားအင်ပါယာကို တရုတ်နိုင်ငံက မြို့ပေါင်း ၂၀ ကျော်နဲ့
တိုက်ရိုက်လေကြောင်းခရီးစဉ်ရှိတဲ့ ကမ္ဘောဒီးယားက သီဟာနုကမ်းခြေအထိ
ချဲ့ထွင်ပါတယ်။
ဖူလီလိုက်ပိုင်တဲ့ သီဟာနုကမ်းခြေမှာ ရှိတဲ့ GOBO East Entertainment ဟာ အဲဒီဆိပ်ကမ်းက အကြီးဆုံးကာစီနိုတွေထဲက တစ်ခုဖြစ်ပါတယ်။
နောက်ပိုင်းမှာ
ဖူလီလိုက်ဟာ လောင်းကစားကို ကာစီနိုဝိုင်းဆီလာစရာမလိုဘဲ
အင်တာနက်ရတဲ့ဘယ်နေရာကမဆို ဆော့ကစားလို့ ရအောင် ချဲ့ထွင်လာခဲ့ပါတယ်။
ဒါကြောင့်
လောက်ကိုင်နဲ့ သူရဲ့တစ်ဘက်ခြမ်း တရုတ်နိုင်ငံ နန်ဆန်မြို့မှာရှိတဲ့
တရုတ်ထောက်လှမ်ရေးသတင်းတွေအရ လောင်းကစားနဲ့ဆက်စပ်နေတဲ့ ဖူလီလိုက်က
အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေ မတွင်ကျယ်ခင်ကတည်းက
တရုတ်ရဲတပ်ဖွဲ့ရဲ့စောင့်ကြည့်စာရင်းထဲ ပါဝင်ခဲ့ပါတယ်။
ကျားဖြန့်
လို့ခေါ် တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုကတော့ Cryptocurrency နဲ့
Bitcoin လို့ခေါ်တဲ့ အွန်လိုင်းငွေကြေး နဲ့ ရှယ်ယာအရောင်းအဝယ်လုပ်တဲ့
ဂိမ်းတစ်ခု ဒါမှမဟုတ် ဝက်ဘ်ဆိုက်တစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့
ဆွဲဆောင်တာကနေ ငွေကြေးလိမ်လည်တာမျိုးဖြစ်ပါတယ်။
ကျားဖြန့်ဟာ တရုတ်ဘာသာစကားနဲ့ ‘ကျား’ အကွက်ချစီစဥ်ပြီး ‘ဖြန့်’ လိမ်လည်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။
မြန်မာအပါအဝင်
တရုတ်နဲ့အိမ်နီးချင်းနိုင်ငံတွေမှာ ခြေကုပ်ယူထားတဲ့
တရုတ်ငွေလိမ်ဂိုဏ်းတွေက အွန်လိုင်းကတစ်ဆင့် ပြည်မက တရုတ်နိုင်ငံသားတွေကို
ပစ်မှတ်ထားလိမ်လည်နေတဲ့ လုပ်ငန်းဖြစ်ပါတယ်။
ကျားဖျန့်၊ လောက်ကိုင်နဲ့ ဒေသတွင်းနိုင်ငံသားတွေပါ အဓမ္မစေခိုင်းခံနေရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း
မြန်မာ
- တရုတ်နယ်စပ်မှာ ကျားဖြန့်လုပ်ငန်းတွေ ခေတ်စားလာတဲ့အခါ
ဖူလီလိုက်ရုံးချုပ်ရှိတဲ့ တုံချိန်နယ်မြေထဲမှာပါ
ကျားဖြန့်လုပ်ငန်းတွေအများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။
‘’တုံချိန်မှာ
ဖူလီလိုက်က အချမ်းသာဆုံးသူဌေးဆိုတော့ ကျားဖြန့်သူဌေးတွေက
ဖူလီလိုက်ရဲ့အရိပ်ကို ခိုနေကြတယ်လို့ တရုတ်က သံသယရှိတယ်’’ လို့
တရုတ်ထောက်လှမ်းရေးသတင်းတွေနဲ့ နီးစပ်တဲ့ ကိုးကန့်လုပ်ငန်းရှင်တစ်ဦးက
ဘီဘီစီကိုပြောပါတယ်။
ဒါကြောင့် အောက်တိုဘာ ၁ ရက်က ဖမ်းဆီးလိုက်တဲ့ လုပ်ငန်းရှင် ၁၁ ဦးထဲမှာ ဖူလီလိုက်က သုံးဦးအထိ ပါဝင်နေတာပါ။
ဖူလီလိုက်က
ကျားဖြန့်လုပ်ငန်းလုပ်သလားလို့ ဘီဘီစီက မေးမြန်းတဲ့အခါ ကျားဖြန့်မလုပ်ဘဲ
ကာစီနိုသာ လုပ်ကြောင်း ကုမ္ပဏီဘက်က တရားဝင်ဖြေကြားပါတယ်။
‘’အချိန်မရွေးအစစ်ဆေးခံနိုင်တယ်။
ကျားဖြန့်လုပ်တဲ့နေရာက ယင်ကောင်တောင် ဝင်လို့မရဘူး။ လုံးဝ သီးခြားကမ္ဘာ။
ကျွန်တော်တို့ဟိုတယ်က ၂၄ နာရီလုံး လူဝင်ထွက်လို့ရတယ်’’ လို့ ဖူလီလိုက်ရဲ့
တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့
၂၀၂၂ ခုနှစ်အတွင်းက ပေါက်ကြားခဲ့တဲ့ ဖူလီလိုက် ကုမ္ပဏီဝန်းအတွင်းမှာ
လူတစ်ဦးကို ဝိုင်းဝန်းရိုက်နှက်နေတဲ့ ရုပ်သံဖိုင် ကို ကျားဖြန့်လုပ်ငန်းက
နှိပ်စက်မှုတစ်ခုအဖြစ် သတင်းဖော်ပြခဲ့မှုတွေအပေါ် ဘီဘီစီက
မေးမြန်းကြည့်ခဲ့ပါတယ်။
‘’အဲဒါ ကျားဖြန့်မဟုတ်ဘူး။ ဝန်ထမ်းက အပြင်လူနဲ့ပေါင်းပြီး ဖဲလိမ်လို့ အပြစ်ပေးတာ’’ လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
တရုတ်ကဖမ်းသွားတဲ့
၁၁ ဦးမှာ အများဆုံးပါသွားတာက နောက်ထပ် ကာစီနိုလုပ်ငန်းလုပ်တဲ့
ဟိန်းလီလုပ်ငန်းစု ဖြစ်ပြီး ၆ ဦးအထိ ပါသွားတယ် လို့ ဘီဘီစီက
စုံစမ်းသိရှိရပါတယ်။
ဟိန်းလီလုပ်ငန်းစုကလည်း
သူတို့ဟာ ကျားဖြန့်မလုပ်ဘဲ မြန်မာအစိုးရဆီမှာ
တရားဝင်မှတ်ပုံတင်ထားပြီးလည်ပတ်နေတဲ့လုပ်ငန်းစုဖြစ်လို့ အခုလို
ဖမ်းဆီးခံရတာ နစ်နာတယ်လို့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တရုတ်ရဲ့ အထိမခံတဲ့အရေးကိစ္စ
တရုတ်နိုင်ငံသား ၃၇၇ ဦးကို ကိုးကန့်က တရုတ်ရဲတပ်ဖွဲ့ဆီ အောက်တိုဘာ ၇ ရက်က လွှဲပြောင်း
ဖူလီလိုက်ရော
ဟိန်းလီပါ နေပြည်တော်ကနေ တရုတ်ပြည် ‘ကူမင်း’ အထိ သူတို့မှာ
ရှိသမျှအဆက်အသွယ် အားလုံးနဲ့ လိုက်စုံစမ်းတာတောင် အဖမ်းခံထားရသူတွေရဲ့
သတင်းအစအနမရဘူးဖြစ်နေတာပါ။
အဖမ်းခံရတဲ့လုပ်ငန်းရှင်
၁၁ ယောက်ထဲမှာ အချမ်းသာဆုံးဖြစ်တဲ့ ဖူလီလိုက် ကုမ္ပဏီက ဦးမောင်မောင်ဟာ
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ သိကျွမ်းသူဖြစ်လို့
ဒီအဖမ်းခံရမှုကို စစ်ကောင်စီရုံးအထိ စာတင်ထားတဲ့အကြောင်း ဘီဘီစီက
စုံစမ်းသိရှိရပါတယ်။
အဖမ်းခံရသူတွေရဲ့သတင်းကို
သက်ဆိုင်ရာမိသားစုဝင်တွေက ယူနန်ပြည်နယ်ရဲတပ်ဖွဲ့ဌာနချုပ်အထိ
စုံစမ်းခဲ့ကြပေမဲ့ ‘’ဗဟို(ဘေဂျင်း) က ကိုင်ထားတဲ့ကိစ္စ’’ ဆိုတဲ့
စကားတစ်ခွန်းနဲ့ လမ်းဆုံးသွားခဲ့ရပါတယ်။
တရုတ်နိုင်ငံ၊
ယူနန်ပြည်နယ်၊ ကျိန်းခမ်းခရိုင်မှာ လုပ်တဲ့ ကုန်စည်ပြပွဲအတွက်
ကျိန်းခမ်းခရိုင်ကုန်သည်ကြီးများအသင်းက တရားဝင်ဖိတ်ကြားပြီးမှ ဖမ်းဆီးတဲ့
အောက်တိုဘာ ၁ ရက် ဖြစ်ရပ် အပေါ် ကိုးကန့်လုပ်ငန်းရှင်တွေကြားမှာ
ဝေဖန်နေကြပါတယ်။
ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲဖမ်းဆီး
ကုန်စည်ပြပွဲ
နဲ့ ကိုးကန့်တောင်ပေါ်ရိုးရာ ‘အားစူစဲ့’ သီချင်းဆိုပြိုင်ပွဲ
ပါထည့်သွင်းထားတဲ့ ဒီဖိတ်ကြားမှုမှာကိုသွားရောက်ရင်း မထင်မှတ်ဘဲ
ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီခရီးစဉ်မှာ လိုက်ပါသွားသူတွေက ပြောပါတယ်။
‘’အခုတော့
‘အားစူစဲ့’ဆိုတဲ့ စကားလုံးကို ‘လူဖမ်းပွဲ’ လို့တောင် ကိုးကန့်တွေက
သတ်မှတ်လိုက်ကြပြီ’’ လို့ ကိုးကန့်တိုင်းရင်းသားလူငယ်လုပ်ငန်ရှင်တစ်ဦးက
ဘီဘီစီကိုပြောပါတယ်။
ကိုးကန့်လုပ်ငန်းရှင်တွေအပါအဝင်
လူ ၇၀ ကျော်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ထဲက လူ ၁၁ ယောက်ကို အောက်တိုဘာ ၁
ရက် မနက်အစောပိုင်းမှာ သူတို့တည်းခိုတဲ့ ဟိုတယ်တွေကို တရုတ်ရဲက
ဝင်ရောက်ဖမ်းဆီးတာ ဖြစ်ပါတယ်။
‘’အိပ်နေတဲ့အချိန်
မနက် ၃ နာရီလောက်မှာ တံခါးတွေကိုဖျက်ပြီးဝင်တာ။
ဘယ်သူတွေကဘယ်အခန်းမှာအိပ်လဲဆိုတာ ရဲက စာရင်းအတိအကျသိထားတယ်’’ လို့
လိုက်ပါသွားသူတစ်ဦးက ပြောပါတယ်။
အဖမ်းခံရတဲ့
လူ ၁၁ ယောက်ထဲ မသန်စွမ်းတစ်ဦးပါဝင်ပြီး သူ့ကို တရုတ်ရဲလေးယောက်က
ထမ်းခေါ်သွားတယ် လို့ ခရီးစဉ်မှာပါဝင်ခဲ့သူတစ်ဦးက ပြန်ပြောပြပါတယ်။
အဲဒီခရီးစဉ်မှာ
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ နဲ့
အတွင်းရေးမှူး ဦးမိုးဇော်လတ် တို့ပါ ပါဝင်ခဲ့ပေမဲ့
မြန်မာနိုင်ငံသားတွေအဖမ်းခံရတာကိုထားခဲ့ပြီး ပြန်လာရမလားဆိုပြီး
လောက်ကိုင်မြို့မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ကိုးကန့်ရဲ့
အချမ်းသာဆုံး မိသားစုဝင်တွေ အဖမ်းခံရမှု အကြောင်းရင်းကို တရုတ်ဘက်က
တရားဝင်ထုတ်မပြောပေမဲ့ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေ နဲ့
ဆက်စပ်နေနိုင်တယ် လို့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်နေကြပါတယ်။
တရုတ်သံရုံးနဲ့
နီးစပ်တဲ့ ရန်ကုန်မြို့က လုပ်ငန်းရှင်တွေကြားမှာလည်း ကိုးကန့်လုပ်ငန်းရှင်
၁၁ ဦး အဖမ်းခံရတဲ့ကိစ္စအပေါ် စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
ဒီဖမ်းဆီးမှုဟာ
လောက်ကိုင်ထဲက ကျားဖြန့်လုပ်ငန်းတွေလုံးဝရပ်ဆိုင်းသွားဖို့ တရုတ်ရဲ့
ပြတ်သားတဲ့ ဖိအားပေးအကျပ်ကိုင်မှု လို့ လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
‘’သူတို့
(တရုတ်) က ကျားဖြန့်လုပ်ငန်းတွေရှိတဲ့နေရာကို မြေပုံအတိအကျ
နဲ့ဖမ်းခိုင်းတာ။ သူတို့သေချာစောင့်ကြည့်နေတယ်’’ လို့ လုပ်ငန်းရှင်တစ်ဦးက
ပြောပါတယ်။
ကျားဖြန့်လုပ်ဆောင်တဲ့
တရုတ်နိုင်ငံသား ၃၇၇ ဦးကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဦးစီးအဖွဲ့က
တရုတ်ရဲတပ်ဖွဲ့ဆီ အောက်တိုဘာ ၇ ရက်က လွှဲပြောင်းခဲ့ပါတယ်။
ဒီလွှဲပြောင်းမှုကြောင့်
ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး ပြန်လွတ်လာမလားလို့လည်း မမျှော်လင့်နိုင်ဘူး
လို့ ကိုးကန့်အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
‘’တရုတ်က ဒီအရေအတွက်ထက် ပိုလိုချင်နေတယ်။ သူတို့က ဒီလောက်နဲ့ မကျေနပ်နိုင်ဘူး’’ လို့ သူကပြောပါတယ်။
လောက်ကိုင်က
ကျားဖြန့်လုပ်ငန်းတွေ အမြစ်ဖြတ်ရေးနဲ့ပတ်သက်လို့ ယူနန်အာဏာပိုင်တွေနဲ့
ကိုးကန့်အုပ်ချုပ်ရေးပိုင်းက အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီးပြီလို့
သူကပြောပါတယ်။
ဝ ဒေသ မှာ ကျားဖြန့်လုပ်ဆောင်တဲ့ တရုတ်နိုင်ငံသား တစ်ထောင်ကျော်ကိုဖမ်းပြီး လွှဲလိုက်တာမျိုး တရုတ်က အလိုရှိနေတာလို့ သူကပြောပါတယ်။
‘’ဒါပေမဲ့ ဝ က UWSA တစ်မျိုးပဲအုပ်ချုပ်တာလေ။ သူက လုပ်နိုင်တယ်။ ဒီမှာက အဖွဲ့စုံတယ်လေ။ ဝ လို မလွယ်ဘူး’’ လို့ သူကပြောပါတယ်။
လောက်ကိုင်မြို့ဟာ
အမှန်တကယ်လည်း လက်နက်ကိုင်တွေ ရှုပ်ထွေးများပြားတဲ့နေရာဖြစ်ပြီး
စစ်တပ်၊ရဲ၊ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် နဲ့ ကိုးကန့်တပ် MNDAA အပြင်
ကာစီနိုကစားဝိုင်းတွေ နဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုစီမှာ
ကိုယ်ပိုင်လက်နက်ကိုင်တပ်တွေ ရှိနေတာဖြစ်ပါတယ်။
‘’ကျားဖြန့်နဲ့ဆက်နွှယ်ပြီး
ဖမ်းထားရင်တော့ လွယ်မှာမဟုတ်ဘူး။ ဒါက တရုတ်ရဲ့အမျိုးသားရေးနဲ့ဆိုင်တဲ့
ကိစ္စဖြစ်နေတယ်။ ဒါ အထိမခံနိုင်တဲ့ကိစ္စ’’ လို့ ကိုးကန့်နဲ့ရော
တရုတ်သံရုံးနဲ့ပါ အဆက်အသွယ်ရှိတဲ့ ရန်ကုန်မြို့က
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကိုးကန့်လုပ်ငန်းရှင်
၁၁ ဦး တရုတ်နိုင်ငံထဲမှာ အဖမ်းခံရတဲ့ ကိစ္စကို စစ်ကောင်စီကိုရော
တရုတ်သံရုံးကိုပါ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ အောက်တိုဘာ ၈ ရက်အထိ
အကြောင်းပြန်လာတာမရှိသေးပါဘူး။
အနားပေးခံလိုက်ရတဲ့
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းရဲ့ ခရီးစဉ်အပါအဝင် တရုတ်အထူးသံတမန်
တိန်ရွှီကျင်း နဲ့ တရုတ်သံအမတ်ကြီး ချင်ဟိုင် တို့ရဲ့
နေပြည်တော်ခရီးစဉ်တွေမှာ မြန်မာနယ်စပ်မှာခြေကုတ်ယူထားတဲ့ ကျားဖြန့်
လုပ်ငန်းတွေကို နှိမ်နင်းပေးဖို့ အဆက်မပြတ်ပြောကြားခဲ့ကြပါတယ်။
ဒါကြောင့်
မြန်မာနိုင်ငံသား ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦး အဖမ်းခံရတဲ့ကိစ္စမှာ
နေပြည်တော်က ဘေဂျင်းကို ခပ်တင်းတင်း ပြောဖို့ခက်လိမ့်မယ်
နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။