စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို ဝင်လာနိုင်တဲ့ လမ်းကြောင်း တွေမှာသာမက ကောလင်းမြို့နဲ့ကပ်ရပ် ကန့်ဘလူမြို့နယ်မှာပါ စစ်တပ်က စစ်အင်အားတွေ ချလာတာကြောင့် ကောလင်းမြို့ခံတွေ မနေ့က ဖေဖော်ဝါရီ ၃ ရက်ကစပြီး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ ၁ ရက်ကနေ ၃ ရက်အတွင်း MI 17 ရဟတ်ယာဉ် ၇ စင်းနဲ့ ဝန်းသိုမြို့က အမှတ် ၁၂၀ ခြေမြန်တပ်ရင်းကို စစ်အင်အားဖြည့်နေသလို ကန့်ဘလူမြို့နယ်၊ ကိုးထောင်ဘို့တိုက်နယ်က စစ်ကောင်စီအထိုင်စခန်းတွေဆီ ၈ ကြိမ်လောက် အင်အားဖြည့်ထားတယ်လို့ ဒေသတွင်းအခြေအနေတွေကို ဖော်ပြပေးနေတဲ့ Kawlin Revolution – KR ကနေ သိရပါတယ်။
အဲဒီစစ်အင်အားတွေဟာ ဒီနေ့ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီလောက်မှာ ကြခတ်အိုက်ရွာအနောက်ကနေ ဒေါင်းမြူးချောင်းကိုကျော်ပြီး ကောလင်းမြို့ဘက်ကို စစ်ကြောင်းထိုးလာတယ်လို့လည်း သတိပေးထားပါတယ်။
“မနေ့ကစပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မြို့ကနေထွက်ခိုင်းတယ်။ စစ်ကြောင်းတွေက မြို့ထဲဘက်ကို ဦးတည်နေလို့တဲ့။ ဒီနေ့လည်း မြို့ထဲကနေ ထွက်နေကြပြီ။ ကောလင်းမြို့ထဲဘက်ကိုက ဆက်သွယ်ရေးလမ်းကြောင်းတွေ အကုန်ပြတ်နေတာ။ ဖုန်းတွေလည်း ဆက်လို့မရတော့ဘူး”လို့ ကောလင်းမြို့နယ် ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ကောလင်းမြို့မြောက်ဘက် မိုးကောင်းတောင်ကို စစ်ကောင်စီတပ်အင်အား ၁၅၀ လောက် ရောက်နေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် NUG ရဲ့ အုပ်ချုပ်ရေးစနစ် လည်ပတ်နေတာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ဝန်းသိုမြို့ စစ်ကောင်စီစခန်းတွေကနေ ကောလင်းမြို့ထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းပစ်ခတ်တာတွေကြောင့် လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။