ဘုရင့်ယောက္ခမတော် ဆင်ဖြူမရှင်မိဘုရားကြီး
မင်းတုန်းမင်းတြားကြီးနတ်ရွာစံပြီးနောက် အိမ်ရှေ့စံသီပေါမင်းသားနန်းတက် တော်မူလေသည်။နန်းတက်ပြီး နောက် အဂ္ဂမဟေသီ မိဘုရားခေါင်ကြီး ရွေးချယ်ရန်ကိစ္စတစ်ခုပေါ်ပေါက်လာသည်။ ဆင်ဖြူမရှင်မိဘုရား သည် သမီးတော် မိုင်းနောင်စုဖုရားကြီးအား အဂ္ဂမဟေသီ မိဖုရားခေါင်အလျောင်းအလျာအဖြစ် ရွေးချယ်လိုက်ပြီး သမီးတော်မြတောင်မြို့စားစုဖုရားလတ်ကိုမှု မြောက်နန်းမိဖုရားအရာ ပေးရန်ကြံရွယ်လိုက်သည်။အဂ္ဂမဟေသီ တင်မြှောက်မည့်သတင်းကိုစုဖုရားလတ်ကြားသိသွားသောအခါ မခံမရပ်နိုင်အောင်ဖြစ်ခဲ့ ပေသည်။ထို့ကြောင့် မယ်တော့်အဆောင်သို့ သွားရောက်ကာ တားမြစ်ရန် ဆုံးဖြတ်လိုက်သည်။
မယ်တော် ဆင်ဖြူမရှင်ကလည်း သမီးတော် နှင့် သီပေါမင်းသား ချစ်ခင်ရည်ငံခဲ့သည်ကို သိသော် လည်း မိုင်းနောင်စုဖုရားကြီး မှာ အစ်မတော် ဖြစ်၍အခွင့်အရေးပေးသင့်ကြောင်း၊အကယ်၍မိုင်းနောင်စုဖုရားကြီးကို မြောက်နန်းအရာ ထားမည်ဆိုပါလျှင် သက်ဝါကြီးသူဖြစ်သောကြောင့် မသင့်လျော်ပေ ဟုမိန့်ကြားလေသည်။သို့သော်စုဖုရားလတ်မှာ နားမဝင်ပေ။
စုဖုရားလတ်သည် သီပေါမင်း၏ မဟေသီဘိက်သိက်ခံပွဲတွင် မိုင်းနောင် စုဖုရားကြီး နှင့် သီပေါမင်း တို့ကြား ဝင်ထိုင် ခဲ့သည်။ ထို့ကြောင့် မိုင်းနောင်စုဖုရားကြီး နှင့် မြတောင်မြို့စားမင်းသမီးစုဖုရားလတ်တို့သည်သီပေါမင်း၏အဂ္ဂမဟေသီ တောင်ညာစံမိဖုရားကြီးများအဖြစ် တစ်ပြိုင်နက်ဖြစ်သွားသည်။မိုင်းနောင်စုဖုရားကြီးသည် ဘိက်သိက်သွန်းပြီးသည်နှင့် တောင်နန်းမတော်ဆောင်သို့ကြွမြန်းသွားသည်။ မြတောင်စုဖုရားလတ်မှာ နန်းမတော်ဆောင်မရှိသေးရာ မှန်နန်းဆောင်ကြီး အတွင်းမှာပင် သီပေါမင်း နှင့် အတူတွဲ၍စံတော်မူလိုက်သည်။
မောင်တော်သီပေါမင်းကိုလည်း မိဖုရားခေါင် စုဖုရားကြီး အဆောင်သို့သွားခွင့်မပြုပေ။အမတော် စုဖုရားကြီး ကိုလည်း တောင်နန်းမတော်ဆောင်ပေါ်မှ ဆင်းပြေးအောင် ဖန်တီးခဲ့သည်။ ထို့ကြောင့်စုဖုရားကြီး သည် မယ်တော်အဆောင်သို့ ပြောင်းရွှေ၍ စံနေရသည်။သမီးတော် ၏အဖြစ်အပျက်ကိုကြည့်ပြီး ဆင်ဖြူမရှင်သည် ကိုယ်တင်သည့်စစ်ကဲကိုယ်ချ၍မရသလို ဖြစ်နေသည်။သူ၏ဘဝသည် ဘုရင့်ယောက္ခမတော် ဖြစ်သဖြင့် "မယ်တော်ဆင်ဖြူမရှင်ဘုရား"ဟူ၍ တစ်နန်းလုံးက အရေးပေးလေးစားကြသော်လည်း သူကိုအရေးမထားမလေးစားသူမှာ သူ့သမီးအရင်းခေါက်ခေါက် မိဖုရားခေါင်စုဖုရားလတ်ကိုယ်တိုင်ပင်ဖြစ်နေလေသည်။
သူ၏ဘုရင့်ယောက္ခမတော်ဘဝကို ပြန်စဉ်းစားကြည့်မိလိုက်ရာ သူသည်ဘုရင်နှင့် မိဖုရားခေါင်မှဖွားတော်မူသည့် တပင်တိုင်သမီးတော် ဖြစ်သည်။သူ၏ဘဝသည် ခမည်းတော်နန်းကျသည်မှညိုးငယ်စွာ နေနေရသည်။အစ်မတော်စုဖုရားကြီး အရိပ်ဝယ်ခိုကိုးနေရစဉ် ကလည်း ဘဝကိုနှိမ့်မကျအောင်အတော်ပင်ရုန်းကန်ခဲ့ရသည်။ မင်းတုန်းမင်း နန်းရလာသောအခါ အလယ်နန်းမိဖုရားဖြစ်လာသည်။ မောင်တော် မင်းတုန်းမင်းတရားကြီး၏ဘဝနိဂုံးပိုင်းတွင် အခြေအနေအရ နန်းတွင်း၌ အာဏာရလာခဲ့သည်။ ဝန်ကြီး ၊မှူးကြီးတို့ကသူပြီးလျှင် ပြီးခဲ့သောဘဝဖြစ်၏။ ရာဇဝင်တွင် မည်သည့်မိဖုရားမျှ မရရှိဖူးသည့် ဆင်ဖြူမရှင်ဘွဲ့ကိုရရှိခဲ့သည်။
ယခုသူရွေးချယ်ခဲ့သူနန်းပေါ်ရောက်၍ သူ့သမီးများ မိဖုရားခေါင်ဖြစ်လာသောအခါ ဘုရင့်မယ်တော် လောင်းရှည်မိဖုရားသည်ပင် အိမ်ဖြူတော်နှင့်စံရသော်လည်း သူမျှနေရာမရခဲ့ပေ။ နန်းပေါ်တင်ပေးခဲ့သည့်ဘုရင်ကလည်း ယောက္ခမဩဇာထက်မိဖုရားဩဇာက ပိုညောင်းနေသည်။ စုဖုရားလတ်မှာ နဂိုကပင် မယ်တော်၏စကားကို နားမထောင်ခဲ့လေရာ ယခုအခါ အဂ္ဂမဟေသီမိဖုရားခေါင်အာဏာကိုအကြွင်းမဲ့သုံး၍ထင်ရာစိုင်းနေသည်။သူ၏ဘုရင့်ယောက္ခမတော်ဘဝသည်အစကောင်းခဲ့သော်လည်း အဆုံးမှာ မည်သို့ရှိလေမည်ဟု မတွေးဝံ့ချေ။၎င်းနောက်ဆင်ဖြူမရှင်မိဖုရားကြီးသည် သူ့ဘဝအရေးကိုရှေးရှုလျက် ဤလေးဆစ်သဖြန်ကို စပ်ဆိုတော်မူလေသည်။
"ဖြစ်ပျက်ဟန် အတိတ်များရယ်ကြောင့်၊ သစ်နက်ခံထိပ်စုဖုရားမှာဖြင့်၊စိတ်ခုများသာလို့ကူ၊ပူသမျှကိုလ၊လူအမှာအိပ်မက်ကောင်းသော်လည်း၊အကြောင်းကိုပြန်မပြောနိုင်လို့၊သောအပလီစစီသုံးလာလို့၊တခဋီရီမပြုံးချင်ဘု၊ထီရှုံးတဲ့လူခက်ပုံလို့၊လက်စုံတုရင်ကိုထီး၊နူတ်မျက်ခါ၊ ဆုတ်တတ်ကယ်မကြံသာလို့၊ကံဇာတာဘယ်လိုမှေးပါလိမ့်တွေးဆလို့ငြိမ်း"