"
အိမ်ရှေ့မင်း၏သမီးတော်ဖြစ်သော ထိပ်ခေါင်တင်ကောင်း မင်းသမီးသည် တော်ဝင်မျိုးနွယ် အပေါင်းတို့ ဂုဏ်သိမ် ညှိုးနွမ်း စွာ နေထိုင်ဖြစ်သန်းခဲ့ရသော သီပေါဘုရင်လက်ထက်တော်၌ နို့ထိန်းမယ်တော်ကြီးအဖြစ် ချီးမြှင့်သူကောင်းပြုခံခဲ့ရသော ပုဂ္ဂိုလ်ကြီးဖြစ်လေသည်။
ထို့ကြောင့်ပင် ထိပ်ခေါင်တင်ကောင်းမင်းသမီးကြီးအား နို့ထိန်းအဖြစ် ခန့်အပ်ရွေးချယ်စဥ်က နန်းမတော်ကြီးစုဖုရားလတ်မှ
"အိမ်ရှေ့မင်းကို နို့ချိုတိုက်ကျွေးမွေးမြူရမယ့်သူဟာလည်း အိမ်ရှေ့မင်းရဲ့သမီးတော်ဖြစ်ရပေမယ်ပေါ့"
ဟူသော စကားအရိပ်အမြွက်ဖြင့် သူ၏သားတော်အပေါ် နန်းညွှန့်လျာထားကြောင်း ပြောဆိုခဲ့သည်။
သို့သော်လည်း မင်းသားငယ်မှာ သက်ဆိုးမရှည်ရှာဘဲ သူ၏ဘိုးတော်ပုဂံရွှေနန်းရှင်ဟောင်းကို ဖိစီးနှိပ်စက် ခံစားစေသည်ဖြစ်သော ကျောက်ရောဂါဝေဒမျိုး ကူးစက်ခံရပြီး ခြောက်လအရွယ်ဖြင့်ပင် ကံကုန်ခဲ့ရရှာလေသည်။
အကယ်၍ ထိုနန်းညွှန့်လျာမင်းသားငယ်သာ ခမည်းတော်ထီးနန်းကို သိမ်းပိုက်နိုင်ခဲ့ပါက သူ၏နို့ထိန်းမယ်တော်ဖြစ်လေသော ထိပ်ခေါင်တင်ကောင်းမင်းသမီးကြီးမှာလည်း မယ်တော်ရင်း တမျှချီးမြှင့်မြှောက်စားခံရမည်ဖြစ်ပြီး တချိန်သောအခါ ပုဂံရွှေနန်းရှင်လက်ထက် နို့ထိန်းတော် အမယ်ရွဲ ဘုန်းတောက်သည့်ပမာ ဖြစ်ခဲ့ရှာလိမ့်မည်။
ကိုးကား
ကုန်းဘောင်အလွန်
မောင်သန်းဆွေ (ထားဝယ်)