ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။
ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။
သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တို့ ပိုင်နက် နယ်မြေအတွင်းမှာ နိုင်ငံသစ်တွေ ပေါ်ပေါက်လာတာကို ကျွန်တော်တို့ မလိုလားပါ။ ဒီလိုပေါ်ပေါက်လာဖို့ တိုင်းရင်းသား အမည်ခံ လက်နက်ကိုင်အဖွဲ့အစည်းအချို့က ကြိုးပမ်းနေကြတာတွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကာကွယ်သွားကြရပါမယ်။
ထိုအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံအသစ်တွေ တည်ထောင်ဖို့ လုပ်နေတာ မဟုတ်ပါလို့ မည်သို့ပင် ငြင်းဆိုကြသည် ဖြစ်စေ၊ သူတို့ လက်ရှိ လုပ်ရပ်တွေက သက်သေပြနေကြောင်း စေ့စပ်သေချာစွာ လေ့လာကြည့်ရင် တွေ့နိုင်ပါတယ်။
လက်ရှိအခြေအနေမှာ Crisis Management အနေနဲ့ ရေတို၊ ရေရှည် မဟာဗျူဟာများ ချမှတ် ကိုင်တွယ်သွားသင့်ပါတယ်။ အဲဒီလို လုပ်ဆောင်နေမယ်လို့လည်း ယုံကြည်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ၂၀၂၄ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၄) မှာ
“သမိုင်းကြောင်းနှင့် နိုင်ငံချင်း တရားဝင် ဆက်ဆံဆက်သွယ် ဆောင်ရွက်ရသည့်လုပ်ငန်းစဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့်အညီသာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊” ဟုလည်းကောင်း၊
“နိုင်ငံတော်ကြီးကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက် နေချိန်တွင် ပဋိပက္ခများ ပိုမိုကြီးမားအောင်၊ နိုင်ငံတော်ကို ပျက်စီးရာပျက်စီးကြောင်း လုပ်နေကြသည့် သစ္စာမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိနေခြင်းသည် တိုင်းပြည်အတွက် အန္တရာယ်ကြီးမားပါကြောင်း။” ဟုလည်ကောင်း၊
“မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းမဆို ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများကို လေးစားလိုက် နာကြရမည်ဖြစ်ပါကြောင်း၊” ဆွေးနွေးခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရပါတယ်။
တခါက ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး (ဦး)ကျော်ဟိန်းပါဝင် သရုပ်ဆောင်ထားတဲ့ “ဒီအတိုင်းပဲ ကောင်းပါတယ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတိုလေးကို မှတ်မိကြမယ် ထင်ပါတယ်။ သာမန် ပြည်သူတစ်ယောက်ကတောင် နိုင်ငံ့မြေပုံ ပြောင်းလဲသွားတာကို မလိုလားဘူးဆိုတာ တွေ့နိုင်ပါတယ်။
ကျွန်တော်တို့ လက်ထက် အိမ်နီးချင်း (၅) နိုင်ငံဟာ ကျွန်တော်တို့အနာဂတ် မျိုးဆက်တွေ လက်ထက်မှာလည်း အဲဒီ (၅) နိုင်ငံပဲ ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကမ္ဘာတည်သရွေ့လည်း အဲဒီအတိုင်းပဲ ဖြစ်နေဖို့ လိုအပ်ပါတယ်။ အဲဲဒီအတွက် တာဝန်အရှိဆုံးက ကျွန်တော်တို့ မျိုးဆက်ပဲ ဖြစ်ပါကြောင်း။
ဒေါက်တာနိုင်ဆွေဦး
#NaingSweOo