ဖားစည်အကြောင်း
*************
ဖားစည်ကို ယူနန် တရုတ်ပြည်ကနေ ယူဆောင်လာခဲ့သည်ဟု ဆိုပါသည်။ ယန်လူမျိုးတို့ထံမှ စည်ထုပ်လုပ်မှု အတတ်ကို သင်ယူတတ်မြောက်ခဲ့ကြပြီး ဘီစီ၃ဝဝ ရာစုခန့်က ဖားစည်ကို ယူဆောင်လာခဲ့ကြကြောင်း သမိုင်းသုတေသီများက ဆိုကြပါသည်။ ယူ သို့မဟုတ် ယန်လူမျိုးများသည် ကရင်တိုင်းရင်းသားများကဲ့သို့ တောင်ပေါ်ဒေသများတွင် နေထိုင်တတ်သော လူမျိုးတစ်မျိုးပင်ဖြစ်သည်။
ရှေးအခါက ဖားစည်ကို ၁၁ ရာစု ၁၂ ရာစုလောက်တွင် တရားရုံးများ၌ အသုံးပြုခဲ့သည်ကို တွေ့ရပြီး ဖားစည်ကို ကရင်အခေါ် ကလို ကလူး ဖြစ်ပြီး ပုဂံကျောက်စာများမှာလည်း တွေ့ရသဖြင့် ထိုခေတ်မှာကတည်းက အသုံးပြုနေပြီဖြစ်ကြောင်းကိုလည်း သိရှိနိုင်ပါသည်။
ရွေဘိုမင်း လက်ထက်တွင်လည်း အသုံးပြုခဲ့သလို မှန်နန်းရာဇဝင်တွင်လည်း လေ့လာတွေ့ရှိနိုင်ပါသည်။ အင်္ဂလိပ်ပညာရှင် မာရှယ်ကလည်း တောင်ငူတစ်ဝိုက် ကရင်ပြည်နယ်၊ ကယားပြည်နယ်များတွင်လည်း ကရင်များ ဖားစည်ကို အသုံးပြုခဲ့ကြကြောင်း သုတေသန ပြုထားခဲ့သည်ကိုတွေ့ရပါသည်။
ယနေ့ခေတ် အသုံးပြုကြသော ဖားစည်မှာ (၂)မျိုးရှိပါသည်။ မင်္ဂလာဖားစည်နှင့် အ မင်္ဂလာဖားစည် ဟူ၍ ဖြစ်ပါသည်။
မင်္ဂလာဖားစည်တွင် ၎င်း၏ မျက်နှာပြင်၌ ဖားရုပ်မျာသည် လက်ဝဲရစ် ပုံစံဖြင့် တစ်ကောင်၏နောက် တစ်ကောင်လိုက်နေသည့်ပုံ ဖြစ်သည်။ ယင်းပုံ၏ အဓိပ္ပာယ်မှာ ညီညွတ်ခြင်း၊ ခေါင်းဆောင်မှုရှိခြင်းကို ဖော်ညွှန်းခြင်း ဖြစ်ပါသည်။ ကရင်အမျိုးသား နှစ်ကူးနှင့် အခြားသော နေ့ထူးနေ့မြတ်များ၊ မင်္ဂလာအခမ်းအနားများတွင် တီးခတ် အသုံးပြုလေ့ရှိကြသည်။
အမင်္ဂလာဖားစည်တွင် ၎င်း၏မျက်နှာပြင်၌ ဖားသည် တစ်ကောင်နှင့် တစ်ကောင် မျက်နှာချင်းဆိုင်လျက် ရန်လိုနေသည့်ပုံ ဖြစ်သည်။ ယင်းပုံ၏ အဓိပ္ပာယ်မှာ ရန်စောင်ခြင်း၊ သွေးကွဲခြင်း စသောအဓိပ္ပာယ်ကို ဖော်ညွှန်းခြင်း ဖြစ်ပါသည်။ ထိုဖားစည်ကို အသုဘအခမ်းအနားတွင် ၎င်းအရပ်ဒေသ (ရပ်ရွာ)အတွင်းရှိ မကောင်းဆိုးဝါးကို နှင်ထုတ်ရာတွင်လည်းကောင်း၊ ရွာ၏ စည်းကမ်းကို ဖောက်ဖျက်၍ ရွာမှ လက်မခံနိုင်သော သူကို နှင်ထုတ်ရာတွင်လည်းကောင်း အသုံးပြု တီးခတ်လေ့ ရှိကြသည်။
ဖားစည်၏ မျက်နှာပြင်ပေါ်မှ ဖားရုပ်သည် အဓိပ္ပာယ် များစွာရှိလေသည်။ ဖားစည်၏ မျက်နှာပြင်ပေါ်တွင် ပါသော ဖားသည် ဖားပြုတ် ဖြစ်၏။ ဖားပြုတ်သည် ကရင်လူမျိုးတို့၏ မူလပင်ကိုယ်စရိုက်နှင့် များစွာတူညီနေသောကြောင့် ဖြစ်ပေသည်။
ဆိုလိုသည်မှာ ဖားပြုတ်သည် သူတစ်ပါးကို ရန်လိုခြင်း၊ ရန်ပြုခြင်း၊ စော်ကားခြင်း မပြုလုပ်တတ်။ အေးအေးလူလူ၊ အေးအေးဆေးဆေး နေတတ်၏။ ထို့အတူပင် ကရင်လူမျိုးတို့၏ ပင်ကိုယ်သဘောသည်လည်း အေးအေးချမ်းချမ်း နေတတ်သည့် သဘောရှိ၍ သူတစ်ပါးအား ရန်လိုခြင်း၊ ရန်ပြုခြင်း အလျဥ်း မရှိကြပေ။
ဖားပြုတ်သည် သူ့အား ရန်မူလာသူကို သည်းခံနိုင်သမျှ သည်းခံနိုင်သည်။ သို့သော် အလွန်အကျွံ ရန်မူလာပါက မိမိ၏ အရေခွံအတွင်းမှ အဆိပ်ကို ထုတ်၍ ပြန်လည် ခုခံကာကွယ်တတ်ပေသည်။
ထို့အတူပင် ကရင်လူမျိုးတို့၏ ပင်ကိုယ်သဘာဝမှာလည်း မိမိအား ရန်စလာသူ၊ စော်ကားလာသူကို အတိုင်းအတာတစ်ခုအထိ သည်းခံပြီး နေတတ်ကြသည်။ ဖားပြုတ်ကဲ့သို့ပင် ထိုအတိုင်းအတာကို ကျော်လွန်လာပါက မိမိ၏ ကာယ ဉာဏကို အသုံးချလျက် လက်ရုံးရည်ချင်း ယှဥ်ကာ ပြန်လည် ခုခံ ကာကွယ်တတ်ကြသည်။
ဖားပြုတ်၏ ပင်ကိုယ်သဘာဝအရ ရောင့်ရဲတင်းတိမ်ခြင်း၊ ရိုးရိုးလေးနေခြင်း၊ အရေးကြုံက ရဲရင့်သော သတ္တိရှိခြင်း၊ ခံနိုင်ရည်ရှိခြင်း စသည်ဂုဏ်အင်္ဂါများဖြင့် ပြည့်ဝနေ၏။
ကရင်လူမျိုးတို့တွင်လည်း တင်းတိမ်ရောင့်ရဲသောစိတ်၊ ရိုးသားဖြူစင်သောစိတ်၊ ရဲစွမ်းသတ္တိ၊ သူရသတ္တိနှင့် ပြည့်စုံသောစိတ်၊ သည်းခံနိုင်သောစိတ်၊ ခံနိုင်ရည်ရှိသော စိတ် စသည့် ဂုဏ်အင်္ဂါများရှိကြလေသည်။
ဖားပြုတ်သည် သစ္စာတည်၏၊ ၎င်းအော်လျှင် မိုးရွာ၏။
ထို့အတူ ကရင်လူမျိုးများသည်လည်း သစ္စာတရား၊ ကတိစကားကို အလွန်တရာမှ အလေးအနက်ပြုလျက် သစ္စာကို စောင့်သိကာ ကတိစကားများကိုလည်း အလွန်တန်ဘိုးထားကြလေသည်။
ဖားပြုတ်များသည် ၎င်းတို၏ ဥကို ဘယ်သောအခါမျှ ပြန်မစားသလို ကရင်လူမျိုးများသည်လည်း မိမိတို့၏ လူမျိုးများ၊ မိမိတို့၏ ဆွေမျိုးများ၊ မိမိတို့၏ သား သမီးများကို ဘယ်သောအခါမျှ နိုင်ထက်ကလူ မပြုတတ်ကြပါ။ ချစ်ခင်လျှက်သာ ရှိကြလေသည်။
ထိုသို့ ဖားပြုတ်နှင့် ကရင်တို့မှာ များစွာပင် စရိုက်သဘာဝခြင်း တူညီသောကြောင့် ဖားစည်၏ မျက်နှပြင်ပေါ်တွင် ဖားပြုတ်ကို ထည့်သွင်း ထားရခြင်းပင် ဖြစ်လေသည်။
ဖားစည်ကို တွေ့နိုင်သည့်နေရာများမှာ အရှေ့မြောက် အာရှတိုက်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ အိန္ဒိယ၊ သီဟိုဠ်၊ ကမ္ဗောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ လာအို စသည့်နိုင်ငံများနှင့် ကရင်လူမျိုးများထံတွင် တွေ့နိုင်သည်။
ဖားစည် သွန်းလုပ်ရာတွင် ပါဝင်သည့် ပစ္စည်းများမှာ ရွှေ၊ ငွေ၊ ကြေးနီ၊ သံဖြူ၊ ခဲ သတ္တုများဖြစ်ကြသည်။
သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ ကရင်လူမျိုးတို့နှင့် ကဝလူမျိုးတို့ သွန်းလုပ်သော ဖားစည်မှာ (၇)မျိုးရှိကြောင်း သိရသည်။ ၎င်းတို့မှာ
(၁) ကလိုးယူမူး = မဲခေါင်မြစ်ဖျားတွင် နေထိုင်သည့် အမျိုးသမီးများ သွန်းလုပ်သည့် ဖားစည်။
(၂) ကလိုးမူးခွာ = မဲခေါင်မြစ်ဖျားတွင် နေထိုင်သည့် အမျိုးသားများ သွန်းလုပ်သည့် ဖားစည်။
(၃) ကလိုးကဝါးမူး = ကဝအမျိုးသမီးများ သွန်းလုပ်သည့် ဖားစည်။
(၄) ကလိုးကဝါခွာ = ကဝ အမျိုးသား များသွန်းလုပ်သည့် ဖားစည်။
(၅) ကလိုးရှိုးဝေမူး = ပိုးကရင်အမျိုးသမီးများ သွန်းလုပ်သည့် ဖားစည်။
(၆) ကလိုးရှိုးဝေခွာ = ပိုးကရင်အမျိုးသားများ သွန်းလုပ်သည့် ဖားစည်။
(၇) ကလိုးယူကော်တယ် = လွမ်းအောင်ဖန်သည့် ဖားစည် ဟူ၍ ဖြစ်ကြသည်။
ထိုကဲ့သို့ ဖားစည်(၇)မျိုးရှိသကဲ့သို့ ကရင်တို့၏ လူနေမှုဘဝကို ဖော်ဆောင်သည့် ဖားစည်(၇)မျိုး ရှိသည်။
(၁) ဖားစည်၏ မျက်နှာပြင်ပေါ်တွင် ဖားလေးကောင်သည် လက်ဝဲရစ် ပုံစံဖြင့် တစ်ကောင်၏နောက် တစ်ကောင်လိုက်နေပြီး ဆင်ကြီတစ်ကောင် ထွက်ပြေးကာ ချေးတုံးတစ်တုံး စွန့်ပစ်ထားသော ဖားစည်ဖြစ်သည်။
ထို ဖားစည်၏ အဓိပ္ပာယ်မှာ စည်းလုံးညီညွတ်ခြင်း၊ မေတ္တာထားခြင်း၊ ဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းခြင်း စသည့်တို့ကြောင့် မကောင်းဆိုးဝါးကို ကိုယ်စားပြုသော ဆင်ကြီးမှာ ချေးပါသည့်အထိ ထွက်ပြေးရခြင်းကို ရည်ညွှန်းသည်။
(၂) ဖားစည်၏ မျက်နှာပြင်ပေါ်တွင် ဖားလေးကောင်သည် အခြားဖားတစ်ကောင်စီကို ကျောပိုထားလျက် လက်ဝဲရစ် ပုံစံဖြင့် တစ်ကောင်နောက် တစ်ကောင်လိုက်နေပြီး ဆင်ကြီးနှစ်ကောင် ထွက်ပြေးလျက်ရှိကာ ချေးတုံး နှစ်တုံး စွန့်ပစ်ထားစသော ဖားနှစ်ကောင်ထပ် ဖားစည်ဖြစ်သည်။
၎င်း ဖားစည်၏ အဓိပ္ပာယ်မှာ စည်းလုံးညီညွတ်ခြင်း၊ မေတ္တာထားခြင်း၊ ဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းခြင်း စသည့်တို့ကြောင့် ဆင်းရဲသားများ၊ ဒုက္ခရောက်နေသော မုဆိုးများနှင့် မိဘမဲ့များအား သနားကြင်နာ ကူညီ ရိုင်းပင်းမှုကို ရည်ညွှန်းထားခြင်းပင် ဖြစ်ပေသည်။
(၃) ဖားစည်၏ မျက်နှာပြင်ပေါ်တွင် ဖားလေးကောင်သည် အခြားဖားနှစ်ကောင်စီကို ကျောပိုးထား၍ လက်ဝဲရစ်ပုံစံဖြင့် တစ်ကောင်၏နောက် တစ်ကောင်လိုက်နေပြီး ဆင်ကြီး သုံးကောင် ထွက်ပြေးကာ ချေးတုံး သုံးတုံး စွန့်ပစ်ထားသော ဖားသုံးကောင်ထပ် ဖားစည်ဖြစ်သည်။
ယင်းဖားစည်၏ အဓိပ္ပာယ်မှာ စည်းလုံးညီညွတ်ခြင်း၊ မေတ္တာထားခြင်း၊ ဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းခြင်း စသည့်တို့ကြောင့် ကြီးသောသူက ငယ်သော သူကို ကူညီဖေးမခြင်း၊ ဆင်းရဲသားများ၊ ဒုက္ခရောက်နေသော မုဆိုးများနှင့် မိဘမဲ့များအား သနားကြင်နာ ကူညီ ရိုင်းပင်းမှုကို ရည်ညွှန်းထားခြင်းပင် ဖြစ်ပေသည်။
(၄) ဖားစည်၏ မျက်နှာပြင်ပေါ်တွင် ဖားလေးကောင်သည် မျက်နှာချင်းဆိုင်လျက် ဆင်ကြီးတစ်ကောင် မကြောက်မရွံ့ဘဲ တက်လာသည့်ဟန်ရှိသော ဖားစည်ပင်ဖြစ်သည်။
(၅) ဖားစည်၏ မျက်နှာပြင်ပေါ်တွင် ဖားလေးကောင်သည် အထက်အောက် မျက်နှာချင်းဆိုင်လျက် ဆင်ကြီးနှစ်ကောင် မကြောက်မရွံ့ဘဲ တက်လာသည့်ဟန်ရှိသော ဖားစည်ဖြစ်သည်။
(၆) ဖားစည်၏ မျက်နှာပြင်ပေါ်တွင် ဖားလေးကောင်နှင့် ဆင်ကြီးလေးကောင်တို့သည် အသီးသီး လက်ဝဲရစ်ပုံစံဖြင့် တစ်ကောင်၏နောက် တစ်ကောင် လိုက်နေသည့်ဟန်ရှိသော ဖားစည်ဖြစ်သည်။
အထက်ဖော်ပြထားသည့် နံပါတ်(၄)၊ (၅)နှင့် (၆) တို့၏ အဓိပ္ပာယ်မှာ တူညီကြပေသည်။ ၎င်းတို၏ အဓိပ္ပာယ်မှာ စည်းလုံးညီညွတ်ခြင်း၊ မေတ္တာထားခြင်း၊ ဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းခြင်း စသည့်တို့ကြောင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း မေတ္တာတရားနည်းပါး၍ ညီညွတ်မှုမရှိသည့်အခါ ရန်သူများ လာရောက်ဖျက်ဆီးခြင်းကို ရည်ညွှန်းထားကြသည်။
(၇) ) ဖားစည်၏ မျက်နှာပြင်ပေါ်တွင် ဖားလေးကောင် မပါရှိတော့ဘဲ ဆင်လေးကောင်သာ တစ်ကောင်၏နောက် တစ်ကောင် လိုက်နေသည့် ဖားစည် ပင်ဖြစ်သည်။
၎င်း၏ အဓိပ္ပာယ်မှာ စည်းလုံးညီညွတ်မှု၊ ချစ်ခင်ကြင်နာမှု မရှိသည့်အချိန်တွင် ရန်သူများ၏ ချေမှုန်းမှု၊ ကြီးစိုးမှုကို ခံရသည်ကို ရည်ညွှန်းပေသည်။