နေဝင်ချိန် မှတ်တမ်း (၈)
===============
၁၉၇၆. ဟာ ဦးနေဝင်းအတွက် ကံမကောင်းတဲ့ နှစ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။
(စစ်ဦးစီးချုပ်က ယခု NLD နာယက ဦးတင်ဦး)
-KIA နဲ့ ဗကပ တို့ စစ်ရေးပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့
-ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောဟာ မိသားစုလိုက် တိတ်တဆိတ်ထွက်ခွာသွားပြီး တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်သွား
-ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ မအောင်မြင်သော အာဏာသိမ်းရန် ကြံစဉ်မှုဖြစ်ပွား
-ကာလကြာ လက်တွဲဖေါ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးအား အနားပေးခဲ့ရ
အဲလို ဖြစ်စဉ်တွေအတွက် ဦးနေဝင်း အိပ်မပျော်တဲ့ နှစ်လို့ တင်စားကြပါတယ် ။
ကာချုပ်ဟောင်း ဦးတင်ဦး အကြောင်းကတော့ ပဲခူးရိုးမမှာ ဗပကတွေကို အမြစ်ဖြတ်ဖို့ ဖြတ်လေးဖြတ် မဟာဗျူဟာ သုံးပြီး ချေမှုံးနိုင်ခဲ့သူအဖြစ် မှတ်တမ်းကောင်း ရေးထိုးနိုင်သူ ဖြစ်ခဲ့ပါတယ် ။
ဗိုလ်ချုပ်ကြီးတင်ဦးကို တပ်တွင်းမှာ ကြည်ညိုလေးစားသူတွေ များလာပြီး တပ်တွင်းညီညွှတ်မှုကို အအောင်မြင်ဆုံး တည်ဆောက်နိုင်သူလို့ သတ်မှတ်ခဲ့ကြပါတယ် ။
အဲဒါကိုက ပါတီဥက္ကဌကြီး ဦးနေဝင်းအတွက် ရတက်မအေးစရာ ဖြစ်နေပုံရပါတယ် ။
၁၉၇၆ မတ်လ မှာ ဦးတင်ဦးကို တပ်မတော်ကနေ အနားပေးလိုက်ကြောင်း ဦးနေဝင်းကိုယ်တိုင် ကြေငြာပါတယ် ။
တပ်တွင်းမကျေနပ်မှုများ ဖြစ်ပေါ်မည် စိုးသောကြောင့် ဦးနေဝင်းကိုယ်တိုင်
"မိမိနဲ့ ကာလကြာရှည်စွာ လက်တွဲလာသူ တပ်မှူးကောင်းတယောက်ကို မတတ်သာသဖြင့် စိတ်မကောင်းစွာ လမ်းခွဲရခြင်းဖြစ်ကြောင်း"
ပြောကြားခဲ့ပါတယ် ။
အကြောင်းပြချက်ကလည်း ကလေးဆန်တာ တွေ့ရပါတယ် ။
နာတာရှည်ရောဂါသည် တဦးတည်းသော သားလေးအား ဆေးကုသရန် ပြည်ပသို့ သွားရောက်စဉ်က ဗိုလ်ချုပ်ကြီးတင်ဦး၏ ဇနီးဖြစ်သူ ဒေါက်တာတင်မိုးဝေသည် လမ်းစဉ်ပါတီပိုင် ငွေကြေး အဆောင်အယောင်များအား မလျှော်ဩဇာသုံးပြီး သုံးစွဲသောကြောင့် ဆိုပြီး ထုတ်ပြန်ပါတယ် ။
ယုတ္တိမရှိဘူးလို့ သုံးသပ်ကြပါတယ် ။
ဗိုလ်ကြီးအုန်းကျော်မြင့် အကြောင်းကတော့ သူဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မယုံကြည်ပါဘူး ။
နောက်သူဟာ ကာချုပ်အသစ် ဗိုလ်ချုပ်ကြီးသူရကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိဖြစ်ပါတယ် ။
သူဟာ စစ်ရုံးမှာ နေရတဲ့ အရာရှိတွေရဲ့ ထုံးစံအတိုင်း ဦးတင်ဦး(မျက်မှန်ကြီး)ကိုလည်း အထင်မကြီးပါဘူး ။ ဦးနေဝင်းကြောင့် စစ်ရေးအတွေ့အကြုံမရှိပဲ နေရာရသူအဖြစ် အထင်သေးစွာ ရှုမြင်ကြပါတယ် ။
အဲဒီကာလတုန်းက ရန်ကုန်မြို့ အင်ယားလမ်းရှိ ထောက်လှမ်းရေးတပ်ပိုင် ခြံကြီးထဲမှာ တပ်မတော် ခေါင်းဆောင်များနဲ့ ပါတီခေါင်းဆောင်များ ရံဖန်ရံခါ တွေ့ဆုံ စားသောက်လေ့ရှိပါတယ် ။
တခုသောတွေ့ဆုံပွဲမှာ ဦးနေဝင်း နဲ့ ဗိုလ်ချုပ်ကြီးသူရကျော်ထင်တို့ မရောက်လာခင် ဗိုလ်ကြီးအုံးကျော်မြင့်တို့လို ကိုယ်ရေးအရာရှိငယ်တွေဟာ ချောင်ကြတဲ့ အခန်းတခုထဲမှာ အဆာခံ အဖြစ် စားစရာအနည်းငယ်ကို ကပျာကရာ စားနေကြရပါတယ် (ဒါကလည်း ထုံးစံလို ဖြစ်နေတဲ့ ကိစ္စပါပဲ)
အဲဒါကို ရှေ့ပြေးရောက်လာတဲ့ ဦးတင်ဦး(မျက်မှန်ကြီး)က မြင်သွားတော့
"မင်းတို့ တံခါးဖွင့် အိတ်ဆွဲတွေက ဘာလူပါးဝတာလဲ ? လူကြီးတွေထက် ဦးအောင်စားတာ ကောင်းသလား ?" လို့ .....
မစာမနာ ရင့်သီး မောက်မာစွာ ကြိမ်းမောင်း ဆူပူတာဟာ ဗိုလ်ကြီးအုန်းကျော်မြင့်ရဲ့ အမုန်းမီးတောက်ထဲကို ဓါတ်ဆီဖျန်းသကဲ့သို့ ဖြစ်သွားစေခဲ့ပါတယ် ။
အဲလိုဖြစ်ပြီးတဲ့နောက်မှာ မျက်မှန်ကြီးကို မကျေနပ်ခြင်း ၊ ဆိုရှယ်လစ်စနစ်ကို မယုံကြည်ခြင်း တို့ကြောင့် ဦးနေဝင်းနဲ့ မျက်မှန်ကြီးတို့ကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာသိမ်းရန် ကြံစဉ်ခဲ့ခြင်းဖြစ်ပါတယ် ။
မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီးမှာ ယခု NLD ရဲ့ နာယကတွေဖြစ်တဲ့ ဦးဝင်းထိန် နဲ့ ဦးတင်ဦးတိုပါ အမှုတွဲပြီး အရေးယူခံခဲ့ရပါတယ် ။
၂၆ နှစ်ကြာ အာဏာရှင်လုပ်ခဲ့တဲ့ ဦးနေဝင်းဟာ သူ့သက်တမ်းမှာ ဆလိုင်းတင်မောင်ဦး နဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်တို့ ၂ ဦးကိုပဲ သေဒဏ်ပေးခဲ့ပါတယ် ။
(၈၈ နောက်ပိုင်းမှာ ဗိုလ်ကြီးအုန်းကျော်မြင့်ကို ရန်ကုန်မှာ တွေ့ရတယ်လို့ မိတ်ဆွေတယောက် မန့်ထားတာလည်း တွေ့ဖူးပါတယ် )
ဒီလို မအောင်မြင်တဲ့ အာဏာသိမ်းပွဲအပြီးမှာ တပ်မတော်ဆိုင်ရာ ထိပ်ပိုင်းရာထူးများ တိုးပေးရေး ကိစ္စတွေကို ဦးနေဝင်းကိုယ်တိုင် အတည်ပြုပေးပါတော့တယ် ။ သူအတည်ပြုပြီးမှ က က ထူး ရဲ့ m:sorder ထုတ်ပြန်ပေးရတဲ့ အခြေအနေ ရောက်ခဲ့ရပါတယ် ။
ဦးနေဝင်းဟာ ဗဟိုဦးစီးစနစ်ကို ဖောက်လှမ်းရေး အကာအရံ int-cover နဲ့ တည်ဆောက်ခဲ့ပြီး အတွင်းလူတွေကို စောင့်ကြည့်ထိမ်းချုပ်နည်းလမ်းနဲ့ အုပ်ချုပ်သွားခဲ့ပါတယ် ။
ဒီနည်းဟာ စတာလင်ရဲ့ နည်းပဲ ဖြစ်ပါတယ် ။
စတာလင်ဟာ ရုရှားပြည်တွင်းလုံခြုံရေးဌာနကြီးမှူး ဘယ်ရီးယား(Beria) ကို မြောက်စားပြီး ဒါးထက်စေခဲ့ပါတယ် ။ သူ့ရန်သူတွေကို ဘယ်ရီးယားအား ဖယ်ရှားစေပြီး အာဏာခိုင်အောင်လုပ်ခဲ့ပါတယ် ။ ၁၉၅၃ မှာ စတာလင်သေပ်တယ် ။
နောက်တက်လာတဲ့ နီကီတာခရုရှက်ကတော့ ၁၉၅၆ မှာ ဘယ်ရီးယားကို နိုင်ငံတော်သစ္စာဖောက်မှု ၊ လိင်အကြမ်းဖက်မှု ၃၅၇ မှုနဲ့ စွဲချက်တင်ပြီး သေဒဏ်ပေးခဲ့ပါတယ် ။
အာဏာခိုင်အောင် တည်ဆောက်ပေးခဲ့ရသူ ဘယ်ရီးယားရဲ့ ကံကြမ္မာအတိုင်းပဲ မျက်မှန်ကြီးလည်း ခံစားရမယ့် အလှည့် ရောက်လာပါပြီ ။
ဘယ်ရီယားဟာ သခင်ရင်း မရှိတော့လို့ ဒုက္ခရောက်ခဲ့တာ ဖြစ်ပေမယ့် မျက်မှန်ကြီးကတော့ သူ့ကို မြှောက်စားထားတဲ့ သခင်ရင်း ဦးနေဝင်းကိုယ်တိုင်က ပြန်ဆွဲချခဲ့တာ ပိုပြီးထူးဆန်းပါတယ် ။
၁၉၆၁ ကနေ ဦးနေဝင်း မြှောက်စားလို့ တောက်ကြွားခဲ့ရတဲ့ ဦးတင်ဦး(မျက်မှန်ကြီး)ဟာ ၁၉၈၁ မှာတော့ ကံဆိုးမှုတွေ အစပျိုး နိဒါန်းချီလာခဲ့ရပါပြီ ။ ကံဆိုးမှု နိဒါန်းပျိုးခဲ့ရတာကလည်း စိတ်ဝင်စားဖွယ်ပါပဲ ။
ဒီလို ဖြစ်ခဲ့တာဗျ ........?