"အညတြ တယောက်အကြောင်း ..."
ရွယ်မိုး
ကျနော်သည် ဆောင်းနှောင်းကာလများ၏ တခုသောရက်ဝယ် ချောင်ထိုးထားတာ ကြာမြင့်သောကြောင့် ဖုန်တက်နေသော မှတ်စုစာအုပ်ကလေးကို ဖုန်သုတ်နေမိသည်။ ထို့နောက် မရည်ရွယ်ပါဘဲနှင့် စာမျက်နှာများကို တဖြတ်ဖြတ်လှန်နေမိသည်။ စာရွက်လှန်သံသည် တိတ်ဆိတ်သော အခန်းငယ်အတွင်း အမျိုးအမည် ဖော်ပြမရနိုင်သော ခံစားမှုတမျိုးကို ဖြစ်ပေါ်စေသည်။ တခုသောရက်စွဲနှင့် မှတ်တမ်းတင်ထားမိသော အကြောင်းအရာများကို နှုတ်မှ ခပ်တိုးတိုး ဖတ်နေမိသည်။ ကျနော့်အသံမှာ တုန်ရင် တိုးလျလာသည်။ အတွေးပုံရိပ်သည် အတိတ်အကြောင်းအရာများဆီသို့ ပြန်လည်ရောက်ရှိသွားပါတော့သည်။ အကြောင်းအရာ မထူးခြားသည့် သာမန်လူတယောက်၏ဘဝ ဖြစ်သည်မို့လည်း ယနေ့ချိန်ခါတွင် သူ့အား မှတ်မိနေမည့်သူ လက်တဆုပ်စာပင် ရှိမှာမဟုတ်ဟု တွေးရင်း စိတ်မကောင်းဖြစ်မိသည်။
စစ်တပ် အာဏာမသိမ်းခင်က သူ့အလုပ်အကိုင်မှာ လူငယ်များ အရောက်အပေါက်များလှသည့် ကော်ဖီဆိုင်တခု၏ မျက်စောင်းထိုး သစ်ပင်ရိပ်ကလေး၌ သုံးဘီးတွန်းလှည်းကလေးရပ်ကာ ကွမ်းယာနှင့် စီးကရက်များ ရောင်းခြင်းဖြစ်သည်။ စျေးဝယ်သူလာလျှင် ထရောင်း၍ အရောင်းပါးသွားလျှင် ဂစ်တာ တဒေါင်ဒေါင် တီးနေလေ့ရှိသူဖြစ်သည်။ ကော်ဖီသောက်ဖြစ်ရင်းနှင့်မှ သူ့ဆိုင်၌ စီးကရက်ဝယ်ရင်း သိကျွမ်းရခြင်းလည်း ဖြစ်သည်။ သူ့အသက်မှာ ကျနော်နှင့် မတိမ်းမယိမ်းဖြစ်သည်မို့ ရွယ်တူလို ပေါင်းမိသည်။ သူ့မှာ ဇနီးမယားရှိပြီး သားသမီး မရှိပါချေ။ သူသည် အိမ်ထောင်သည်ဖြစ်သော်လည်း ဘဝကို ခပ်အေးအေးသာ နေထိုင်တတ်သူဖြစ်ပြီး စီးပွားကို ကြိုးစားရှာတတ်သူမျိုး ဖြစ်ပုံမရပေ။
များမကြာမD စစ်တပ်က နိုင်ငံကို အာဏာသိမ်းသည်။ သူ နေ့စဥ် ဆန္ဒထွက်ပြသည်။ ပိတ်မိနေသော ပြည်သူတချို့ကို လွတ်ရန် အကူအညီပေးသည်။ ကျနော်ကမူ တနယ်တရပ်သို့ ရောက်နေခဲ့သည်။ သူနှင့် အဆက်အသွယ် ပြန်ရချိန်တွင် မြို့တွင်းယူဂျီ ဖြစ်နေကြောင်း သိရသည်။ ရဲစခန်းများကို ဗုံးသွားပစ်သည်။ သူ့အိမ်ကို စစ်တပ်နှင့်ရဲများက လာမွှေသည်။ သူ့ကွမ်းယာလှည်းကလေးသည် ကြေမွနေအောင် ဖျက်ဆီးပစ်ခံရသည်။ သူ့ဆွေမျိုးများက လုံးဝ လာမပတ်သက်ပါနှင့်ဟု နှင်ချထားသည်။ သူ့မိန်းမက နင် ဒီအလုပ် ဆက်လုပ်နေရင် မပေါင်းနိုင်ပါဟုဆိုသဖြင့် ကွာရှင်းလိုက်ကြရသည်။ လူမသိသူမသိ လှုပ်ရှားကြရသည်မို့ ရပ်တည်ဖို့၊ လက်ပစ်ဗုံးဝယ်ဖို့ စသဖြင့် အလှူမခံရဲရှာပေ။ မလှုပ်ရှားသည့်အချိန်တွင် စားဝတ်နေရေးအတွက် ပန်းရံနေ့စား လိုက်သလို ရတတ်သမျှ အလုပ်ပေါင်းစုံ လုပ်သည်။ သိပ်အရဲမကိုးပါနှင့်ဟု ကျနော်က အတန်တန် သတိပေးရသည်။ မြို့ပေါ်က လူတွေက ပုံမှန် ဘာမှမဖြစ်သလိုပါဘဲလားကွာဟု သူ ငြီးတွားတတ်သည်။ ဒီတခေါက်ပြီးရင်တော့ အမေ့ဆီမှာ သွားနေတော့မယ် အမေ့ကို ပစ်ထားတာကြာပြီ ပြုစုရဦးမယ်ဟု တဖွဖွ ပြောတတ်သည်။
တညတွင် ထွေအုပ်ရုံးသို့ လက်ပစ်ဗုံး သွားပစ်ရာမှ ကင်းလှည့်နှင့်တိုး၍ သေလုမျောပါး ပြေးကြရသည်။ သူ့ဖုန်း ကျကျန်ခဲ့သည်။ သူသည် နေထိုင်ရာနေရာကလေးမှာပင် ဟန်မပျက် ဆက်နေနေခဲ့သည်။ များမကြာမီ ရပ်ကွက်က ဒလန်များ သတင်းပေးမှုကြောင့် စစ်တပ်နှင့်ရဲများက ဝင်စီးနင်းပြီး သူ့ကိုဖမ်းမိသွားသည်။ အမြန်လမ်း တနေရာဝယ် ခေါင်းကို သေနတ်ဖြင့် တေ့ပစ်၍ သူ့ခန္ဓာကိုယ်ကို ပစ်ချထားခဲ့ကြသည်။ ဘယ်ဆွေမျိုးသားချင်းမှ သူ့အလောင်းကို လာမကောက်ခဲ့ပါချေ။ သူ့ကို ဘယ်လိုသင်္ဂြိုလ်လိုက်ကြသလဲ ဆိုတာပင် ယနေ့ထိ ကျနော်မသိပါ။ သူ့မိခင်ပင် သူ့သားကို မြင်ခွင့်မရလိုက်ပေ။
ထိုနေ့က မိုးသည်းထန်စွာ ရွာနေခဲ့သည်။ သူ ကျဆုံးသွားကြောင်း သတင်းသိရချိန်ဝယ် ကျနော် ငိုင်သွားရသည်။ အေးအေးဆေးဆေး နားပေဦးတော့ဗျာဟု ရေရွတ်မိသည်။ သူ့ဝိဉာဉ်သည် သူ့အမေ၏ အိမ်တံခါးဝမှာ ရပ်နေပါလိမ့်မည်လား ဆိုသည်ကို ကျနော်မသိပါ။ ဦးခေါင်းကို သေနတ်နှင့် တေ့ပစ် မခံရခင် သူ ဘာတွေ တွေးနေခဲ့မလဲ၊ ဘယ်လိုဆန္ဒမျိုးတွေ ရှိနေခဲ့လိမ့်မလဲ ကျနော်မသိခဲ့ပါ။ သေချာတာကတော့ စကားပြောဖြစ်ကြတိုင်း သူပြောလေ့ရှိသည့် အမေ့ဆီပြန်မယ်ဆိုသော ဆန္ဒတခု ပြင်းပြခဲ့ပါလိမ့်မည်။
တနေ့နေ့ တချိန်ချိန်တွင် သူ့ ကွမ်းယာလှည်းကလေး ရပ်ထားရာနေရာသို့ ရောက်အောင် ကျနော် သွားရပါလိမ့်ဦးမည်။ သူ့အကြောင်းကို ထိုအနီးအနား ပတ်ဝန်းကျင်ကလူများ နားထောင်လိုလျှင် ပြောပြဖြစ်နေပါလိမ့်ဦးမည်။ သူထိုင်၍ ဂစ်တာတီးနေတတ်သော နေရာကလေးတွင် ကျနော်ထိုင်ကာ အဆိုတော် စိုင်းထီးဆိုင်၏ သီချင်းတပုဒ် ဆိုရန် ဂစ်တာတီးဖြစ်ပါလိမ့်မည်။ ခပ်တိုးတိုး ပျံ့လွင့်လာမည့် သီချင်းသံမှာ