မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံမည့် ပြည်ထောင်စုတည်ဆောက်ရာ၌ လူမျိုးကို အခြေမခံဘဲ ဒေသကိုအခြေခံသည့် စနစ်မျိုးဖြင့် အဓိကဆောင်ရွက်သွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောထားသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည်ဖော်သူ၊ လိုက်နာကျင့်သုံးသူများအားလုံး တတ်သိပညာ၊ ပင်ကိုအရည်အသွေး၊ စဉ်းစားတွေးခေါ်မှုများ ပြည့်စုံရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ အာဏာသိမ်းချိန်မှစပြီး စစ်ခေါင်းဆောင်သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ပေးမည်ဟု ထပ်ကာတလဲလဲ ပြောဆိုနေသော်လည်း မူဝါဒနှင့် လမ်းစဉ်များ မရှိသဖြင့် ပြည်သူများက အယုံအကြည် မရှိကြပေ။
“ဖက်ဒရယ်ဆိုတဲ့စကားလုံးကို စစ်ခေါင်းဆောင်က အမြဲတမ်းပြောသလို တော်လှန်ရေးအင်အားစုတွေ၊ NUG ကလည်း ပြောနေကြတာ။ ဒါပေမယ့် သေချာတဲ့မူ၊ မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့် ဖက်ဒရယ်မူဆိုပြီးတော့ ဘယ်ဖက်ကမှာ ချပြရဲတာမရှိသေး။ ဆိုတော့ ပေါ်ပင်နိုင်ငံရေးဗန်းစကားလို ဖြစ်နေပြီ” ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီကြိုးပမ်းနေသည့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ၎င်းတို့အာဏာတည်မြဲရေး အတွက်သာဖြစ်၍ စစ်ကောင်စီကို ဖြုတ်ချနိုင်မှသာလျှင် စစ်မှန်သည့်ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်မည်ဟု သုံးသပ်နေကြသည်။
နိုင်ငံရေးသမား ဦးဖေသန်းက “ဒီနိုင်ငံမှာ ငါတို့အားလုံး အေးအတူပူအမျှ မျှဝေခံစားခွင့်ရှိတယ် ဆိုတာကို အုပ်ချုပ်သူတွေအဆက်ဆက် နှစ်ပေါင်း ၇၀ ကျော်တဲ့အထိ သက်သေမပြခဲ့ကြဘူး။ တိုင်းရင်းသားတွေ အတွက်ဆိုရင် ဒီနိုင်ငံဟာငါတို့နိုင်ငံ၊ ဒီနိုင်ငံဟာငါတို့ပြည်ထောင်စုလို့ တစ်ခါမှ ခံစားခွင့်မရခဲ့ကြဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက လိုလားသည့် ဒီမိုကရေစီစနစ်နှင့် တော်လှန်ရေးအင်အားစုများ လိုလားသည့် ဖက်ဒရယ်အရေးတို့မှာ ရှုပ်ထွေးနေပြီး သေချာသည့်အခြေအနေ မရှိသည့်အပြင် နိုင်ငံအနှံ့တိုက်ပွဲများမှာလည်း အရှိန်မြင့်တက်နေဆဲ ဖြစ်သည်။
DMG စောင့်ကြည့်ချက်အရ ညီနောင်မဟာမိတ်(၃)ဖွဲ့ ဦးဆောင်သော ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင် စစ်ကိုင်း၊ မကွေးတိုင်းနှင့် ချင်း၊ ရှမ်းပြည်နယ်တို့တွင် မြို့နယ် ၁၆ ခုထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီး နိုင်ငံအနှံ့ရှိ စစ်ကောင်စီ တပ်စခန်း ၄၀၀ ထက်မနည်းကို သိမ်းပိုက်ရရှိထားသည်။