ကျောက်တော်၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် အများအပြားသေဆုံး
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ ကယ်ဆယ်ရေးကမ်းထိုးရေယာဉ် (၃)စင်း
တိုက်ခိုက်ခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်
အများအပြားသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။
ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်းသည် စစ်တွေမြို့မှတစ်ဆင့်
ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ၊ ၎င်းတို့၏
မိသားစုဝင်များ နှင့် နိုင်ငံ့ဝန်ထမ်းများကို
စောင့်ဆိုင်းကယ်ထုတ်နေစဉ်အချိန်တွင် ရခိုင်လက်နက်ကိုင် AA အဖွဲ့၏
ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
“အကြီးက နှစ်စင်း၊ အသေးက တစ်စင်းပေါ့။ အဲဒီမှာ ကျားပိုက်တွေကို
အောက်ခြေတစ်ကြောလုံးမှာ ချထားတာ။ ပြောရရင်တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို
ဆွဲထားတာ။ ဒလက်တွေက အဲဒါတွေနဲ့ အကုန်ငြိကုန်တာ။ ပထမဆုံးက
ကမ်းထိုးရေယာဉ်အကြီးတစ်စင်းနဲ့ ငြိပြီးတော့ သောင်တင်သွားတယ်။ အဲဒါမှာ
အသေးတစ်စင်းနဲ့ အကြီးတစ်စင်းက သွားပြီးဆွဲတာ။ အဲဒီမှာ ဒရော့ဗုံးတွေနဲ့
တိုက်ခိုက်ခံရတာပေါ့။ ပြီးတော့ ကမ်းပေါ်ကို တက်ပြေးတဲ့သူတွေကို ဓါးနဲ့
ဝိုင်းခုတ်တာတွေ ဖြစ်တဲ့အချိန်မှာ တစ်ချို့ရေကူးတတ်တဲ့
(၄)၊(၅)၊(၁၀)ယောက်လောက်က မြစ်ကြောင်းအတိုင်းမျောပြီးတော့
ဆင်းသွားတဲ့အချိန်မှာ ကယ်ဆယ်ရေးရေယာဉ်နဲ့တွေ့ပြီးတော့မှ
အသက်ရှင်သွားတာလည်းရှိတယ်။ ကမ်းပေါ်ကို တက်ပြီးတော့ ပြေးလို့
အသက်ရှင်တာမဟုတ်ဘူး”ဟု ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက NP
News ကို ပြောသည်။
ရခိုင့်လက်နက်ကိုင် AA ပူးပေါင်းအဖွဲ့သည် အထက်ပါကယ်ဆယ်ရေးရေယာဉ်(၃)စင်းကို
ဒရှော့ဗုံးအပါ အဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်
ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ၎င်းဖြစ်စဉ်အတွင်း
လုံခြုံရေးအဖွဲ့ဝင်နှင့်မိသားစုဝင် စုစုပေါင်း (၆၀၀)ထက်မနည်း
သေဆုံးခဲ့ရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“စုစုပေါင်း (၇၀၀)ဝန်းကျင်လောက်ရှိမယ်။ ကြည်းတပ်နဲ့ မိသားစုဝင်အင်အားက
ဘယ်လောက်ရှိလဲ ကျွန်တော်တို့ တိတိကျကျမသိဘူး။ ဒါပေမဲ့ ရေတပ်အင်အားကတော့
သင်္ဘောမောင်းတဲ့သူတွေ၊ ကယ် ဆယ်ရေးလုပ်တဲ့သူတွေလည်း ပါတယ်။
အဲဒီသင်္ဘောပေါ်မှာက တပ်မတော်သားတွေ၊ မိသားစုဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊
ကလေးတွေအများကြီးပါတယ်”ဟု အထက်ပါနိုင်ငံ့ဝန်ထမ်းက ထပ်မံပြောသည်။
အဆိုပါရေယာဉ်(၃)စင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၆ ရက်မှစတင်ကာ
ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင်
အပြီးသတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ၎င်းရေယာဉ်များသည် ရခိုင်ပြည်နယ်၌
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်စဉ် ရန်ကုန်မြို့မှတစ်ဆင့် ဆန်အပါအဝင်
ကယ်ဆယ်ရေးပစ္စည်းများကို တင်ဆောင်ကာ မုန်တိုင်းဒဏ်သင့်ဒေသခံများကို
ကူညီပေးခဲ့သော ကမ်းထိုးရေယာဉ်များ ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။
ကယ်ဆယ်ရေးကမ်းထိုးရေယာဉ်(၃)စင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်အပေါ် NP News
အနေဖြင့် ထပ်မံသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသကဲ့သို့
နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း လက်ရှိအချိန်ထိ
တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။
လက်ရှိတွင် အထက်ပါရေယာဉ်(၃)စင်းကို တိုက်ခိုက်ခဲ့သော
အခြေအနေများနှင့်ပတ်သက်၍လည်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA က
ဓါတ်ပုံများနှင့်တကွ အသိပေးထုတ်ပြန်လာသည်ကို တွေ့ရှိရသည်။
ဖေဖော်ဝါရီလ ၈ ရက်သည် နစက၏ သင်္ဘောများကို အလဲထိုးကာ
အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်သည်ဟုလည်း AA အဖွဲ့က
ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ထို့ပြင် အထက်ပါရေယာဉ်များအပေါ်မှ အသက်မသေဘဲ
ရေကူးလွတ်မြောက်လာသောသူများစွာကို ကယ်တင်ထားနိုင်ခဲ့ကြောင်းလည်း AA အဖွဲ့က
ထပ်မံအသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။