မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ လက်နက်တွေနဲ့အတူ ဝင်ရောက်လာခဲ့ကြောင်း ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေပြော
တိုက်ပွဲများကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) ၁၄ ဦးဟာ
စခန်းတွေကို စွန့်ခွာပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို
ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း ဘင်္ဂလားဒေရှ့်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ့(BGB)ရဲ့ တာဝန်ရှိသူတစ်ဦးက
"မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ အဖွဲ့ဝင် ၁၄ ဦးဟာ သူတို့စခန်းတွေကို
စွန့်ခွာပြီး ဘင်္ဂလားဒေရှ့်ဘက်ခြမ်းကို ဆုတ်ခွာလာခဲ့တယ်။ အဲဒီသူတွေကို
ထိန်း သိမ်းထားတယ်"လို့ ပြောပါတယ်။ အဆိုပါ မြန်မာနယ်
ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့အတူ မြန်မာနိုင်ငံ နဲ့
ဘင်္ဂလားဒေရှ့်နယ်စပ်ဒေသဖြစ်တဲ့ Ghumdhum ဒေသကို
ဖြတ်ကျော်ဝင်ရောက်လာခဲ့တာဖြစ်ကြောင်းသိရပါတယ်။
ဘင်္ဂလားဒေရှ့်နဲ့နယ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ
တိုက်ပွဲတွေဖြစ်ပွားနေရာ ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေကို ဘေးလွတ်ရာကို
ရွှေ့ပြောင်းပေးထားရကြောင်းသိရပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်
ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို
ကျည်ဆံတွေကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပေမဲ့
ထိခိုက်ဒဏ်ရာရတာမျိုးမရှိကြောင်း ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းမှဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်
ဘင်္ဂလားဒေရှ့်ပိုင်နက်အတွင်းကို တရားမဝင် ကျူးကျော်ဝင်ရောက်မှုများ
မရှိစေဖို့ ဘင်္ဂလားဒေရှ့် နဲ့ မြန်မာနယ်စပ်ဒေသတစ်လျှောက်ကို
အနီးကပ်စောင့်ကြည့်နေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး
ဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ
တစ်ဦးဖြစ်သော Seheli Sabrin က "ရခိုင်ပြည် နယ်မှာဖြစ်ပွားနေတဲ့
တိုက်ပွဲတွေဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စသာဖြစ်တယ်။
မြန်မာနိုင်ငံမှာ ဘင်္ဂလားဒေရှ့်သံတမန်ရေးဆိုင်ရာ မစ်ရှင်အဖွဲ့ရုံး
နှစ်ခုရှိနေပါတယ်။ တစ်ခုက စစ်တွေနဲ့ ရန်ကုန်မြို့တို့မှာဖြစ်ပြီး
အဲဒီသံရုံးတွေဟာ မြန်မာအစိုးရနဲ့ ဆက်သွယ်မှုလုပ်ဆောင်နေပြီး
မြန်မာနိုင်ငံရဲ့အခြေအနေတွေကို စောင့်ကြည့်နေပါတယ်"လို့ ပြောပါတယ်။