ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့ကို အလုံးစုံသိမ်းလိုက်ပြီလို့ ကရင်နီအမျိုးသားများတော်လှန်ရေးတပ် (KNDF) က သတင်းထုတ်ပြန်
ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့ကို အလုံးစုံသိမ်းလိုက်ပြီလို့ ကရင်နီအမျိုးသားများတော်လှန်ရေးတပ် (KNDF) က သတင်းထုတ်ပြန်လာပါတယ်။
ရှားတောမြို့က စစ်ကောင်စီ ခြေမြန်တပ်ရင်းအပါအဝင် စခန်းတွေကို ကရင်နီတပ်(KA)၊ KNDF နဲ့ လွိုင်ကော် PDF စတဲ့ ကရင်နီပူးပေါင်းတပ်တွေက တစ်လကျော်ကြာ တိုက်ခိုက်ခဲ့အပြီးမှာ စခန်းတွေကို သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

တစ်လကျော်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူအကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အမြင့်ဆုံး ဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် အယောက် ၁၆၀ ကျော် သေဆုံးတယ်လို့လည်း ကရင်နီ ပူးပေါင်းတပ်တွေက ထုတ်ပြန်ပါတယ်။
ပူးပေါင်းတပ်တွေဘက်ကတော့ KNDF က တပ်ဖွဲ့ဝင် ၄ ဦးနဲ့ နောက်ပူးပေါင်းတပ်တွေဘက်က လည်း အကျအဆုံးရှိတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း ရှားတောက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရတဲ့ ဒေသခံ နှစ်ထောင်နီးပါး အထိ ရှိနေတယ်လို့ ကရင်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။