နတ်ရေကန်ဆိုတာ ဒဏ္႑ာရီပုံပြင်ထဲမှာသာ ရှိတာမဟုတ်။ အဟုတ်တကယ် ရှိတာဗျ။ ကျွန်တော်က ကိုယ်တွေ့မို့ ပြောတာ။ တွေ့တာမှ ဟိုးငယ်ငယ် အသက်ဆယ်နှစ် ဆယ့်တစ်နှစ် မူလတန်းကျောင်းသား ဘဝကတည်းက။ မှတ်မှတ်ရရ လေးတန်းကျောင်းသား၊ လေးတန်းကျောင်းသားရယ်လို့ မှတ်မိနေ တာကလည်း အကြောင်းရှိလို့။
ကျွန်တော့် စာသင်သက် တစ်သက်နဲ့တစ်ကိုယ်မှာ မြန်မာစာ စာစီစာကုံးပြိုင်ပွဲမှာ နှစ်ကြိမ်တိတိ ဆုရဖူးတယ်။ အတန်းထဲမှာ မဟုတ်ဘူး တစ်ကျောင်းလုံးမှာရတာ။ ပထမ တစ်ကြိမ်က လေးတန်းမှာ၊ ဒုတိယအကြိမ်က စက်မှုလက်မှု အထက်တန်းကျောင်း နောက်ဆုံးနှစ်မှာ။ ဒါကြောင့် ပထမ အကြိမ် လေးတန်းကျောင်းသားဘဝမှာ မြန်မာစာ စာစီစာကုံး ဆုရတာကို မှတ်မှတ်ရရ ဖြစ်နေတာပေါ့။ လက်ရှိအချိန်မှာ မြန်မာဝတၳုရေးသူတစ်ယောက် ဖြစ်နေတာမို့လည်း အဲဒီလေး တန်းကျောင်းသားဘဝက မြန်မာစာစီစာကုံး ဆုံရတာကို ပိုပြီး ဂုဏ်ယူမိနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
ဘာပဲဖြစ်ဖြစ် အဲဒီနှစ်မှာ ကျွန်တော် နတ်ရေကန်တကယ် ရှိမှန်း စ,သိရတာပါပဲ။ သိရုံတင် မကပါဘူး။ နတ်ရေကန်ထဲကို တောင် ပြုတ်ကျခဲ့ရတယ် ဆိုပါတော့ဗျာ။
ဒီမတိုင်ခင် ငယ်ငယ်တုန်းကတော့ နတ်ရေကန်ဆိုတာ ကြားဖူးနားဝ ခဏ ခဏ ရှိခဲ့တာပေါ့။ အဖေနဲ့ ကျွန်တော့် ကြီးတော်များ၊ အဘွားများက မကြာမကြာ ရေရွတ်နေတတ်ကြလို့။
သူတို့က ပြောတတ်ကြတယ်။ ကျွန်တော် ငယ်ငယ်က အတော်ဆိုးဆိုပဲ။
ငယ်တုန်းကတော့ သူတို့စကား ဟုတ်များ ဟုတ်သလား လို့ ဝမ်းနည်းခဲ့ရပါရဲ့။ တစ်ခါတလေလည်း ရှက်ဒေါသနဲ့ ပြောလေ တစ်ဇွတ်ထိုးလုပ်လေ လုပ်ခဲ့မိပါရဲ့။
ဒါပေမယ့် ခုအရွယ်ကလေးရလာတော့ အင်းလေ ကိုယ်တိုင်မိဘတစ်ဦးဖြစ်လာတော့ ကလေးတွေမှာ ဆိုးတယ် ကောင်းတယ်၊ မိုက်တယ် လိမ္မာတယ်ဆိုတာ သူ့ပင်ကိုမှာ မရှိဘူးလို့ တွေးမိလာတယ်။ ကလေးတွေဟာ အရောင်မရှိဘူးလို့ ပန်းချီ ဆရာတွေ ဆိုကြတယ်။ ငါဒ-ဝါဒီဆရာတွေကတော့ သုညတ ဝါဒရယ်လို့ သမုတ်ပြန်တယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေဟာ ဖြူစင်တယ်၊ သန့်ရှင်းတယ်၊ ရိုးသားတယ်လို့ လူတိုင်း နားလည်ကြတာပဲ မဟုတ်လား။
စောစောကပြောတဲ့ ဆိုးတယ် ́ကောင်းတယ်ဆိုတာကတော့ ပတ်ဝန်းကျင်၊ အထူးသဖြင့် မိဘအုပ်ထိန်းသူများနဲ့ သဟဇာတဖြစ်တယ်၊ မဖြစ်ဘူးဆိုတာပေါ်မှာ တည်တယ်ထင် တာပဲ။
ဒီနေရာမယ် မွေးသနေ္ဓတို့၊ ဗီဇတို့၊ မျိုးရိုးတို့ဆိုတာတွေကို တချို့က ထည့်ပြောကြတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒါတွေဟာ ရုပ်ဝတၳုကိစ္စမှာသာ ရိုက်ခတ်တာပါ။ စိတ်ပိုင်းဆိုင် ရာမှာတော့ အင်မတန် ဖြစ်ခဲပါတယ်။ ဖြစ်ရင်လည်း သွေးသား ဆက်နွယ်မှုကြောင့် စိတ်မနှံ့တာတို့ စိတ်လှုပ်ရှားလွယ်တာတို့ ဆိုပါစို့၊ အားငယ်တတ်တာတို့သာပါ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ကလေးတစ်ယောက်မှ မဟုတ်ပါဘူး။ လူကြီးသူမ တစ်ယောက်ယောက်လည်း ပတ်ဝန်းကျင် ရဲ့ အလေ့အထနဲ့ ဆန့်ကျင်မှုရှိလာရင်၊ သဟဇာတဖြစ်နေရင် ဆိုးတယ်၊ ကောင်းတယ်ဆိုတာ အသတ်မှတ်ခံရမြဲပဲ မဟုတ်လား။
ထားပါတော့... ကျွန်တော် ငယ်ငယ်က မိဘဆွေ အသိုင်းအဝိုင်းကရော၊ ပတ်ဝန်းကျင်က၊ စာသင်ကျောင်းမှာရော ဆိုးတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ သဟဇာတဖြစ်အောင် မနေတတ်ခဲ့ဘူးဆိုပါတော့ ... ။
ဒီတော့ ဘာဖြစ်သလဲ။ ကျွန်တော့်ကို မြန်မြန် လူကြီး ဖြစ်စေချင်ကြတာပေါ့။ ဟုတ်တယ်လေ။ လူကြီးဆိုးတယ်ဆိုတာက ထိန်းလို့ပြုလို့ ရနိုင်တယ်။ ဆိုပါစို့ ဥပဒေရှိတယ်။ တရား ရုံးတို့၊ ရဲစခန်းတို့ရှိတယ်။ မသကာ ဓားဓားချင်း၊ တုတ်တုတ်ချင်း ရှင်းလို့ရတယ်။ အဆုံးတစ်နေ့ မကျေနပ်ရင် ချောင်းရိုက်၊ သဘောပြောတာပါ။
နောက်ပြီး အရေးယူလို့ မရတဲ့နည်းနဲ့ ဆိုးပေနေရင် လည်း သူ့ကို ပေယျာလကန် ထားလိုက်ရုံသာ။
အဲ... ကလေးတွေကျတော့ ဒီလိုလုပ်မရ။ ဆိုးသည်ဖြစ် စေ၊ ကောင်းသည်ဖြစ်စေ မျက်လုံးထောက်ခံပြီး ကြည့်နေနိုင် မှ၊ ထိန်းကွပ်နိုင်မှ။
စောစောကပြောသလို အရောင်မရှိတဲ့ မှန်ကလေးတစ် ချပ်လို၊ အညစ်အကြေးမရှိတဲ့ ရေကြည်ကလေးတစ်ပေါက်လို၊ အပေါင်းအနုတ် အမြှောက်အစား မရှိတဲ့ သုညလေးလို သန့် ရှင်းတဲ့ဘဝမျိုး မဟုတ်လား။
နည်းနည်းစွန်းထင်းတာနဲ့ ပြင်ရပြုရ အတော်ခက်သွား တတ်တာကလား။
ဒါကြောင့်မို့လည်း ကျွန်တော်တို့ ငယ်ငယ်က လူကြီး သူမတွေ ကျွန်တော်တို့ကို မြန်မြန် လူကြီးဖြစ်စေချင်တာကိုး။ ဒီနေရာမယ် သားသမီးတွေ လူလားမြောက်ပြီး မြေးတွေ မြစ်
တွေရတဲ့အထိ ကိုယ့်သားသမီးကိုယ် ပိစိညှောက်တောက် လူ မမည်လေးလို့ပဲ ထင်နေတတ်တဲ့ မိဘမေတ္တာကို သီးခြားပြောရ မှာပါ။ ချစ်တာက တခြားပဲ။ ကလေးတွေရဲ့ ဗာဟီရ၊ ဝိစိကိစ္စတွေနဲ့ မိမိရဲ့ လုပ်ငန်းကိုင်ငန်း၊ စီးပွားရေး၊ သာရေးနာရေး စတဲ့ ကိစ္စတွေ ရောပြီး မနိုင်မနင်း ဖြစ်လာတဲ့အခါမှာမျိုးမှာ
ပြောပါတယ်။ “အင်း... ကလေးတွေ မြန်မြန် လူလားမြောက်ပါမှပဲ” ဆိုတာမျိုးပေါ့။
ကိုင်း... ဒီမှာတင် “နတ်ရေကန်” အကြောင်း ပြန်ဆက် ပါ့မယ်။
စောစောက ပြောသလို “နတ်ရေကန်” ဆိုတာကို ကျွန်တော်လေးတန်းကျောင်းသား မဖြစ်ခင် လူကြီးစကား နားလည် တတ်စက စပြီး ကြားခဲ့ရပါတယ်။ အဲသည်တုန်းကတော့ ဘာ မှန်းမသိဘူး။ နတ်ကိုသိတယ်။ ရေကန်ကိုသိတယ်။ နတ်ရေ ကန်ဆိုတာကိုတော့ မသိဘူး။ ကြားဖူးနားဝ ရှိခဲ့ရတာကလည်း အမေနဲ့ကြီးတော်တွေ၊ အဘွားတွေ ပြောပြောနေကြလို့ ဘာ တဲ့... ။
“အင်း... ဒင်းတို့ကို နတ်ရေကန်ထဲ ပစ်ချချင်တယ်”
တဲ့။
စကားတတ်တဲ့၊ စပ်စုတတ်တဲ့ ကျွန်တော်က
“နတ်ရေကန်ထဲ ဘာလို့ပစ်ချချင်တာလဲ” လို့မေးတော့ ... အမေက
“ဪ... နတ်ရေကန်ထဲ ပစ်ချလိုက်ရင် သားတို့ချက် ချင်းလူကြီး ဖြစ်လာတာပေါ့” တဲ့။ ကျွန်တော့်စိတ်ထဲ တကယ် ပဲ ထင်မိပါသေးရဲ့။
အဲ... နောက်တော့ ကျွန်တော်တန်းကျောင်း လေးတန်း နှစ်။ စောစောက ပြောသလို စာစီစာကုံး ဆုရတဲ့အချိန်မှာတော့ နတ်ရေကန်ကို တကယ်ပဲ တွေ့ရပါတော့တယ်။ တကယ်ပဲလည်း ပစ်ချခံခဲ့ရပါတော့တယ်။
ပစ်ချတဲ့လူက အမေတော့ မဟုတ်ဘူး၊ နတ်ရေကန်ဆို တဲ့ စကားတစ်ခါမှ မပြောဖူးတဲ့ အဖေပါပဲ။
ကျွန်တော်ဟာ ငယ်ငယ်က စာတော်ခဲ့ပါတယ်။ အားကစားလည်း အထိုက်အလျောက် ထူးချွန်ခဲ့ပါတယ်။ ပြောရဦး မယ်။ ကျွန်တော် အားကစားဆုတွေလည်း ရဖူးတယ်။ အဲဒီ တုန်းက စနစ်တစ်ခု ဖြစ်တဲ့ ရှစ်တန်းနဲ့ ဆယ်တန်း တစ်ပြိုင် နက် ဖြေခွင့်လည်း ရဖူးတယ်။ လူရည်ချွန်လည်း ပထမက နောက်ဆုံးအဆင့်ထိ ရွေးချယ်ခံခဲ့ရဖူးဘယ်။ မှတ်မှတ်ရရ အဖေတစ်ခါမှ ဟက်ဟက်ပက်ပက် မချီးကျူးဖူးဘူး။
အဲ... လေးတန်းနှစ် စာစီစာကုံး ဆုရတုန်းကတော့ ”အဖေ့သားကွ” လို့ ချီးကျူးပြီး အဖေက သပ်သပ် အပိုဆု ချီးမြှင့်ခဲ့တယ်။
ဟုတ်တယ်လေ...၊ အဖေက စာရေးဆရာမဟုတ်လား။ ဒီတော့ သူ့သား မြန်မာစာစီစာကုံးရာမှာ ထက်မြက်တာ သူ ဝမ်းသာပေမှာပေါ့။
အဲဒီတုန်းက သူ စာပေဗိမာန်ဝတၳုရှည်ဆု ရခဲ့လို့ ဆုငွေ နဲ့အတူ အမှတ်တရ ရခဲ့တဲ့ ပတ်ကား(၆၁) ဖောင်တိန်ကို အဖေက ကျွန်တော့်ဆီတစ်ဆင့် လက်ဆောင်ပြန်ပေးခဲ့တယ်။ ဒါပေမယ့် ဒါဟာ ဆုပေးရုံပါပဲ။ နတ်ရေကန်ထဲ ပစ်ချတာ မဟုတ်ပါဘူး။
နတ်ရေကန်ထဲ ပစ်ချတာကတော့ အဲဒီနှစ် ကျောင်းပိတ် ရက်တွေမှာပါပဲ။ ဘာလဲဆိုတော့
“အညို ဒီကောင်ဗလကြီး စာရေးဆရာဖြစ်မှာကွ။ ဒီတော့ ခုကတည်းက သူ့ကို စာရေး ကျင့်၊ ဇာတ်လမ်းဇာတ်ကွက်အကြောင်း လေ့လာခွင့်ရအောင် ကိုယ် ရုပ်ရှင်ရိုက်ရင် ဇာတ်လမ်းမှတ်တမ်းတင် လုပ်ခိုင်းမယ်ကွာ”
“အို ကိုဖေသန်းရယ်၊ ကလေးငယ်ပါသေးတယ်”
“မဟုတ်ဘူးကွ၊ အလကားဂျင်ပေါက်၊ ဂေါ်လီရိုက် လျှောက်ဆော့နေမယ့်အစား သူ ဝါသနာပါတဲ့ စာရေးဆရာ အလုပ်ကိုပဲ ကစားတဲ့ ဆော့တဲ့ သဘောလုပ်ရင်း နောက်တော့ အလေ့အကျင့် ရသွားမှာပေါ့...”
“ကလေးဦးနှောက်ကလေးက နုပါသေးတယ်ရှင်”
“ဟ ကိုယ် အဲဒီအရွယ်က ပညာသင်ဖို့ ကိုယ်ဘာသာ ကိုယ် လမ်းဘေးဈေးလျှောက် ရောင်းခဲ့ရတာ”
“အို.. အခုဟာက...”
“ဟုတ်ပါပြီ ကိုယ်က တတ်နိုင်လို့ဆိုပြီး ကလေးတွေ ကို အလုပ်လုပ်တဲ့ အကျင့်ကောင်း မကျင့်ပေးရတော့ဘူးလား”
အဲသလိုပဲ အဖေနဲ့ အမေ စကားတွေ အချီအချ ပြော ခဲ့ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲသည်ကတည်းက ရုပ်ရှင်ရိုက်ကွင်းမှာ . ဇာတ်လမ်းမှတ်တမ်းတင် အလုပ်ရဲ့ နံပါတ်တစ် လေ့ကျင့်ခန်း ဖြစ်တဲ့ ကလက်ရိုက်(ဂျပ်ရိုက်)တဲ့ အလုပ်ကို ကျောင်းအားရက်တိုင်း လုပ်ရပါတော့တယ်ဗျာ။
ကိုင်း... ကျွန်တော် လေးတန်းကျောင်းသား ဘဝမှာ နတ်ရေကန်ထဲ ပစ်ချခံရတယ်ဆိုတာ ယုံပြီမဟုတ်လား။ ဒါပေါ့။ အမေက ပြောဖူးတာကိုး။ နတ်ရေကန်ထဲ ပစ်ချလိုက်ရင် ချက်ချင်းလူကြီးဖြစ်လာတယ်လို့။
ဪ... ဒါလား။ မဟုတ်ဘူးလေ။ ကျွန်တော် အခု ပြန်ပြောနေတဲ့အချိန်က စာရေးဆရာတစ်ယောက် ဖြစ်နေတဲ့ အချိန်မဟုတ်လား။ ဆိုလိုတာက စာရေးဆရာ တစ်ယောက်လို စကားအလင်္ကာနဲ့ ပြောနေတာ။ တကယ်တော့ နတ်ရေကန်ဆိုတာ ဘယ်မှာ ရှိမှာတုံး။ အရှေ့တိုင်းသားတွေရဲ့ ယဉ်ကျေးမှု ရိုးရာတစ်ခုဖြစ်တဲ့ နိမိတ်ပုံကို သုံးလိုက်ရတာပါ။ ရှင်းလား။
ကောင်းပါပြီ။ ဒီနေရာမယ် ကျွန်တော် ဆက်ပြီးပြော ချင်တာက ကလေးတွေကို မြန်မြန်လူကြီး ဖြစ်စေချင်တဲ့
ဆန္ဒနဲ့ လူကြီးဖြစ်အောင် လမ်းညွှန်ပေးတတ်တဲ့ မိဘတွေရဲ့ သဘာဝအကြောင်းပါပဲ။
ခုဆို ကျွန်တော်ကိုယ်တိုင်မှာလည်း သားသမီး လေးယောက် ရှိနေပါပြီ။ သမီးနှစ်ယောက် သားနှစ်ယောက်။ တော်ပြီလေ၊ ဒါတောင် များသွားသလားလို့ ကျွန်တော့် အမေ က ပြောသေးတယ်။ အဖေတို့ အမေတို့လက်ထက်ကတော့ ခြောက်ယောက်၊ ခုနစ်ယောက်ထိ ယူကြပေမယ့် သူတို့ အခြေ အနေ သူတို့ခေတ်ဦးရေနဲ့ အတော်ပဲတဲ့။
သားသမီးဆိုတာ ရတနာပဲ ဆိုပေမယ့် ခုအချိန်မှာက အဲဒီရတနာတွေ သိမ်းဆည်းထိန်းသိမ်းဖို့က နည်းတဲ့ တာဝန်မှ မဟုတ်ဘဲ။ သိတယ်မဟုတ်လား။
သူတို့ကလေးတွေ လူ့လောကထဲ လွတ်လပ်စွာ လာရောက်ခွင့်ရှိပေမယ့် ရောက်မလာခင် ထိန်းထိန်းသိမ်းသိမ်း နေနိုင်တာ အပြစ်မရှိပါဘူး။ ရောက်လာပြီးမှ ပြန်သွားခိုင်းတာ ကတော့ လူသတ်မှုပဲပေါ့။ မတရားဘူးပေါ့။
ဒီတော့ကာ ကျွန်တော့်အနေနဲ့လည်း လက်ရှိတတ်နိုင် တဲ့ အင်အားနဲ့ လေးယောက်တော့ လာခွင့်ပြုနိုင်ပါတယ်။
အဲ... ခုဆို၊ သမီးကြီး “စိုးအိမ်သူ” က ငါးတန်း၊ သားလတ် ”ဖိုးသောကြာ” က နှစ်တန်း၊ နို့ညှာကောင် ”ထိန်ထိန်သာ” က မူကြို၊ အငယ်ဆုံးက “ထိပ်ထား” ကလည်း မူကြိုစ တက်နေပြီ။ ဒါကို ပြောပြရတာက ကျွန်တော်ငယ်စဉ် လေးတန်းကျောင်းသားဘဝ။ စောစောက ပြောသလို နတ်ရေကန်ထဲ ကျခဲ့ရတာနဲ့ နှိုင်းယှဉ်ပြချင်လို့ပါ။
အကြီးမကို ကျွန်တော် ခိုင်းပါတယ်။ မနက်တိုင်း ကိုယ့် အိပ်ရာကိုယ်သိမ်း၊ ကိုယ့်ထမင်းဟင်းပန်းကန်ကိုယ်ဆေး၊ ဖအေ မအေရဲ့ အိပ်ရာတွေသိမ်း၊ အိမ်သာထဲက အင်တုံရေဖြည့်၊ တံ မြက်စည်းလှည်း၊ ကိုယ့်ကျောင်းစိမ်းထဘီ ကိုယ်လျှော်။
သားလတ်ဖိုးသောကြာ အိပ်ရာသိမ်း၊ ပန်းကန်ဆေး၊ သောက်ရေဖြည့်၊ အဖေ့ကွမ်းတံတွေး ထွေးခံမှန်မှန်ဆေး။
အငယ်နှစ်ကောင်ကတော့ သိပ်ငယ်သေးလို့ ... “ဟေ့ ဖေဖေ့ မီးခြစ်ယူပေးစမ်း၊ ဖောင်တိန်ယူပေးစမ်း၊ သတင်းစာ လာနေပြီ” ဒီလောက်ပါပဲ။
ဒီနေရာမယ် ကျွန်တော် ငယ်ငယ်က ကျွန်တော့်အဖေ ကျွန်တော့်ကို အလုပ်ကြီး အကိုင်ကြီး ခိုင်းတယ်။ ခု ကျွန်တော်က ကျွန်တော့် သားသမီးတွေကိုလည်း ကလေးနဲ့ တန်သလောက် ခိုင်းတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီ ငယ်ငယ်အရွယ်က
အဖေဟာ တော်တော်ချမ်းသာတဲ့ လူတစ်ယောက်လို့ ပြောလို့ တယ်။ ရုပ်ရှင်လုပ်ငန်း အောင်မြင်နေတဲ့အချိန်။ ဒါပေမယ့် သားတွေ အလုပ်တန်ဖိုး သိအောင်ခိုင်းခဲ့တယ်။ အဲ... တစ်ခုရှိတာက ဖေဖေဟာ သူ ငယ်ငယ်က အလွန်ဆင်းရဲခဲ့တယ်။ ထမင်းတစ်နေ့ တစ်နပ်ပဲ စားရတယ်။ ကျန်တစ်နပ်ကို ဆန်ပြုတ် တစ်ပြားဖိုးနဲ့ ကျေနပ်ရတယ်တဲ့။ ကျောင်းတက်ဖို့ စရိတ်ကို တိုလီမုတ်စုလေးတွေလည်း ရောင်းပြီး ရှာရတယ်တဲ့။ သင်ခန်းစာဟာ နည်းနည်းတော့ ပြင်းထန်တာပေါ့လေ။ သူ့ဘဝနဲ့ သူ နှိုင်းပြီးပေးတာကိုး။
ခု ကျွန်တော့် အလှည့်ရောက်တော့...
ကျွန်တော်လည်း သားသမီးတွေကို ကျွန်တော် ငယ်ငယ် က အလုပ်တန်ဖိုးကို နားလည် လည်ခဲ့ရသလို နားလည်စေချင် ပါတယ်။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်က နားလည်ခဲ့ရတဲ့ ပုံစံကိုက တမင်ဖန်တီးယူရတဲ့ ပုံစံ၊ ဖေဖေ့လို တကယ်ဘဝ နာခဲ့ရတဲ့ ပုံစံမဟုတ်ဘူး မဟုတ်လား။ ဒီတော့ ကျွန်တော့် သားသမီးတွေကို ကျွန်တော် ပညာပေးရာမှာ နည်းနည်းသက်ညှာချင်တဲ့သဘော ပါလာတော့တာပါ။
ဘာပဲဖြစ်ဖြစ် လူတိုင်းမှာ တာဝန်ကိုယ်စီရှိရမယ်ဆိုတဲ့ သဘောလောက် နားလည်ကြရင်လည်း မနည်းဆိုပြီး ကျွန်တော့် သားသမီးတွေကို တတ်အားသရွေ့ လူကြီးစိတ်သွင်းခဲ့ပါတယ်။
ဒါကြောင့်လည်း ခု ဒီစာကို ရေးနေမိတာပါပဲ။
ခု ဒီစာရေးနေတဲ့က ၁၉၉၀ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့ စနေနေ့။ ဘာကြောင့် နေ့စွဲကို ဖော်ပြရတယ်ဆိုတာ ကတော့ ဆက်ဖတ်ရင် သိကြမှာပါ။
ထုံးစံအတိုင်း တနင်္ဂနွေ တစ်ပတ်လုံးမှာ ကျွန်တော်ဟာ အလုပ်ချိန်ရယ်၊ အားလပ်ချိန်ရယ်လို့ ခွဲခြားရှိတဲ့ကောင် မဟုတ်ဘူး။ ကျွန်တော့်ဇနီးနဲ့ သားသမီးတွေကသာ အလုပ်ချိန်၊ ကျောင်းချိန်၊ အိမ်မှာနေတဲ့ အချိန်ရယ်လို့ ပုံမှန်ရှိကြတာ။ ဆိုပါစို့။ ဇနီးသည်က ကျောင်းဆရာမဆိုတော့ စနေ၊ တနင်္ဂနွေ (သို့) ဥပုသ်၊ တနင်္ဂနွေပဲ အိမ်မှာရှိတယ်။ ကျန်ရက်တွေမှာ မနက်မိုး လင်းက ညနေစောင်းထိ ကျောင်းစာပြသွားရတယ်။ သားသမီး လေးယောက်စလုံးကလည်း ကျောင်းသူကျောင်းသားတွေဆိုတော့ သူ့အမေအတိုင်းပဲ။ တစ်ခါတလေ ကျွန်တော်က စနေ၊ တနင်္ဂနွေ လို ရက်တွေမှာ ရုပ်ရှင်ရိုက်၊ အသံသွင်းစသည်ရှိနေရင် ပြီးရော။ မိသားစုဆုံစည်းရေး လက်လွတ်ရတော့တာပဲ။ အိမ် မှာက အိမ်ဖော်မရှိဘူး။ ကိုယ့်တာဝန်ကိုယ်ယူကြရတာ။ မနက် စောစောနဲ့ ညနေပိုင်းတွေမှာလည်း ကျွန်တော်က စာရေး၊ သူတို့ အမေက အိမ်မှုကိစ္စ ဗာဟီရ၊ ကလေးတွေက စာကျက်ကြ..။
ပြောရဦးမယ်။ ဒါက ရှက်စရာလည်း မဟုတ်ပါဘူး။ ရယ်စရာသဘော ပြောတာပါ။ တနင်္ဂနွေ တစ်ပတ်မှာ ငါးရက် ခြောက်ရက်လောက်ဟာ ကျွန်တော်မို့ ညပိုင်း စာရေး၊ ဒါမှမဟုတ် တီဗွီကြည့်ပြီးလို့ အိပ်ရာဝင်ပြီဆိုရင် (ဆယ်နာရီလောက်ပေါ့) ကလေးတွေနဲ့ သူတို့အမေဟာ ကျွန်တော့် အရင် မောမောနဲ့ အိပ် ပျော်နေကြတာ။
အင်း... တောထွက်ချင်စိတ် ပေါက်ပါရဲ့။
ဒါနဲ့ စောစောက ကိစ္စပြန်ဆက်ကြဦးစို့။ ဒီစာရေးနေတဲ့ ရက်စွဲဖော်ပြရတဲ့ ကိစ္စ။
ဒီနေ့ စနေနေ့ဆိုတော့ ဝါကလည်း မဝင်သေးဘူးဆိုတော့ ကလေးတွေရော သူတို့အမေပါ ကျောင်းပိတ်ရက်။ ကျွန်တော် လည်း ဘာအလုပ်မှ မရှိတဲ့ နေ့ထူးနေ့မြတ်။
ဒါပေမယ့် ဇနီးသည်က လဆန်းရက်မို့ ဈေးသွားချင် သတဲ့။
အိမ်မှာ နေ့တိုင်း ဈေးမသွားနိုင်ဘူး။ ဒီတော့ ခုလို လဆန်းရက်မှာ တစ်လစာ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ပဲ၊ ငါးခြောက်ခြမ်း၊ ငံပြာရည်၊ ငါးပိစတဲ့ အပိုဟင်းရံကိစ္စတွေကို ဝယ်ဝယ်သွားရတယ်။
ဒါနဲ့ ကျွန်တော့်ဇနီးရယ်၊ သမီးကြီးရယ်၊ သားလတ်ရယ် ဈေးသွားကြရတယ်။ သမီးငယ်ကလည်း မအေကို မတရားကပ်
နေလို့ ခေါ်သွားရတယ်။ သားငယ်နို့ညှာ “ထိန်ထိန်သာ” တစ်ကောင်တည်း ဖအေကပ်သူမို့ ကျွန်တော်နဲ့ ကျန်ရစ်တယ်။
ဒီကောင်က အားလုံးထဲမှာ လူကြီးလေးနဲ့ အတူဆုံးပဲ။ တစ်ယောက်တည်းနေတတ်တယ်။ စကားလည်းနည်းတယ်။ တီဗွီကြည့်ဟယ် ဂေါ်လီရိုက်ဟယ် စသဖြင့် မလုပ်တတ်ဘဲ သစ်ပင်ချုံပုတ်တွေကြားမှာ ထိုင်ပြီး မြက်နှုတ်တမ်းကစားချင် ကစားနေတတ်တာ။ “ဖေဖေသစ်ပင်တွေဟာ လေတိုက်ရင် လှုပ်တယ်နော်” ဆိုတဲ့ စကားမျိုးတွေနဲ့ ကျွန်တော့်ကို ဒုက္ခပေး တယ်တယ်။
ကြည့်စမ်း.. ဒီကောင် ကျွန်တော် ငယ်ငယ်တုန်းက၊ မတူဘူးလား။ အင်း ဒီကောင်တော့ဖြင့် စာရေးဆရာဖြစ်လာ ကောင်းရဲ့ လို့ ထင်မိတယ်။
ဒီလိုနဲ့ ကျွန်တော်က ဒီစာရေးတုန်း သားက ကျွန်တော် ဘေးမှာ ကြမ်းပြင်ထဲက သဲတွေ ကော်ထုတ်ပြီး ဘာလုပ်နေမှ မသိ
လုပ်နေတုန်း...
“ဖွတ်စနီးလာ... လာ” လို့ ခေါ်သံကြားရတယ်။ ကျွန်တော့်အဖေအတွက် လက်တိုလက်တောင်းအဖြစ် ခေါ်ထားတဲ့ ကုလားမကြီး အသံပဲ။ သူက မြန်မာစကားမပီဘူး။ ဖွတ်စနီး ဆိုတာ သားထိန်ထိန်သာကို ခေါ်တာ။ ဒီလိုပါ။
အလတ်ကောင် က ဖိုးသောကြာဆိုတော့ ထိန်ထိန်သာကိုကျတော့ အားလုံးက ဖိုးစနေလို့ ခေါ်ကြတာ။ ဒါကို သူက မပီကလာ ခေါ်တော့ ဖွတ်စနီး ဖြစ်သွားရောပေါ့။ အဲဒါပါ။
ကုလားမကြီး လှမ်းခေါ်တယ်ဆိုရင်ပဲ သားငယ်ဟာ ကစားလက်စ တောက်တိုမယ်ရတွေ ပစ်ချပြီး ကုလားမကြီးဆီ ပြေးတော့တာပဲ။
ကျွန်တော်က “ဟဲ့သား ဘယ်တုန်းကွ” လို့မေးတော့ “ကျန်ထွားတုတ်မို့” လို့ ပြောပါတယ်။ ခက်တာက ကုလားမ ကြီးကလည်းမပီ၊ သားကလည်း ခုထိ စကားက မပီသေးတော့ ဘာပြောမှန်း ရုတ်တရက် နားမလည်ဘူး။ နောက်မှ ကုလားမ ကြီးကို သေသေချာချာမေးတော့ ဆန်သွားထုတ်မလို့ ဆိုတာ သိရတော့တယ်။ ကျွန်တော် ဘယ်လိုမှ စဉ်းစားမရတဲ့ ကိစ္စပဲ။ သေသေချာချာ မေးကြည့်တော့ ဒီလိုဆိုပဲ။ ကျွန်တော်တို့ရပ်ကွက် မှာ သမဆိုင်က ဆန်မှန်မှန် ထုတ်ပေးတယ်။ ဇနီးသည်က ဝန်ထမ်းမို့ ဆန်မရဘူး။ ကျွန်တော်နဲ့ ကလေးလေးယောက်က ဆန်ရတယ်။ အဲဒါ ဆန်ထုတ်တဲ့နေ့ကျရင် မိသားစုစာရင်းဝင် တစ်ယောက်ယောက် သွားထုတ်ရသတဲ့။ မိသားစု စာရင်းဝင် မဟုတ်ရင် ဆန်ထုတ်မပေးဘူးတဲ့။ အပြင်ပြန်ရောင်းစားမှာစိုး လို့တဲ့။
ထားပါတော့...
ကျွန်တော် စဉ်းစားမရတာက ကောင်းပြီ၊ ကျွန်တော် အိမ်မှာ မရှိတဲ့ရက်၊ ဘယ်နှယ့်လုပ်ကြသလဲ။ ရှိပါပြီကောတဲ့။ သမဆိုင်မှာ ကျွန်တော့်မျက်နှာကြီးနဲ့ ဘယ့်နှယ်လုပ် ဆန်သွား
တန်းစီမလဲ။ (ကြီးကျယ်တာ မဟုတ်ဘူးဗျ။ အခြေအနေကို . ပြောတာ။)
“ဒီလိုပဲ... ဖွတ်စနီးနဲ့ သွားသွားထုတ်တယ်” လို့ ကုလားမကြီးက ပြောတယ်။
ကျွန်တော် အိမ်ထောင်စုကတ်ပြား၊ အမျိုးသား မှတ်ပုံတင်၊ နိုင်ငံသားမှတ်ပုံတင် ပြရင်ကော ဆိုတော့လည်း မရဘူးတဲ့။ တခြား ရပ်ကွက်တွေမှာလည်း ဒီစနစ်မျိုး မကြားဖူးပါဘူး။ ဘယ့်နှယ့် ဟာလဲ။
“အမြဲတမ်း.. သားကို ခေါ်ခေါ်သွားရသလား”
“မဟုတ်ဘူး၊ တစ်ခါတလေ သားနဲ့သမီး၊ တစ်ခါတလေ အငယ်ဆုံးကောင်မလေး”
“ဟင်း..”
ကျွန်တော်မှာ ငိုအားထက် ရယ်အားသာမက အဘိဓမ္မာတစ်ရပ်ပင် ရလောက်ပါကလား။
ကျွန်တော် ဘာဆက်ပြောရမှန်း မသိဘဲ ကြောင်နေ တုန်းမှာပဲ ကုလားမကြီးဟာ ဆန်ထည့်တဲ့ ပလတ်စတစ်ဂုန်နီ အိတ်တစ်ဖက်၊ သားထိန်ထိန်သာကိုတစ်ဖက်၊ ထီးတစ်လက် ချိုင်းကြားညှပ်ပြီး လှုပ်တုတ်လှုပ်တုတ်နဲ့ လမ်းလျှောက်ထွက် သွားလေရဲ့။
ကြည့်စမ်း သားသမီးတွေကို လူကြီးဖြစ်စေချင်တဲ့ မိဘတွေရဲ့ ဆန္ဒနဲ့ လမ်းညွှန်မှုတွေ အကြောင်းကို ရှေးရှုရေးမယ် စိတ်ကူးထားတဲ့ ခု ဒီစာကို ကျွန်တော် ဆက်ရေးစရာ လိုပါ သေးရဲ့လား။ မူကြိုကျောင်းသား “သား” က ဆန်သွားထုတ်သတဲ့။
သူ့အမေ ပြန်လာမှ ပြောရဦးမယ်။ “ငါ့သား နတ်ရေကန်ထဲ ကျသွားပြီ”... လို့။
(ကလျာ၊စက်တင်ဘာ၊ ၁၉၉၀)