မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၆၃ ဦးသည် ဖေဖော်ဝါရီ ၇ ရက်နေ့ နေ့လယ်တွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထပ်မံဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာ Dhaka Tribune က ဖော်ပြသည်။
ဘင်္ဂလားဒေ့ရှ်ဘက်သို့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဝင်ရောက်လာသည်မှာ ၃ ရက်အတွင်း စစ်သား၊ ရဲ၊ လဝကဝန်ထမ်း စုစုပေါင်း ၃၂၇ ဦး ရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ပြောခွင့်ရအရာရှိထံမှ သိရသည်ဟု Dhaka Tribune က ဖော်ပြသည်။
၎င်းတို့ သယ်ဆောင်လာသည့် လက်နက်များကို ဖြုတ်ယူ သိမ်းဆည်းလိုက်ပြီးနောက် ထိုသူများကို လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။
ယင်းနေ့တွင်ပင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးချုပ်က ကော့ဘဇားခရိုင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်သို့ လာရောက်ကြည့်ရှုပြီး နယ်စပ်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ၎င်း၏ တပ်ဖွဲ့ဝင်များကို အမြင့်ဆုံးတပ်လှန့်ထားရန် ညွှန်ကြားသည်ဟု Dhaka Tribune က ဖော်ပြသည်။
မြန်မာဘက်က ပစ်ခတ်လိုက်သော မော်တာကျည်ဆန်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်နိမိတ်အတွင်း ကျရောက်မှု၊ သေဆုံးထိခိုက်ဒဏ်ရာရရှိမှု၊ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ဝင်ရောက်မှု စသည့် လတ်တလောဖြစ်ရပ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ဘန်ဒါဘန်ခရိုင်၊ နိုင်ခုန်ချရီ ခရိုင်ယူနစ်အတွင်းရှိ အစိုးရမူလတန်းကျောင်းငါးကျောင်းကိုလည်း ယာယီပိတ်ထားရသည်ဟု Dhaka Tribune က ဆိုသည်။
အထက်ပါ ဖြစ်ရပ်များနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီ၏ သံအမတ် ဦးအောင်ကျော်မိုးကို ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ဒါကာမြို့ အစိုးရဧည့်ရိပ်သာသို့ ဆင့်ခေါ်၍ သတိပေးကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြသည်။