ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ပေါ်တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီ ဘက်က မြို့ပေါ်နေအိမ်တွေကိုဝင်ရောက်မီးရှို့တာကြောင့် အမှတ် ၄ ရပ်ကွက်က နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဒီကနေ့ မနက်အစောပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
၁၀၂၇ စစ်ဆင်ရေး၊ ရက် ၁၀၀ ပြည့်တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ တိုက်ပွဲဖြစ်စဉ်တွေ အကြောင်းသတင်းထုတ်ပြန်လာတာဖြစ်ပြီး မနေ့ ညနေ ၅ နာရီခွဲခန့်အချိန်မှာ ရမ်းဗြဲမြို့၊ သိမ်တောင်ဘုရားကုန်းပေါ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်ရပ်ကွက်တွေကို အခုလိုဝင်ရောက်မီးရှို့ခဲ့တာလို့ ဖော်ပြပါတယ်။
လက်ရှိ ရမ်းဗြဲမြို့ပေါ်က ဒေသခံအများစုထွက်ပြေးတိမ်းရှောင်နေကြရပြီး မီးလောင်ပျက်စီးတဲ့အခြေအနေအသေးစိတ်ကိုမသိရှိနိုင်ဘူးလို့ ဘီဘီစီမေးမြန်းကြည့်ခဲ့တဲ့ ဒေသခံအချို့ကပြောပါတယ်။
‘’ကျွန်တော်တို့ဆို နှစ်လနီးပါးရှိပြီ စစ်ရှောင်လာကြတာ၊ မြို့ပေါ်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲ။ ကျွန်တော်တို့လည်း သွားကြည့်လို့မရတော့ ကျွန်တော့်အိမ်လည်းပါသွားသလား ဘာမှမသိနိုင်ဘူ’’ လို့ ရမ်းဗြဲဒေသခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကလည်း ရမ်းဗြဲမြို့နဲ့အနီးနေရာတွေကို စစ်ကောင်စီကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့နဲ့ အဆောက်အအုံတွေ မီးလောင်ခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထည့်သွင်းပြောထားပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ တိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်၊ မနက် ၁၀ နာရီဝန်းကျင်အထိ တစုံတရာသတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။