ဖိလစ်ပိုင်နိုင်ငံက ခွဲထွက်မယ့်လှုပ်ရှားမှုတိုင်းကို အင်အားသုံးမယ်လို့ ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီအကြံပေး သတိပေး
ဖိလစ်ပိုင်အစိုးရအနေနဲ့ နိုင်ငံခွဲထွက်ဖို့ ကြိုးပမ်းမှုများကို
ဖြိုခွင်းနိုင်အောင် လုပ်ပိုင်ခွင့်အာဏာသုံးမှာဖြစ်သလို
အင်အားသုံးသွားမှာဖြစ်ကြောင်း
ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက မင်ဒါနာအို ပြည်နယ်ကို
ဖိလစ်ပိုင်နိုင်ငံပိုင်နက်အတွင်းက ခွဲထွက်သွားမယ်လို့
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပြီးနောက်
အငြင်းပွားမှုတွေမြင့်တက်လာခဲ့ကြောင်းသိရပါတယ်။
ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီအကြံပေးဖြစ်သူ အီဒေါအို အေနိုက
"နိုင်ငံကို အပိုင်းပိုင်းဖြစ်အောင် ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့
အင်အားသုံးဖြေရှင်းတာတွေ၊ လုပ်ပိုင်ခွင့်တွေအတိုင်း လုပ်ဆောင်တာတွေကို
တွန့်ဆုတ်နေမှာမဟုတ်ဘူး" လို့ ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ပြောင်းလဲမယ့်အစီစဉ်အောင်မြင်ခဲ့မယ်ဆိုရင် မင်ဒါနာအို ပြည်နယ်ဟာ
လွတ်လပ်တဲ့နိုင်ငံဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း
သတိပေးခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့လက်ရှိ သမ္မတ ဖာဒီနန်မာကိုစ့်
ဂျူနီယာက နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့
စီးပွားရေးနဲ့သက်ဆိုင်တဲ့အပိုဒ်ကို စိုးရိမ်မိကြောင်း၊
နိုင်ငံရေးသမားတွေကန့်သတ်ချက်တွေကို အပြောင်းအလဲဖြစ်အောင်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေးကို
တံခါးဖွင့်လှစ်သွားရမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါပေမဲ့
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးက မာကိုစ့်ဟာ
ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်ပြောင်းလဲရေးကို အတင်းအကြပ်လုပ်ဆောင်မယ်ဆိုရင်
မာကိုစ့်ဟာ ၎င်းဖခင်တွေ့ကြုံရသလိုမျိုးဖြုတ်ချခံရမှာဖြစ်ကြောင်း
သတိပေးခဲ့ပါတယ်။