မေး - ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရေးတဲ့ ဝတ္ထုအများစုဟာ ဘာဖြစ်လို့ အလွမ်းဝတ္ထုတွေ ဖြစ်နေတာလဲ ဆရာ။
ကျွန်တော့်ဘဝမှာ ရုန်းကန်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော့်ဖခင် တစ်နေရာရောက်နေတဲ့အချိန်၊အမေက အိပ်ယာပေါ်မှာ လိမ့်နေတာပဲ။လက်ထဲမှာ ငွေလေး ၅ ကျပ်ပဲ ရှိတယ်။ သားသမီးငါးယောက် စားဖို့သောက်ဖို့ လက်ထဲမှာ ငွေငါးကျပ် ပဲ ရှိတယ်။ ဆွေလည်းမရှိဘူး၊ မျိုးလည်းမရှိဘူး။ အမေ့ရင်ထဲ ဘယ်လောက်မီးလောင်နေမလဲ။
မနက်ကျတော့ ကြံရာမရဖြစ်ပြီး အဲဒီငွေလေးငါးကျပ်ကို ရင်းပြီး ထမင်းသုပ်ရောင်းတယ်။ကျွန်တော့်အစ်မကလည်း အပျိုပေါက်အရွယ်ဆိုတော့ ခိုင်းလို့မဖြစ်ဘူး။ ကျွန်တော်နဲ့အမေနဲ့ပဲ ထမင်းသုပ်ရောင်းခဲ့ရတယ်။ မုန့်ဟင်းခါးရောင်းခဲ့ရတယ်။ နေ့မှာတင်မဟုတ်ဘူး။ တစ်ကျပ် တစ်ပြားလေး မြတ်ဖို့အတွက် တောရွာ ရုပ်သေးတွေ ဘာတွေ ကတဲ့နေရာထိလိုက်ပြီး ညမှောင်မှောင်မှာ သားအမိနှစ်ယောက် စျေးရောင်းခဲ့ရတယ်။ ဒါမျိုးတွေ ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတယ်။
ပြီးတော့ ကျွန်တော့်ဘဝက အကြောင်းကြောင်းကြောင့် မိဝေးဖဝေး ခဏခဏ နေခဲ့ရတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး သွားနေခဲ့ရတယ်။ ကျွန်တော့်ဘဝက မချောမွေ့ခဲ့ပါဘူး။တော်တော်လေး ကြီးလာလို့ တက္ကသိုလ်တက်ရတော့လည်း ချို့ချို့ငဲ့ငဲ့ တက်ရတယ်။ မြင်းပွဲအလုပ်လုပ်ရတယ်။ ကျားကျောင်းမှာ ကျောင်းဆရာလုပ်ရတယ်။ တစ်ခါတလေ အလုပ်မရှိလို့ ကျောင်းငွေမသွင်းနိုင်ဘူး။ မိဘကလည်း အဲဒီအချိန်မှာ တော်တော်ယိုင်နေပြီ။ အမေက ချဉ်ပေါင်ရွက်စားပြီး ငါ့သား ကျောင်းထားပေးမယ်လို့ ပြောပါတယ်။ အမေ့ကျေးဇူးအလွန်ကြီးပါတယ်။ကျွန်တော် မပြောရက်တော့ဘူး။ လိမ်ရတယ်။အမေ ကျွန်တော် အလုပ်ရနေပြီ။ ပိုက်ဆံရှိပါတယ်။ မပို့ပါနဲ့တော့လို့ ပြောပြီး ဒီမှာ ကျွန်တော် ငတ်နေတယ်။ ၁၉၅၁ ခုနှစ်ကိုတော့ ကျွန်တော်မမေ့နိုင်ဘူး။ အဲဒီနှစ် ဇွန်၊ ဇူလိုင် နှစ်လ ရက်ခြောက်ဆယ်မှာ သူများတွေက တစ်နေ့ ထမင်း နှစ်နပ်စားရင် အနပ်ပေါင်း ၁၂၀ စားရမယ်။ ကျွန်တော် ၁၀ နပ်ပဲ စားခဲ့ရတယ်။ တစ်ဖက်က စာမေးပွဲဖြေနေတယ်။
ပေးပါကမ်းပါဆိုလည်း ပေးမယ့်သူမရှိဘူး။ ကူညီမယ့်သူမရှိဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရတာ။ဇွဲတော့ ကျွန်တော် မလျှော့ခဲ့ဘူး။ နောက်ပြီးတော့ ကျွန်တော် လူမှန်းသိတတ်စ လေးနှစ်သားလောက်ကစပြီး အဖေက ရာထူးတွေဘာတွေကျပြီး အလွန်ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။ ပြီးတော့ အငြင်းပယ်ခံခဲ့ရတယ်။ ကလေးဘဝမှာက ကလေးချင်းတောင် မတူခဲ့ရဘူး။ တန်းတူမရခဲ့ဘူး။ အဲဒီတော့ ဘဝကို ပြန်ကြည့်လိုက်ရင် စိတ်ဆင်းရဲစရာတွေရှိတယ်။ ကိုယ်ကိုယ်တိုင်က စိတ်ဆင်းရဲစရာတွေ တွေ့ခဲ့ဖူးတော့ အခု ကျွန်တော် အုပ်ချုပ်ရေးကိုင်ရတဲ့ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ အဲဒါဟာ ကျွန်တော့်ရဲ့ အားနည်းချက်ဖြစ်လာတယ်။ ဒါကြောင့် တစ်ခါတလေ ကျွန်တော်စာရေးဆရာပဲလုပ်ချင်တယ်။အုပ်ချုပ်ရေးမကိုင်ချင်ဘူး။ ရာထူးမကြီးချင်ဘူး။ဖြစ်လာရင် သနားတာကအရင်၊ အရေးယူဖို့က နောက်ကျကျနေတယ်။ ကျောင်းသားအပေါ်မှာလည်း ဒီလိုပဲ။ အုပ်ချုပ်ရေးသမားတစ်ယောက်အနေနဲ့ကြည့်ရင် ဒါ အလွန်အားနည်းတဲ့အချက် ဖြစ်နေတယ်။ လူတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူပါတယ်။
ခင်ဗျားတို့က ကျွန်တော့်ကို အလွမ်းသန်တယ်လို့ပြောတယ်။ ကျွန်တော်ကတော့ လောကကို ကရုဏာပါပါနဲ့ ကြည့်တာပဲ။ အထူးသဖြင့် ကရုဏာသက်ဖွယ်ရှိတဲ့လူတွေအကြောင်းသာ ရေးလေ့ရှိတယ်။ ရေးမိတော့အလွမ်းတွေဖြစ်ကုန်တာပေါ့။ဒါပေမယ့် ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ မှတ်ချက်တစ်ခု ကျွန်တော်သတိထားမိတာရှိတယ်။ ကိုခင်မောင်တင့်က ကရုဏာတော့သန်ပါတယ်။ မုဒိတာလေးလည်း ပါတတ်တယ်တဲ့။ ကိုခင်မောင်တင့်ရဲ့ဝတ္ထုတွေ ဖတ်လိုက်ရင် မုဒိတာကို မြင်ရတယ်တဲ့။ ဒေါ်ခင်မျိုးချစ်က အဲဒီလိုပြောဖူးတယ်။ဘာဖြစ်လို့ အဲဒီလို ပြောတာလဲဆိုတော့ ကျွန်တော့်ဝတ္ထုထဲမှာ ဘယ်လောက် ဒုက္ခရောက်ရောက်၊ ဘယ်လောက်ထိဆင်းရဲဆင်းရဲ၊ ကြိုးစားလို့အောင်မြင်သွားတာတွေ၊ မြင့်မြတ်လို့အောင်မြင်သွားတာတွေ၊ အဲဒါတွေကို ကျွန်တော် မြတ်မြတ်နိုးနိုး ထည့်ရေးတတ်တယ်။ ဆရာမကြီးက ဒါ့ကြောင့် ပြောတာပါ။
- တက္ကသိုလ်ဘုန်းနိုင်
ပေဖူးလွှာမဂ္ဂဇင်း
အမှတ် ၄၉ ၊ဇွန်လ-ဇူလိုင်လ၊ ၁၉၈၅ ခုနှစ်။