ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ခြေရှိသည်။
သင်သည် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဘွဲ့ရ သို့မဟုတ် စက်မှုလက်မှုပညာတစ်ခုခု တတ်မြောက်ထားသူဖြစ်ပါက ကျွမ်းကျင်သူဟုသတ်မှတ်ပြီး စစ်ကောင်စီတပ်ထဲတွင် အခြားသူများထက် အချိန်ကြာကြာပိုပြီး စစ်မှုထမ်းရနိုင်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်ကောင်စီ အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေတွင် တွေ့ရသည်။
အခြားသူများက ၂ နှစ်မှ ၅ နှစ်အထိ စစ်ကောင်စီတပ်ထဲ စစ်မှုထမ်းရမည်ဖြစ်သော်လည်း ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရပါက ၃ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမည်ဟု ဆိုသည်။
ပုံမှန်အားဖြင့် စစ်မှုထမ်းကာလပြည့်ပြီးပါက နောက်တစ်ကြိမ် စစ်တပ်ထဲ ပြန်သွားရန် မလိုတော့သော်လည်း ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများကိုမူ “အရေးပေါ်ပြန်တမ်းဝင်အရာရှိ” အဖြစ် တပ်က ပြန်ခေါ်နိုင်သည်။
နောက်တစ်ကြိမ်ဆင့်ခေါ်မှုအတွက် အချိန်မည်မျှကြာကြာ စစ်တပ်ထဲထားမည်ဆိုသည်ကို သတ်မှတ်ထားခြင်း မရှိပေ။
အသက်ကန့်သတ်ချက်ပိုမိုမြင့်မားခြင်း
အသက် ၃၅ နှစ်ပြည့်ပြီးသော အမျိုးသားများ၊ အသက် ၂၇ နှစ်ပြည့်ပြီးသော အမျိုးသမီးများ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည်ဟု ထိုဥပဒေက ဆိုထားသည်။
သို့ရာတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ (သို့မဟုတ်) အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူဖြစ်ပါက အသက် ၄၅ နှစ်အောက် အမျိုးသားများနှင့် အသက် ၃၅ နှစ်အောက် အမျိုးသမီးများသည် စစ်ကောင်စီတပ်ထဲ ဝင်ရမည်ဖြစ်သည်။
ထို့ပြင် စစ်တပ်သည် စက်မှုလက်မှုပညာ တတ်မြောက်သူ (သို့မဟုတ်) အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူဆိုသည့် ခေါင်းစဉ်အောက်တွင် ၎င်းတို့စိတ်ကြိုက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ထည့်သွင်းခွင့်ရှိနေသည်။ ထိုခေါင်းစဉ်အောက်တွင် မည်သည့်ပညာရှင်များကို ထည့်သွင်းရန် ပြင်ဆင်နေကြောင်း တိတိကျကျသိနိုင်ရန် Myanmar Now က ဆက်လက်စုံစမ်းနေသည်။
စစ်မှုထမ်းကာလ ပိုမိုရှည်ကြာခြင်း
သာမန်အရပ်သားများအတွက် စစ်မှုထမ်းကာလသည် အများဆုံး ၂ နှစ်ဖြစ်သည်။ အရေးပေါ်အခြေအနေဟု စစ်တပ်က သတ်မှတ်ပါက အမြင့်ဆုံး ၅ နှစ်အထိ တိုးနိုင်သည်။ ထို့နောက် စစ်မှုထမ်းကာလ ပြီးဆုံးမည်ဖြစ်ပြီး စစ်တပ်ထဲ မရောက်မီ လုပ်ကိုင်ခဲ့သည့် အလုပ်ထဲ ပြန်လည်ဝင်ရောက်နိုင်သည်။
ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခံရသူများ၏ စစ်မှုထမ်းကာလသည် အများဆုံး ၂ နှစ်ဖြစ်သည်။ အရေးပေါ်အခြေအနေဟု စစ်တပ်က သတ်မှတ်ပါက အမြင့်ဆုံး ၅ နှစ်အထိ တိုးနိုင်သည်။
“ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများနှင့် အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများကို အရေးပေါ်ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်” ဟု စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ အခန်း (၄) ပုဒ်မ (၂၀) တွင် ရေးသားထားသည်။
နောက်တစ်ကြိမ် စစ်ထဲ ပြန်ခေါ်ပါက စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို တိတိကျကျဖော်ပြထားခြင်းမရှိပေ။
နိုင်ငံအနှံ့တွင် တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် စခန်းအများအပြားကို လက်လွှတ်လိုက်ရပြီး ထိုးစစ်ဆင်ခံနေရသည့် ဒေသအများစုကို စစ်ကူပို့ရန် အင်အားမရှိတော့ပေ။ ဤသို့ ခက်ခဲနေချိန်တွင် စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
စစ်တပ်သည် အဝင်လွယ်သော်လည်း အထွက်ခက်သည်။
၁၀ နှစ် တာဝန်ထမ်းပြီး တပ်မှ ထွက်နိုင်သည်ဟုဆိုသော်လည်း လူအင်အား နည်းပါးလာနေသည့် စစ်ကောင်စီတပ်က လွယ်လင့်တကူ ထွက်ခွင့်မပြုဟု သိရသည်။