ဘုရင့်နောင် သည် ဒုတိယ မြန်မာနိုင်ငံကို အောင်မြင်စွာ ထူထောင်ခဲ့ပြီး သူ၏ လက်ထက်တွင် မြန်မာနိုင်ငံသည် တန်ခိုးအထွားဆုံး အချိန်ဖြစ်ခဲ့သည်။ သို့သော် သူ့ကို ဆက်ခံသော သားတော် နန္ဒဘုရင် လက်ထက်တွင် မူ ဘုရင့်နောင် ၏ အင်ပါယာကြီးမှာ ပြိုကွဲပျက်စီး ခဲ့ရလေသည်။
နန္ဒဘုရင် သည် ယောင်္ကျားများကို စစ်အခြေခံသင်တန်းပေးကာ လိုက်ပါအမှုထမ်းခိုင်းသည်။ မထမ်းချင်သော ယောင်္ကျားများက ရဟန်းဝတ်ကြလေသည်။ ဤသို့ဖြင့် ရဟန်းအရေအတွက်လည်း တိုးပွားလာရာ ၁၅၉၃ တွင် ရဟန်းစစ်များ နှင့် ရဟန်းတုများကို အမြန်စစ်ဆေးကာ အဓမ္မလူထွက်စေသည်။ ထို အထဲတွင် ရဟန်းအစစ်များလည်း ပါသွားခဲ့ရသည်။ နာမည်ကြီး ဘားမဲ့ ဆရာတော် နှင့် ဘားတမော့ ဆရာတော်များကိုလည်း မယုံကြည်သဖြင့် ပြည်သူများတားနေသည့်ကြားမှပင် ညောင်ရမ်းသို့ ပို့ဆောင်လိုက်လေသည်။
လက်အောက်ခံ နယ်စားများ ပုန်ကန်လျှင် ဗိုလ်မှူးတပ်မှူးများကို နှိမ်နင်းခိုင်းသည်။ အောင်မြင်လျှင် ဘာမျှမဖြစ်သော်လည်း မအောင်မြင်သောဗိုလ်မှူး များကို အကျဉ်းချကာ နှိပ်စက်သဖြင့် ရဲစွမ်းထက်မြက်သော ဗိုလ်မှူးအချို့လည်း ဆုံးပါးခဲ့ရသည်။ အလွန်အားကိုးရသော သက်တော်ရှည်အမတ်ကြီးကို လည်း သဘော မတွေ့သဖြင့် တံကျင်တင်ပြီး ကွပ်မျက်စေခဲ့သည်။ သားတော်ဖြစ်သူ မင်းရဲကျော်စွာကလည်း မင်း၏ သားတော်ဆိုသည့်အတိုင်း ရမ်းကား ချင်တိုင်း ရမ်းကားနေလေရာ ပြည်သူအများ စိတ်ဆင်းရဲရလေသည်။ ဘုရင်ကမူ သားတော်အား ချစ်သဖြင့် မျက်ကွယ်ပြုထားခဲ့လေသည်။
ထိုအချိန်မှာပင် ကြွက်များ အလွန်သောင်းကျန်းပါတော့သည်။ နေ့ခင်း ကြောင်တောင်ပင်လျှင် ကြွက်များ အိမ်ပေါ်သို့တက်ကာ အစားအသောက်များကို ယူစား လေသည်။ နန်းတော်အတွင်း၌ သောင်းကျန်းသည်ကို ရဲမက်များလိုက်လံ နှိမ်နှင်းသော်လည်း ပို၍ပို၍ များပြားလာရာ လက်လျှော့လိုက်ရသည်။ စပါးကျီများကို ကိုက်ဖျက်ပစ်သဖြင့် နေပြည်တော်သည် အငတ်ဘေးနှင့် ကြုံလေတော့သည်။ မခံနိုင်သော ပြည်သူများက ထွက်ပြေးကြလေတော့သည်။
ထိုသို့ရှုပ်ထွေးနေစဉ်မှာပင် လက်အောက်ခံဖြစ်သော တောင်ငူ ၊ ဇင်းမယ် မင်းများက သစ္စာမခံကြောင်း အမိန့်တော်ပြန်ကာ ခြားနားလေသည်။ ရခိုင်ဘုရင် နှင့် တောင်ငူဘုရင်တို့ ပူးပေါင်းကာ ဟံသာဝတီနေပြည်တော်ကို ချီတက်လာသော အခါတွင်မူ အင်အားနည်းပါးနေသည့် အပြင် တစ်ပြည်လုံးငတ်မွတ်နေသဖြင့် မည်သို့ မျှမခုခံနိုင်တော့ပဲ နန်းကို လွှဲအပ်လိုက်ရလေတော့သည်။
တောင်ငူဘုရင်က မိမိနောင်တော် နန္ဒဘုရင်ကို တောင်ငူတွင် အိမ်တော်ဖြင့်ထားသည်။ သို့သော် တောင်ငူဘုရင်သားတော် နတ်ရှင်နောင်ကမူ ဦးရီးတော် နန္ဒဘုရင်ကို ယုံကြည်မှုမရှိသဖြင့် ကွပ်မျက်ပစ်ဖို့လျှောက်သော်လည်း တောင်ငူဘုရင်က လက်ခံခဲ့။ ခမည်းတော်တားနေသည့် ကြားမှပင် နတ်ရှင်နောင်သည် ၁၆၀ဝ ခုနှစ် အောက်တိုဘာလ ၂၀ ညအချိန်တွင် နန္ဒဘုရင်အား လုပ်ကြံလိုက်လေသည်။ ဤသို့ဖြင့် ဘုရင့်နောင်တည်ထောင်ခဲ့သော ဒုတိယမြန်မာနိုင်ငံတော်သည် သားတော်နန္ဒဘုရင်၏ အမှားများစွာတို့နှင့်အတူ အစိတ်စိတ်ကွဲပြားခဲ့ရလေတော့သည်။