အမျိုးသား ၆ သန်းကျော်အနက် ၆ သောင်းဝန်းကျင် စခေါ်နိုင်
----------------------------------------
စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုးရိမ်ပူပန်မှုမြင့်တက်လာပြီး လူငယ်များအစုလိုက်အပြုံလိုက် နိုင်ငံတွင်းမှထွက်ခွာရန် ကြိုးပမ်းလာချိန်တွင် စစ်ကောင်စီက လတ်တလော အမျိုးသမီးများကို စစ်မှုထမ်းဆင့်ခေါ်ရန် အစီအစဉ်မရှိဟု ယမန်နေ့ (ဖေဖော်ဝါရီ ၂၀) တွင် ထုတ်ပြန်သည်။
စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထု စိုးရိမ်ထိတ်လန့်ဖြစ်အောင် မီဒီယာများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက လုပ်ဆောင်နေ သည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေအရ ...တာဝန်ထမ်းဆောင်စေရာမှာ အမျိုးသားဦးရေ ၆ သန်းထဲကမှ ၁ ရာခိုင်နှုန်း၊ ၆ သောင်းနီးပါးလောက်ပဲ ကျွန်တော်တို့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါတွေကလည်း အလှည့်ကျဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်” ဟု ၎င်း၏ ပြောဆိုချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ပြင်ဆင်အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာ သိမ်းပြီးသုံးနှစ်အကြာတွင် အသက်သွင်းလိုက်ခြင်းဖြစ်သည်။ အာဏာ သိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်နေချိန် စစ်မှုမထမ်းမနေရ ဥပဒေကို ဆွဲထုတ်လာခြင်းဖြစ်သည်။
စစ်မှုထမ်းဥပဒေအရ အရပ်သားများ မဖြစ်မနေစစ်မှုထမ်းရမည်ဖြစ်သည်။ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားများ၊ ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်ထဲဝင်ရမည်ဖြစ်သည်။ ဘွဲ့ရပညာတတ်ဖြစ်ပါက ၄၅ နှစ်အောက် အမျိုးသား၊ ၃၅ နှစ်အောက် အမျိုးသမီးတို့ စစ်ထဲဝင်ရမည်။
စစ်မှုထမ်းကာလ ၂ နှစ်သတ်မှတ်ထားပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက ၅ နှစ်အထိ သက်တမ်း တိုးနိုင်သည်။ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်ရှိသူ အမျိုးသမီးများနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ စစ်မှုထမ်း ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ အခြားကင်းလွတ်ခွင့်ရနိုင်သူများအတွက် အချက်နှစ်ချက်ထည့်သွင်းထား သည်။ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ကင်းလွတ်ခွင့်ပြုသူများနှင့် စစ်တပ်ဆေးဘုတ်အဖွဲ့က စစ်မှုထမ်း ရန် မသင့်လျော်ဟု သတ်မှတ်ထားသူများ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ လာမည့်ဧပြီလ သင်္ကြန်ရုံးပိတ်ရက် များအပြီး စတင်သွားမည်ဖြစ်ကာ အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်း ခေါ်ယူမည်ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က လွန်ခဲ့သည့်သီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုထားသည်။