ထိုင်း ဗီဇာ လာရောက်လျှောက်ထားရာတွင် တိုကင်နံပါတ်ရရှိရန် နံနက်အစောပိုင်းကတည်းက လာရောက် တန်းစီသူများပြား
ထိုင်းဗီဇာလာရောက်လျှောက်ထားရာတွင် တိုကင်နံပါတ်ရရှိရန် နံနက်အစောပိုင်းကတည်းက လာရောက်တန်းစီသူများပြားလျက်ရှိသည်ဟု သွားရောက်လျှောက်ထားသူများနှင့် မျက်မြင်တွေ့ရှိသူ များက ပြောသည်။
“မနော်ဟရီလမ်းကနေ တန်းစီထားတာ တော်ဝင်လမ်းကို ကျော်ပြီး ပြည်ထောင်စုရိပ်သာလမ်းမထိရောက်တယ်။ မနက် ၅ နာရီခွဲ ကတည်းကတန်းစီနေကြတာလို့ပြောပါတယ် ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။
“မနက်အစောကြီးကတည်းက လာတန်းစီနေတာ။ နောက်ကျလို့ တိုကင်မရရင် နောက်ရက်ထပ်စောင့်ရမှာဆိုတော့ စောစောတန်းစီ ရတာ ” ဟု ဗီဇာလာရောက်လျှောက်ထားသူတစ်ဦးက ပြောကြား သည်။
ဗီဇာလာရောက်လျှောက်ထားသူ များပြားသဖြင့် တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ ၄၀၀ သာလက်ခံမည်ဟု မြန်မာနိုင်ငံရှိ ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။
ယင်းသို့သတ်မှတ်ချက်ကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်သတ်မှတ် လိုက်ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန် ထားပြီး ဗီဇာလျှောက်ထားသူများလိုက်နာရမည့် စည်းကမ်းချက် ငါးချက်ကို သတ်မှတ်ထားသည်ကို တွေ့ရသည်။
ဗီဇာလျှောက်ထားသူများအနေဖြင့် တန်းစီရမည်ဖြစ်ပြီး တိုကင် နံပါတ်အား ရုံးဖွင့်ချိန်မတိုင်မီ နံနက် ၈ နာရီခွဲမတိုင်မီ ပေးဝေမည် ဖြစ်ကြောင်း၊ တာဝန်ရှိသူမှ ပတ်စ်ပို့ဖြင့် သေချာစစ်ဆေးမည်ဖြစ်ပြီး မှန်ကန်မှသာလျှင် ဗီဇာလျှောက်မည့်သူကိုယ်တိုင် တိုကင်နံပါတ် ထုတ်ယူရမည်ဖြစ်သဖြင့် အခြားသူများကို လွှဲပြောင်းနိုင်မည် မဟုတ်ကြောင်း၊ တိုကင်နံပါတ်တခုမှာ တစ်ဦးအတွက်သာဖြစ် ကြောင်း၊ တိုကင်နံပါတ်ကို အလွဲသုံးစားပြုလုပ်ခြင်း၊ အတုအပ ပြုလုပ်ခြင်းများရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်ကာ အမည်မည်းစာရင်းသွင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သတင်းထုတ်ပြန်သည်။
ထို့ပြင် ဗီဇာလျှောက်လွှာများကို နံနက် ၉ နာရီတွင် စတင်လက်ခံ မည်ဖြစ်ပြီး လျှောက်လွှာတင်မည့်သူနှင့် တိုကင်နံပါတ်ပေးထားသူ၏ ပတ်စ်ပို့စ်နှင့် ကိုက်ညီမှသာ ဗီဇာလျှောက်ထားခြင်းကိုလက်ခံမည် ဖြစ်သည်။