မန္တလေးတောင်ခြေရှိ ရွာတစ်ရွာကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲ၊ စစ်တပ်တို့ ဝင်ရောက်ပြီး ခိုလှုံနေသည့် စစ်ဘေးရှောင်အများအပြားကို ဒဏ်ရိုက်ကာ အမျိုးသား ၃၀ ခန့်ကို ဖမ်းထား
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်တပ်က နံနက်ပိုင်းတွင် ဧည့်စာရင်းစစ်ဆေးကာ အမျိုးသား ၃၀ ခန့်ကို ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။
ဖေဖော်ဝါရီ ၄ နံနက်ပိုင်းက မန္တလေးမြို့အရှေ့မြောက်ဘက် မန္တလေးတောင်ခြေအနီးရှိ နွယ်နီရွာသို့ အုပ်ချုပ်ရေးဌာန၊ စစ်တပ်၊ ရဲတို့ ပါဝင်သည့် အင်အား ၅၀ နီးပါး ရောက်လာသည်။
ကနဦးတွင် စစ်ရှောင်နှင့် ဒေသခံ ၁၀၀ ခန့် ဖမ်းဆီးစစ်ဆေးခံရပြီး ၇၀ ဦးခန့်ကို နေ့ချင်း ပြန်လွှတ်သည်၊ အမျိုးသား ၃၀ ခန့်ကို ဆက်ဖမ်းထားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ရွာထိပ်မှာ ရဲ ၆ ယောက်ကို ကင်းချထားပြီး တစ်ရွာလုံးကို မွှေနှောက်စစ်တယ်။ ကနဦး ၁၀၀ ကျော် အဖမ်းခံရတာ” ဟု ထိုဒေသခံက ပြောသည်။
”အယောက် ၇၀ လောက်ကို အုပ်ချုပ်ရေးရုံးကို ဖမ်းခေါ်သွားတယ်၊ တချို့ကို တစ်ယောက်တစ်သိန်း ဒဏ်ဆောင်ခိုင်းတယ်”
ဧည့်စာရင်း မတိုင်ကြားခြင်း၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား မပြနိုင်ခြင်းကြောင့် ဒဏ်ငွေ ၃၀၀၀၀ စီ ဆောင်ခဲ့ရသူများထဲတွင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် ကလေးများ ပါဝင်သည်။ ဒဏ်ရိုက်ခံရသူ အရေအတွက်အတိအကျကို မသိရသေးပေ။
အသက်၂၀ နှင့် ၃၀ အရွယ် လူငယ်များကိုမူ စစ်ဆေးရန်ဟုဆိုကာ စစ်ကားများဖြင့် ဖမ်းခေါ်သွားသည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
“ဖမ်းခေါ်ခံရတဲ့အထဲ စစ်ရှောင်လာသူတွေ များတယ်၊ အမျိုးသားတွေချည်းပဲ။ ရွာခံအချို့လည်း ပါတယ်။ အဓိက ၉/ (မန္တလေးမှတ်ပုံတင်) မဟုတ်တဲ့သူတွေကို သူတို့ အဓိကစစ်ပြီး ဖမ်းတယ်“ ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံက ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများသည် မန္တလေးနှင့် ထိစပ်နေပြီး တိုက်ပွဲဖြစ်ပွားနေသည့် မတ္တရာမြို့နယ်မှ စစ်ရှောင်ထွက်ပြေးလာသူ အများစုဖြစ်ပြီး ထိုကျေးရွာတွင် အိမ်ငှားရမ်းနေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်နှင့် ယင်းတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းစစ်ဆေးနေသည်ကို မသိရသေးပေ။ အဆိုပါ ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီနှင့် ၎င်းတို့၏ ဝါဒဖြန့်စာမျက်နှာများတွင်လည်း ရေးသားခြင်းမရှိပေ။
ဖမ်းဆီးခံရသူများ တပ်စခန်းအတွင်း ရှိနေနိုင်သည်ဟု မန္တလေးတော်လှန်ရေးအင်အားစုများက ယူဆကြသည်။
“မန္တလေးတောင်ခြေတပ်တွေထဲ ဖမ်းခေါ်သွားတယ် ထင်တယ်။ အခုထိ အဆက်အသွယ်မရကြဘူး” ဟု မန္တလေးမြို့ မြေပြင်အခြေအနေများကို ကင်းထောက်ဖော်ပြနေသည့် တော်လှန်ရေးအဖွဲ့ဝင် လူငယ်တစ်ဦးက ဆိုသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး အင်အားလိုအပ်နေသည့် စစ်ကောင်စီက ဒေသအချို့တွင် တပ်သားစုဆောင်ရေး လုပ်ဆောင်နေသည့်အတွက် ဖမ်းဆီးခံရသူများ စစ်သားအဖြစ် ခိုင်းစေခံရမည်ကို ဒေသခံတို့က ပူပန်နေကြသည်။
တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းမြောက်၊ စစ်ကိုင်း၊ မတ္တရာတို့နှင့် နာရီအနည်းငယ်သာ ခရီးအကွာအဝေးရှိသည့် မန္တလေးမြို့တွင် ဒေသအသီးသီးမှ စစ်ရှောင်လာသူများမှာ ယခုနှစ်ပိုင်း၌ ပိုမိုများပြားလာသည်။
အရပ်သားသေဆုံး ထိခိုက်မှုများရှိတတ်သည့် တိုက်ပွဲများအကြား အိုးအိမ်များစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ကြရာတွင် ၎င်းတို့၏ အသက်ဘေးလွတ်ရာဟု ယူဆသည့် မန္တလေးကဲ့သို့ မြို့ကြီးများသို့ စစ်ရှောင်လာကြခြင်းဖြစ်သည်။
လတ်တလော မန္တလေးမြို့၏ အိမ်ခြံမြေဈေးကွက်အတွင်း အိမ်ငှားရမ်းလိုသူ ၈၀ ရာခိုင်နှုန်းမှာ ဒေသအသီးသီးမှ စစ်ရှောင်များဖြစ်ကြသည်ဟု အိမ်ခြံမြေလုပ်ကိုင်သူများက ဆိုကြသည်။
ထိုသို့ စစ်လာရှောင်သူများ များပြားလာချိန်၌ စစ်ကောင်စီက မန္တလေးမြို့ကို လုံခြုံရေးတင်းကျပ်ကာ ပိုမိုဖိနှိပ်နေပြီး စစ်ရှောင်များကိုလည်း ဧည့်စာရင်းအကြောင်းပြ ငွေတောင်းခံခြင်း၊ မသင်္ကာလျှင် ဖမ်းဆီးစစ်ဆေးခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။
ဖမ်းဆီးစစ်ဆေးမှုသည် ရံဖန်ရံခါ နှိပ်စက်သတ်ဖြတ်မှုနှင့် အဆုံးသတ်တတ်သည်ကို ပြီးခဲ့သည့် ၃ နှစ်အတွင်း သတင်းများတွင် တွေ့နိုင်သည်။
အဆိုပါ စစ်ဆေးမှု၊ ဖမ်းဆီးမှုများတွင် ပါဝင်သော စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူးတို့ကိုလည်း လက်နက်ကိုင်တော်လှန်ရေးသမားတို့က တိုက်ခိုက်လေ့ရှိသည်။