ရုရှား အာကာသယာဉ်မှူးတစ်ဦးဖြစ်တဲ့ အိုလက်ကိုနိုနန်ကိုဟာ
အာကာသထဲမှာအချိန်အကြာဆုံးနေထိုင်နိုင်တဲ့ လူသားအဖြစ်
သမိုင်းမှတ်တမ်းအသစ်တင်နိုင်ခဲ့ကြောင်းသိရပါတယ်။
အိုလက်ကိုနိုနန်ကိုဟာ အာကာသထဲမှာ ရက်ပေါင်း ၈၇၈ ရက်ကြာနေထိုင်ခဲ့ပြီး
ရုရှားနိုင်ငံသား ဂမ်နာဒီ ပါဒီကာရဲ့စံချိန်ကို
ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ကိုနိုနန်ကိုဟာ ဇွန်လ ၅ ရက်အထိ အာကာသထဲမှာ
ဆက်လက်ရှိနေမယ်ဆိုရင် အာကာသထဲမှာ ရက်ပေါင်း ၁၀၀၀
ကျော်နေထိုင်နေနိုင်သူဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။ ဒါ့ပြင်
ကိုနိုနန်ကိုက စက်တင် ဘာလအထိ အာကာသထဲမှာ ဆက်လက်နေထိုင်နိုင်မယ်ဆိုရင်
အာကာသထဲမှာ ရက်ပေါင်း ၁၁၀၀ ကျော်နေထိုင်နိုင်သူဖြစ်လာမယ်လို့
ယုံကြည်ထားကြောင်း သိရပါတယ်။
၎င်းက "ကျွန်တော်အကြိုက်ဆုံးအရာကို လုပ်နိုင်ဖို့ အာကာသထဲမှာ
ပျံသန်းနေခဲ့တယ်။ စံချိန်တွေ ရယူနိုင်ဖို့ စိတ်မဝင်စားခဲ့ဘူး၊ ဒါပေမဲ့
အခုလိုမျိုး အာကာသထဲမှာ အချိန်အကြာဆုံးနေထိုင်နိုင်တဲ့ လူသားအဖြစ်
စံချိန်တင်နိုင်တဲ့အပေါ် ဂုဏ်ယူမိတယ်" လို့ ပြောပါတယ်။
ကိုနိုနန်ကိုဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၂၆၃ မိုင်ကျော် ဝေးကွာတဲ့
ကမ္ဘာပတ်လမ်းထဲမှာ ရက်ပေါင်း ၈၇၈ ရက်၊ ၁၁ နာရီ၊ ၂၉ မိနစ် နဲ့ ၄၉
စက္ကန့်ကြာနေထိုင်နိုင်ခဲ့ကြောင်းသိရပါတယ်။ ရုရှားနိုင်ငံဟာ ၁၉၅၇ ခုနှစ်မှာ
ကမ္ဘာပတ်လမ်းထဲကို ပထမဆုံးဂြိုလ်တု
အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရပါတယ်။ ဆိုဗီယက်လူမျိုးတစ်ဦးဖြစ်တဲ့
ယူရီဂါဂါရင်ဟာ ၁၉၆၁ ခုနှစ်မှာ အာကာသထဲကို ပထမဆုံးခရီးသွားနိုင်တဲ့
လူသားအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းသိရပါတယ်။