“လူမိုက်” ဆိုသောစကားမှာ လူကောင်းလူလိမ်မာတို၏နားတွင် အလွန်ပင်ခါး၏။ လူမိုက်အချင်းချင်းတွင်ကား ထိုစကားမှာ ဂုဏ်ပုဒ်တခု ဖြစ်လေသည်။ ထို့ကြောင့် “ငါမိုက်တယ်ကွ၊ ငါ့ထက်မိုက်တဲ့လူရှိယင် ထွက်ခဲ့ကြ။ ဗိုလ်မထားဘူး” ဟူ၍ ဂုဏ်လုပ်ကာ ကြိမ်းပသောအသံများကို မကြာမကြာ ကြားရဘူးလေသည်။ လူမိုက်တို့၏အကြားတွင် ထူးထူးချွန်ချွန်မိုက်သောသူမှသာလျှင် ထင်ပေါ်၏။ ဂုဏ်ရှိ၏။ ကြီးပွါး၏။ လူလိမ်မာတယောက်သည် လူမိုက်တို့၏ အလယ်တွင် အဘယ်မှာလျှင် တင့်တယ်နိုင်ပါအံ့နည်း။
ထို “လူမိုက်” ဆိုသော ဂုဏ်ထူးကြီး ဘွဲ့ထူးကြီးကို ရရန်မှာလည်း လွယ်ကူသောအရာ မဟုတ်ပေ။ “ငါမိုက်တယ်” ဟူ၍ လူတကာရှေ့တွင် ကြွားရုံမျှနှင့် လူမိုက်ဘွဲ့ထူးကို မရနိုင်။ ဝေးလှသေး၏။ လူမိုက်ဘွဲ့ထူးကို ရရန်ကား သူတကာကို အကြောင်းမဲ့သက်သက် ဆဲရေးဝံ့ရမည်။ ရိုက်ပုတ်ဝံ့ရမည်။ ဓားဖြင့် ထိုးဝံ့ရမည်။ ဆဲရေး၊ ရိုက်ပုတ်၊ ဓားဖြင့် ထိုးခြင်းတို့ကိုလည်း ပြုလုပ်ဘူးရမည်။ မိမိလည်း သူတကာ၏အဆဲ၊ အရိုက်၊ အထိုး၊ အခုတ်တို့ကို ခံရမည်။ ခံလည်း ခံဘူးရမည်။ အချုပ်ခံဝံ့၊ ထောင်အကျခံဝံ့၊ တကျွန်းအပို့ခံဝံ့ရမည်။ ခံလည်း ခံဘူးရမည်။ လူတယောက်၏အသက်ကို ပုရွက်ဆိတ်၏အသက်လောက်မျှ မထင်မမှတ်ရ။ ဆိုခဲ့ပြီးသော ဂုဏ်ထူးများနှင့် ပြည့်စုံသောသူမှသာလျှင်
လူမိုက်ဘွဲ့ထူးကို ခံယူအသုံးပြုနိုင်လေသည်။
အစိုးရကပေးသော ဘွဲ့ထူးများကား အစိုးရမင်း၏အမှုတော်ကို သက်စွန့်ကြိုးပမ်းကာ ထမ်းဆောင်သောကြောင့် ရသောဘွဲ့ထူးများ ဖြစ်ပေ၏။ လူမိုက်ဘွဲ့ထူးကား မိမိတို့လူမိုက်အချင်းချင်းက တစိမ့်စိမ့် တွေးကြောက်သောကြောင့် မပေးချင့် ပေးချင်နှင့် ပေးလိုက်ရသော ဘွဲ့ထူးကြီး ဖြစ်လေသည်။ ထိုဘွဲ့ထူးကို ရသောသူမှာ စားရချောင်ပေပြီ။ သောက်ရ ချောင်ပေပြီ။ နေထိုင်ရချောင်ပေပြီ။ အဘယ့်ကြောင့်ပါနည်း။
“မိုက်ကြေး”ကိုတောင်း၍ ရသောကြောင့်ပေတည်း။ ထိုမိုက်ကြေးမှာ အစိုးရကို ပေးရသော ပြာတာကြေး၊ အမြတ်တော်ကြေး၊ အညွှန့်တော်ကြေးတို့ထက်ပင် အကောက်ခံရ လွယ်ကူပေသေး၏။ အမြတ်တော်ကြီးတို့ကို မပေးသေးဘဲ ဆိုင်းထားမည်ဆိုက ဆိုင်းထားနိုင်လေသည်။ မိုက်ကြေးကိုမူကား အကြွေးထား၍ မရပေ။ ချက်ခြင်းပေးရမည်။
လူမိုက်ဘွဲ့ထူးကို ရထားသူတယောက် လက်ဖက်ရည်ဆိုင်ထဲသို့ သူ ဝင်သွားမည်ဆိုလျှင် ဟိုလူက လက်ဖက်ရည်သောက်ပါဦး၊ သည်လူက လက်ဖက်ရည်သောက်ပါဦးနှင့် ဆူညံ၍နေလေပြီ။ ထိုလူမိုက် လက်ဖက်ရည်သောက်ပြီးလျှင် ဆိုင်ထဲတွင် သုံးလေးခွန်း ဆဲလိုက်သေး၏။ လက်ဖက်ရည်ဆိုင်ရှင်ထံမှ တမူး၊ တမတ်စသဖြင့် မိုက်ကြေးတောင်းလိုက်သေး၏။ ပြီးတော့မှ ထွက်၍သွားလေသည်။ ထမင်းစားချိန်ကျပြန်လျှင် ကျွေးမည့်သူတွေ မရှား၊ ပုလိပ်များကပင် မိတ်ဖွဲ့၍ ထားကြရပေသည်။ ဤကား လူမိုက်ဘွဲ့ထူးကို ရထားသူတို့၏ တန်ခိုးပေတည်း။
ဝါးရုံတန်းရွာ ဦးထွားသည် လူမိုက်ဘွဲ့ကို ရထားသူ ဖြစ်ပေသည်။ သူ၏နေရာကို မည်သူမျှ မယူဝံ့သေး။ ယူရန် ကြံပင်မကြံဝံ့ကြချေ။ ဝါးရုံတန်းရွာတဝိုက်တွင် ဦးထွားဆိုလျှင် သိမ့်သိမ့်တုန်အောင် ကြောက်ကုန်ကြ၏။ သူနှင့်တုပ၍ မည်သူမျှ မမိုက်ဝံ့ကြချေ။ အသက်ကား ၆၀ ကျော်ပြီ။ အသားမဲမဲ၊ မျက်နှာပြဲပြဲ၊ နှာတံပေါ်ပေါ်၊ အရပ်ခပ်ပုပု၊ မျက်လုံးစူးစူး၊ နဖူးမောက်မောက်၊ ဆံပင်တိုတို။ ဤမျှနှင့် သူ၏ပုံပန်း ပေါ်လောက်ပေပြီ။
အဘယ်သို့သော သတ္တိထူးကြောင့် ယင်းလူမိုက်ဘွဲ့ကို ဦးထွား ရပါသနည်း။ ဦးထွားငယ်ငယ် အသက် ၃၀ အရွယ်တုန်းက နေ့လယ်ကြောင်တောင်တွင် မောင်ဆောင်တို့ညီအစ်ကို နှစ်ယောက်အား ဆောင်ဓားဖြင့် ခုတ်သတ်ခဲ့ဘူးလေသည်။ ထိုလူသတ်မှုအတွက် တကျွန်းသို့ ရောက်ခဲ့ဘူး၏။ တကျွန်းမှ လွတ်သည်မှာလည်း လေးငါးနှစ်ခန့် ကြာလေပြီ။ ယခုတိုင် မိုက်တုန်းပင်။
တကျွန်းမှ ပြန်ရောက်သည့်နေ့မှ အစပြု၍ ရွာထဲတွင် ရှိသမျှသောသူတို့အား လူဟူ၍ပင် မထင်။ ထက်လွှအောင် သွေးထားသောဆောင်ဓါးတလက်ကို ကိုင်ပြီးလျှင် “ငါတကျွန်းပြန်ကွ၊ လူတယောက်ကို ခုတ်သတ်ဝံ့တဲ့အကောင်။ တကျွန်းမှာ ငါ့သူငယ်ချင်းတွေ အများကြီးရှိတယ်။ အခုပြန်သွားရပေမဲ့ ကိစ္စမရှိဘူး”ဟု ဆိုကာ တအိမ်တက် တအိမ်ဆင်း ဂုဏ်ယူလျက်နေပေ၏။
တရွာလုံး မည်သူမှ ဦးထွားအား မကြောက်ဘဲ မနေဝံ့တော့ပြီ။ ယခင် လူသတ်မှုတွင် သက်သေခံခဲ့ကြသော သူတို့သည်လည်းကောင်၊ သူတို့၏ဆွေမျိုးများသည်လည်းကောင်း အဘယ်သို့ရောက်ကုန်ကြသည်မသိ။ ကြက်
ပျောက်၊ ငှက်ပျောက်၊ ပျောက်ကုန်ကြလေပြီ။ ဦးထွားကား တန်ခိုးကြီးမားပါပေ၏။
ထိုတကျွန်းပြန်ဘွဲ့ထူး၊ လူမိုက်ဘွဲ့ထူးကြီးတို့သည် ဦးထွားအား ထမင်းကျွေး၍ထားကြပေသည်။ ထမင်းချက်ချိန်ကျ၍ ဆန်မရှိလျှင် အိမ်နီးချင်းတို့ထံတွင် ဆန်သွားချေး၏။ မပေးဘဲမနေဝံ့ကြ။ ပေးလိုက်ပြန်လည်း ပြန်၍ ရသည်မရှိ။ ဤကား “မိုက်ကြေး” ပင် ဖြစ်လေသည်။ ဟင်းချက်စရာမရှိလျှင် အင်းသားကြီး ဦးရွှေသောင်တို့ထံမှာ ငါးသွားတောင်းပြန်၏။ မပေးဘဲမနေဝံ့ကြ။ ပေးကြရသည်သာတည်း။ ဟင်းချိုချက်စရာ မရှိပြန်လျှင် ဆယ်အိမ်
ခေါင်း ဦးလူမောင်၏ သမီးကလေး မယ်ထွေးက ဗူးသီးကို လာ၍ပို့ရရှာ၏။
မိုက်ကြေးမပေးဘဲ နေမိသူတို့ကား ဒုက္ခတမျိုးမျိုးနှင့် မုချတိုးပေလိမ့်မည်။ အိမ်ရှေ့တွင် စိုက်ထားသော ဗူးပင်များသော်လည်း အခုတ်ခံရမည်။ လူသော်လည်း ပါးများ အရိုက်ခံရမည်။ နွားသော်လည်း ပြန်ပေးအလုပ်ခံရမည်။ မည်သူသည် ဦးထွားအား မကြောက်ဘဲ နေဝံ့ပါအံ့နည်း။
ရွာ၌ ပွဲခံသောအခါ၌လည်း ဦးထွား မပါလျှင်မပြီး၊ ဦးထွားထံလာ၍ တိုင်ပင်ကြရ၏။ ဦးထွားက အငှါးခိုင်းသောပွဲကိုသာ ငှားကြရလေသည်။ ရုပ်သေးဆိုလျှင် ရုပ်သေး၊ ဇာတ်ဆိုလျှင်ဇာတ်၊ အငြိမ့်ဆိုလျှင် အငြိမ့်။ ဦးထွား၏အလိုကို မလွန်ဆန်ဝံ့ကြပေ။ တခါတုန်းက ဦးထွား အငှါးခိုင်းသောပွဲကို မငှါးမိသောကြောင့် ပွဲထွက်၍ မကြာသေးမီ ဦးထွား ပွဲထဲဝင်ကာ ဆိုင်းတွေကို ဓားဖြင့်ထိုးဖောက်သောကြောင့် ပွဲပျက်ခဲ့၏။ မည်သူမျှ မလှုပ်ဝံ့ချေ။ ဤရွာတွင် ဦးထွားမှတပါး အခြား လူမိုက် မရှိ။ သူသာလျှင် လူမိုက်။ သူသာလျှင် တကျွန်းပြန် ဖြစ်လေသည်။
ရွာ၏ နယ်နိမိတ်အတွင်း၌ ကျွန်းနုပေါ်လာလျှင် သူကြီးမင်းနှင့်သမာဓိတို့က ရွာသားတို့အား မြေကို ခွဲဝေပေးလေ့ ရှိကြကုန်၏။ မကျေနပ်သူတို့က ဦးထွားထံ အယူခံဝင်ကြလေပြီ။ ဦးထွားလည်း မိမိ၏ဆောင်ဓါးကို ကိုင်ကာ ယင်းမြေနုရှိရာသို့ အယူခံဝင်သူတို့နှင့် အတူထွက်ခဲ့၏။ ရောက်လျှင် ထိုသူတို့အား မိမိတို့ ကြိုက်ရာမြေကို ယူကြဟု ပေးခဲ့လေသည်။ လူမိုက်၊ တကျွန်းပြန်တည်းဟူသော ဘွဲ့ နှစ်ဘွဲ့ပိုင်ရှင် ဦးထွား၏စီမံချက်ကို မည်သူ လွန်ဆန်ဝံ့ပါအံ့နည်း။ မည်သည့်ရုံးသို့သွား၍ အယူခံဝင့်ပါအံ့နည်း။ တချက်လွှတ်အမိန့်ကို ရထားသော ဦးထွားပေတည်း။
သူကြီးမင်းလည်း ဦးထွားအား ခပ်ကြောက်ကြောက်ပင်။ ဦးထွားနှင့် အလိုက်သင့်သာလျှင် ပေါင်းသင်းကာနေလေသည်။ ယနေ့ မိမိ၏အာဏာကို ပြလျှင် မနက်ဖြန် မိမိ၏ကိုယ်နှင့်ဦးခေါင်းတို့မှာ အိုးစားကွဲတော့မည်။ ထို့ကြောင့်လည်း ဦးထွားအား အလိုက်အထိုက် ပေါင်းသင်းဆက်ဆံခြင်းကို ပြုနေပေသည်။ ရွာသူရွာသားတို့မှာ ဦးထွားအား သူကြီးမင်းထက်ပင် ပိုမို၍ရိုသေကြ၏။ ကြောက်ရွံ့ကြ၏။ အားကိုးကြ၏။
သူခိုးပေါက်စ၊ လူမိုက်ပေါက်စ၊ ဓားပြပေါက်စကလေးတို့အား အခါပေးလုပ်နေသည်မှာ ဦးထွားပင် ဖြစ်လေသည်။ ခိုးရာပါပစ္စည်း၊ တိုက်ရာပါပစ္စည်းများကို ထုခွဲပေးနေသည်မှာလည်း ဦးထွားပင် မဟုတ်ပါလော။ လုပ်သေနတ်များကိုလည်း ထိုသူခိုးပေါက်စ၊ လူမိုက်ပေါက်စ၊ ဓားပြပေါက်စတို့အား ရှာကြံပေးသေး၏။ ခိုးရာပါပစ္စည်း၊ တိုက်ရာပါပစ္စည်းများ ဦးထွား၏လက်ထဲသို့ ရောက်သွားလျှင် အမှုများ မပေါ်တော့ပြီ။ အဘယ်သို့ ထုခွဲလိုက်သည် မသိ။ ပုလိပ်များ လာရောက်စုံစမ်းသောအခါ သူကပင် သူလျှိုလုပ်ကာ သတင်းပေးလိုက်သေး၏။ မကြာမီ ဦးထွား အမြင်ကပ်သောသူများ လက်ထိပ်များနှင့် ပါသွားကြရလေသည်။ နာမည်ကြီးလည်း ကြီးလောက်ပေသည်။
ဦးထွားနှင့် ဆွေမျိုးတော်စပ်သောသူတို့မှာလည်း ဦးထွား၏အရှိန်ကြောင့် အစားရချောင်၊ အနေရချောင်ရုံမျှမက မျက်နှာကြီးလျက်နေကြကုန်၏။ မည်သူမျှ သူတို့အား ရန်မစဝံ့။ ဟိုလူက ခေါ် ချင်၊ သည်လူက ခေါ်ချင်၊ ဟိုအိမ်က ကျွေးချင်၊ သည်အိမ်က ကျွေးချင်နှင့်ပင်။ ဦးထွား၏ “လူမိုက်” အရောင်ကြောင့် တဆွေလုံး၊ တမျိုးလုံး ပါးပြောင်နေကြလေပြီ။
ဦးထွား၏မယားကြီး မရွှေစာမှာ ဦးထွား တကျွန်းမှ မပြန်ရခင်ကပင် သေခဲ့၏။ သမီးရွှေပုံ၊ ရွှေစုံတို့သာ ကျန်ရစ်ခဲ့ကြလေသည်။ သူတို့မှာလည်း အိုးတွေ၊ အိမ်တွေနှင့် ဖြစ်နေကြကုန်ပြီ။ ညှိုးညှိုးငယ်ငယ်နှင့် နေထိုင်ကြရရှာကုန်၏။ ဦးထွား တကျွန်းမှ ပြန်ရောက်သည့်နေ့မှ အစပြု၍ သူတို့တတွေမှာလည်း စီးပွါးလမ်းဖြောင့်ကြပြီးလျှင် ရွှေတွေ ငွေတွေနှင့် ဖြစ်နေကြကုန်၏။ (ဪ မတရားသောအလုပ်များ တယ်စီးပွါးလမ်းဖြောင့်ပါကလားကရို့)။
ဦးထွား တကျွန်းမှ ပြန်ရောက်၍ မကြာမီပင် မယားတယောက်ကို ယူပြန်၏။ အသက်ကား ၄ဝ နီးပါး။ အမည်ကား ဒေါ်ဆင့်။ သမီးကလေး မြစိန် ဆိုသူလည်း ပါလာလေသည်။ မြစိန်မှာ သနားကမား၊ အသက် ၁၆ နှစ်သာ ရှိသေး၏။ ဦးထွားမှာ သည်ယုန်မြင်၍ သည်ချုံထွင်ခြင်းဖြစ်လေသည်။ ဒေါ်ဆင့်နှင့်ညား၍ လေးလမျှ မကြာမီပင် မြစိန်ကလေးကို သိမ်းပိုက်လိုက်ပြန်၏။ ဒေါ်ဆင့်ကလည်း ကျေကျေနပ်နပ်၊ မြစိန်ကလည်း ကျေကျေနပ်နပ်၊ ဦးထွားကလည်း ကျေကျေနပ်နပ်၊ သူတို့သုံးဦးသားမှာ အင်မတန် ပျော်ရွှင်နေကြလေသည်။ မကြာမီအတွင်းမှာပင် မြစိန်၏လက်တွင် ရွှေလက်ကောက်တွေ အပြည့်ရောက်နေပေ၏။ “မြစိန် ကုသိုလ်ကောင်းတာဘဲ” ဟု အိမ်နားနီးချင်းတွေက တီးတိုးစကား ပြောကြားကြသေးသည်။ (လောကကြီး ပျက်စီးလေပြီတကား)။
ယခုအခါတွင်ကား ဒေါ်ဆင့်တွင် နှစ်နှစ်ခွဲခန့် သားကလေးတယောက်၊ မြစိန်တွင် နှစ်နှစ်ရွယ် သမီးကလေးတယောက် တွဲလောင်း တွဲလောင်းနှင့် ဖြစ်နေကြလေပြီ။ ပျော်လည်းပျော်ကြ၏။ ကျေလည်းကျေနပ်ကြ၏။ သမီးနှင့် မအေ တလင်တည်း ယူထားကြသောကြောင့် စကားများရန် အကြောင်းမမြင်။ မိမိတို့၏လင်မှာလည်း နှယ်နှယ် မဟုတ်။ ဘွဲ့ထူး၊ ဂုဏ်ထူးကြီးတွေနှင့် လင်ပေ။ ရွာနီးပတ်ဝန်းကျင်တွင် နာမည်ဟိုးဟိုးကျော်နေသောလင်ပေ။ ဒေါ်ဆင့်တို့ သားအမိစိတ်တွင် ပျော်ရွှင်၍မဆုံးပြီ။ (တော်လဲ တော်ကြပါပေရဲ့)။
တရံခါသော် မြစိန်သည် မောင်ဘိုးဝ စိုက်၍ထားသော ပဲခင်းမှ ပဲလွမ်းများကို ဆွတ်ကာ ရောင်းစား၏။ မောင်ဘိုးဝ အဘယ်မှာလျှင် ခံနိုင်ပါအံ့နည်း။ မိမိ၏ပဲများကို မတရားဆွတ်ခူးခြင်းကို မပြုရန် ပြောဆိုဘိ၏။ လူမိုက်ကြီးကတော် အမျက်တော်ရှလေပြီ။ ချက်ခြင်းပင် မောင်ဘိုးဝ၏စကားမှာ ဦးထွား၏နားသို့ ပေါက်၍သွား၏။ ဦးထွား၏မျက်စောင်းကား အကြောင်းသုံးပါးကို ရွေးလေ့မရှိ။ ချက်ခြင်းပင် မိမိ၏မယားနှစ်ယောက်၊ သမီးရွှေစုံ၊ ရွှေပုံတို့ကိုပါ ခေါ် ကာ မောင်ဘိုးဝ၏မြေပေါ်သို့ ရောက်လာကြကုန်၏။ လက်ထဲတွင်လည်း ဆောင်ဓါးကြီးမှာ တပြောင်ပြောင်၊ တလက်လက်နှင့် နေလေသည်။
မောင်ဘိုးဝတို့ကား အဘယ်မှာလျှင် ဦးထွားနှင့် တုဖက်ဝံ့ကြပါအံ့နည်း။ မောင်ဘိုးဝ စိုက်၍ထားသော ပဲပင်များကို ဖျက်ဆီးလိုက်ကြလေသည်။ မောင်ဘိုးဝတို့မှာ ကြည့်၍သာ နေကြရရှာပေ၏။ ဤမျှနှင့် ဦးထွား မကျေနပ်သေး။ မောင်ဘိုးဝအား ဆောင်ဓားကြီးဖြင့် ခုတ်ရန် လိုက်သေး၏။ မောင်ဘိုးဝ သေပြေး ရှင်ပြေး ပြေးရလေသည်။
နောက်တနေ့တွင် လျှောက်လွှာတစောင်ကို ကိုင်ကာ မောင်လူအေး၏ရုံးသို့ မောင်ဘိုးဝ ရောက်လာ၏။ များမကြာမီ ထိုအမှုကို မောင်လူအေး ဝါးရုံတန်းရွာ၌ သွား၍စစ်ဆေးလေသည်။ သက်သေအများ မောင်ဘိုးဝဖက်မှ ထွက်ကြကုန်၏။ ထိုသူတို့ကား ဦးထွားကို ချုပ်ထားတော့မှ အဟုတ်အမှန်ကို ထွက်ဝံ့ကြလေသည်။ အကယ်၍သာ ဦးထွားအား မချုပ်ထားမူကား အဘယ်သူသည် မောင်ဘိုးဝဖက်မှ သက်သေလိုက်ဝံ့ပါအံ့နည်း။ သူ့အား ချုပ်ထားသောကြောင့် မည်သို့မျှ မလုပ်နိုင်သော်လည်း ဦးထွားမှာ မာန်စောင် တတင်းတင်း၊ မျက်စောင်းတခဲခဲနှင့် နေ၏။
ဦးထွား ကံခေသောကြောင့်လား မသိ။ မည်သူမျှ ဦးထွားဖက်မှ သက်သေ မထွက်ကြချေ။ ဦးထွားမှာ လူမိုက်တို့၏စံပျော်ရာ နန်းတော်သို့ မြန်းရလေတော့မည်။ မသွားမီကလေးမှာပင် “ထောင်ကို ငါမကြောက်ဘူး။ ထောင်ကို မကြောက်လို့ လူမိုက်လုပ်နေတာပေါ့။ တကျွန်းကတောင် ပြန်လာတဲ့လူဘဲ” ဟူ၍ မိမိ၏ဂုဏ်ထူးများကို ချီးကျူးလျက်နေတော့သတည်း။
ဤလူမျိုးကို ဆုံးမနိုင်သောသူ၊ ဆုံးမနိုင်သော ဥပဒေ၊ ဆုံးမနိုင်သော တရားတို့သည် အဘယ်မှာ ရှိကြပါသနည်း။ သိလိုလှ၏။
------------------------