ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးချမ်းမြေ့အောင်စီးလာသည့်ယာဉ် တိုက်ခိုက်ခံရ
RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ် စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးချမ်းမြေ့အောင် စီးလာသည့်ယာဉ်ငယ် ဖေဖော်ဝါရီလ (၅) ရက်နေ့က ခလရ (၂၅၈) တပ်ထဲမှအပြန် ရေစကြိုမြို့နယ်ဆိုင်းဘုတ်ရှိသည့် မြို့အထွက်တွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
“တိုက်ခိုက်မှုကြောင့် စီမံကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးချမ်းမြေ့အောင်နှင့်နောက်ပါသုံးယောက်သေဆုံးကြောင်း သတင်းရရှိပါသည်။ အနီးကပ်ပစ်ခတ်တိုက်ခိုက်နိုင်သော်လည်း ကားမောင်းတဲ့ခွေးမှာ ချက်ခြင်းမသေဆုံးခဲ့သောကြောင့် ရန်သူ့လက်နက်များမရှိနိုင်ခဲ့ပဲ ရဲစခန်းရှေ့ရှိ မောင်းသွားခဲ့ပါသည်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
ပစ်ခတ်ခံရသည့် စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးချမ်းမြေ့အောင်နှင့် နောက်လိုက်များ သေဆုံးမှုရှိမရှိကို Red News Agecny အနေဖြင့် သီးခြားအတည်ပြုထားနိုင်ခြင်းမရှိသော်လည်း ပစ်ခတ်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွါခဲ့သည်ဟု ရေစကြို ပကဖ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဓာတ်ပုံ - ရေစကြို ပကဖ ရဲဘော်များ။