မြန်မာစစ်တပ်ကို လက်နက်ဝယ်ယူပေးသူလို့ စွပ်စွဲခံထားရတဲ့ ဦးထွန်းမင်းလတ်နဲ့ သူ့အမှုတွဲ ၄ ဦးကို သူတို့ တရားရင်ဆိုင် စွပ်စွဲခံထားရတဲ့ ငွေကြေးခဝါချမှု၊ မူးယစ်မှောင်ခိုကူးမှုအပါအဝင် အမှုပေါင်း ၃၀ ကျော်ကနေ ကင်းလွတ်ခွင့်ပေး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ရာဇဝတ်တရားရုံးက မြန်မာစစ်တပ်ကို လက်နက်ဝယ်ယူပေးသူလို့ စွပ်စွဲခံထားရတဲ့ ဦးထွန်းမင်းလတ်နဲ့ သူ့အမှုတွဲ ၄ ဦးကို သူတို့ တရားရင်ဆိုင် စွပ်စွဲခံထားရတဲ့ ငွေကြေးခဝါချမှု၊ မူးယစ်မှောင်ခိုကူးမှုအပါအဝင် အမှုပေါင်း ၃၀ ကျော်ကနေ ကင်းလွတ်ခွင့်ပေး လိုက်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က ဦးထွန်းမင်းလတ်အပါအဝင် ၄ ဦးကို စွပ်စွဲတိုင်ကြားတဲ့အမှုတွေမှာ သက်သေမခိုင်လုံဘူးဆိုတဲ့အချက်နဲ့ အမှုတွေကို ဆက်မစွဲဘို့ တရားရုံးက ဒီကနေ့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အသက် ၅၃ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်၊ ထိုင်းအထက်လွှတ်တော်မတ် ဥပကစ်ရဲ့ သားမက်ဖြစ်သူ အသက် ၃၀ ကျော် အရွယ်အမျိုးသားနဲ့ ထိုင်းနိုင်ငံသား အမျိုးသမီး ၃ ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းမှာ ပြုလုပ်တဲ့ စီးနင်းရှာဖွေမှုတွေအတွင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ထိုင်းရဲတပ်ဖွဲ့က အေဂျင်စီပေါင်းစုံနဲ့ပြုလုပ်ခဲ့တဲ့ စီးနင်းရှာဖွေမှုတွေမှာတော့ အရာရှိတွေဟာ အမေရိကန်ဒေါ်လာ ၅ သန်းနီးပါးရှိတဲ့ပိုင်ဆိုင်မှုတွေ၊ ‘‘မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ ကြံစည်မှု၊ မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကူညီမှုနဲ့ ငွေကြေးခဝါချမှု လုပ်ဆောင်ဖို့ ပူးပေါင်းကြံစည်တဲ့’’ လူ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဦးထွန်းမင်းလတ်နဲ့ အထက်လွှတ်တော်အမတ်ရဲ့ သားမက်ဖြစ်သူတို့ဟာ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Allure Group (P&E) ကုမ္ပဏီနဲ့ဆက်နွှယ်ပြီး အဲဒီကုမ္ပဏီဟာ ‘‘မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ ကျူးလွန်မှုတွေကနေ ရရှိတဲ့ငွေကြေးတွေကို မြန်မာပြည်ကို လျှပ်စစ် တင်ပို့မှုပုံစံပြောင်းလဲခဲ့တယ်’’ လို့ တရားရုံးကို အမှုစွဲတင်တဲ့အထဲမှာ ဖော်ပြခဲ့ပါတယ်။
ဦးထွန်းမင်းလတ်ဟာ မူးယစ်ဆေးဝါး ရောင်းချမှုတွေကနေ စီးဆင်းလာတဲ့ ရန်ပုံငွေတွေကို မယ်ဆိုင် ခရိုင် လျှပ်စစ်အာဏာပိုင်အဖွဲ့ကို လွှဲပြောင်းခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။ အထက်လွှတ်တော် အမတ်ရဲ့သားမက်ဖြစ်သူကတော့ Allure Group(P&E)ရဲ့ ဆက်စပ်ကုမ္ပဏီ Myanmar Allure Group Company Limited ဆီကနေ လွှဲလာတဲ့ငွေကြေးတွေကို ကြီးကြပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။
ဒါပေမဲ့ ဦးထွန်းမင်းလတ်နဲ့ အမှုမှာစွပ်စွဲခံရသူတွေ အားလုံးကတော့ သူတို့မှာ အပြစ်မရှိတဲ့အကြောင်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၂၃ ရက်မှာပြုလုပ်တဲ့ တရားခွင်ကြားနာမှုမှာ ထွက်ဆိုခဲ့ကြပါတယ်။
ဦးထွန်းမင်းလတ်အပါအဝင် အမှုမှာ စွပ်စွဲခံရသူတွေဟာ ဘန်ကောက်မြို့က အချုပ်ထောင်ထဲကနေ တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရအပြီးမှာ တရားရုံးက အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အစိုးရရှေ့နေတွေက တင်သွင်းတဲ့သက်သေအထောက်အထားတွေဟာ အားနည်းပြီး စွပ်စွဲခံရသူတွေ ဘက်ကလည်း အထောက်အထားတွေနဲ့ ပြန်လည်ချေပနိုင်ခဲ့တယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းလွှတ်တော်အမတ်အတွက် အမှုလိုက်ပေးခဲ့တဲ့ ရှေ့နေ ရန်ဆက် ဆန်စရီယန်စီ ကတော့ ဒီနေ့ တရားရုံးဆုံးဖြတ်ချက်ဟာ ရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဝရမ်းမထုတ်ခင်မှာ အချက်အလက်အသေးစိတ်ကို သေသေချာချာဆန်းစစ်ပြီးမှ ထုတ်ဖို့ ဥပမာအဖြစ် ယူရမယ့် စီရင်ထုံးတစ်ခုဖြစ်လာသင့်တယ်လို့ တရားရုံးဆုံးဖြတ်ချက်အပြီးမှာ သတင်းထောက်တွေကိုပြောပါတယ်။
တရားရုံးက အခုလိုဆုံးဖြတ်လိုက်ပေမဲ့ အစိုးရရှေ့နေချုပ်ဟာ ဒီအမှုနဲ့ ပတ်သက်လို့ အယူခံဝင်ခွင့်ရှိမယ်လို့ သိရပါတယ်။

ဦးထွန်းမင်းလတ်နဲ့ မစ္စတာ ဥပကစ် (ဘယ်ဘက်အမျိုးသား နှစ်ဦး)
မြန်မာ စစ်တပ်နဲ့ ဦးထွန်းမင်းလတ်တို့ ဆက်နွှယ်လား

ဦးထွန်းမင်းလတ်(လည်စည်းအဝါရောင်နဲ့အမျိုးသား)ကို ၂၀၁၉ ဘန်ကောက် လုံခြုံရေးနဲ့ကာကွယ်ရေးပြပွဲတက်တဲ့ စစ်ခေါင်းဆောင်အနီးမှာ မြင်တွေ့ရတာဖြစ်ပါတယ်။
ဦးထွန်းမင်းလတ်ကို မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေသူလို့ စစ်တပ်လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ Justice For Myanmar (JFM) အဖွဲ့က ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေနဲ့အတူ သတင်းဖော်ပြပါတယ်။
ဦးထွန်းမင်းလတ်နဲ့ သူ့ဇနီးတို့ဟာ ကြယ်နီလာ ရောင်းဝယ်ရေးကုမ္ပဏီလုပ်ငန်းစု (Star Sapphire Group of Companies) မှာ ဒါရိုက်တာတွေအဖြစ်နဲ့ ရှယ်ယာပါဝင်နေပြီး အဲဒီထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးဖြစ်သူတို့လည်း ပါဝင်တယ်လို့ JFM က ပြောဆိုပါတယ်။
ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းပြုလုပ်တဲ့ စီးနင်းရှာဖွေမှုတွေမှာ ဗိုလ်ချုပ်မှူးကြီးရဲ့ သားနဲ့ သမီးဖြစ်သူတို့ နာမည်နဲ့ ဘဏ်စာအုပ်တွေအပြင် သူတို့နာမည်ပေါက် တိုက်ခန်းတစ်ခန်းကိုလည်း ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ တရားဝင်စာရွက်စာတမ်းနဲ့ သတင်း ရင်းမြစ် ၂ ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာမှာဖော်ပြခဲ့ပါတယ်။
ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်မှာတော့ ဦးထွန်းမင်းလတ်ရဲ့ Star Sapphire Group ဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးအကျိုးစီးပွားဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တယ်လို့ ဖော်ပြပါတယ်။
မျိုးတုံးသတ်ဖြတ်မှုအဖြစ် နိုင်ငံတကာအသိုက်အဝန်းက စွပ်စွဲတဲ့အထိ ဦးတည်စေခဲ့တဲ့ ရိုဟင်ဂျာ သိန်းချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ ရခိုင်ပြည်နယ်မှာ စစ်တပ်က ပြုလုပ်တဲ့ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးတွေအပြီးမှာ စစ်တပ်ကို ငွေကြေးလှူဒါန်းတဲ့ ကုမ္ပဏီတွေထဲမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဦးထွန်းမင်းလတ်ကတော့ မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့ပေးနေသူလို့ စွပ်စွဲခံရတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပါတယ်။
‘‘အဲဒီစွပ်စွဲချက်တွေက မဟုတ်ပါဘူး။ အဲဒီစွပ်စွဲချက်တွေကို အခုလို တရားရုံးနဲ့ ကျွန်တော်တို့ လာပြီး ဖြေရှင်းပေးနိုင်တယ်။ တရားမျှမျှတတသာ ဖြစ်ပါစေ။ ကျွန်တော်တို့ အကုန်ဖြေရှင်းပေးနိုင်တယ်။ ကျွန်တော် မှန်မှန်ကန်ကန်နဲ့လုပ်ခဲ့တာတွေအတွက် မကျေနပ်တဲ့သူတွေ၊ မနာလိုတဲ့သူတွေက ပြောဆိုချက်တွေဖြစ်ပါတယ်။ လူကြီးနဲ့ ရင်းနှီးတယ်ဆိုတာလည်း သန့်သန့်လေး ရင်းနှီးတာဖြစ်ပါတယ်’’ လို့ ဦးထွန်းမင်းလတ်က စက်တင်ဘာလတုန်းက ပြုလုပ်တဲ့တရားခွင်ကြားနာမှုတစ်ခုအပြီးမှာ ပြောခဲ့ပါတယ်။