စစ်ကောင်စီရဲ့ သံလွင်မြစ်တလျှောက် မူတြော်အရပ်မှ နောက်ဆုံးစခန်း (သို့မဟုတ်) တစ်ကိုယ်တော် သုမွဲထ
"သံလွင်မြစ်တလျှောက်တွင် စစ်ကောင်စီ၏ နောက်ဆုံး စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် ၄၀၄၄ တွင် ထိုင်ထားသည့် သုမွဲထ စစ်စခန်းသည် အချက်အချာအကျဆုံး သန်လွင်မြစ်နှင့်သောင်ရင်းမြစ်ဆုံသော မြစ်ဆုံ စစ်စခန်းကြီး"
**********************
မီးသွေး
မြန်မာနိုင်ငံတွင်လည်း စစ်ကောင်စီ၏ စစ်စခန်းများသည် မြစ်၊ချောင်းများ အနီးတွင်ခြေကုတ်ယူပြီး ဆောက်လုပ်ထားသောစစ်စခန်းများစွာကို လည်းတွေ့ရှိရမည်ဖြစ်သည်။ ထိုမြစ်၊ချောင်းများစွာရှိသည့်အနက် နွေဦးတော်လှန်ရေး အစမှစပြီး မြစ်ကြောင်းတစ်လျှောက် စစ်ကောင်စီ၏ စခန်းကြီးများနှင့်ဘေးနားရှိ အရံစခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီး သံလွင်မြစ်ဘေးရှိစစ်ခန်းများမှာ လုံးပါးပါးလာသည်။
သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ၏ အခိုင်အမာစစ်စခန်းဖြစ်သော၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သီးမူးထ စစ်စခန်း၊ ဧပြီလ ၂၇ ရက်နေ့တွင် သော်လဲထာ စစ်စခန်း ၊၂၀၂၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့တွင် ကျောက်ညှပ်စစ်စခန်း၊၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်တွင် မယ်ခါထာ စစ်ခန်း၊၂၀၂၃ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဖဲထာ စစ်စခန်း စသည့် အခိုင်အမာစစ်စခန်းကြီးများကို KNUနှင့် ပူးပေါင်းမဟာမိတ် အဖွဲ့များမှ သိမ်းယူနိုင်ခဲ့သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်များသည် မူတြော်ခရိုင် သံလွင်မြစ်တလျှောက် နယ်စပ်ထိန်းချုပ်ရေးနှင့်နယ်မြေစိုးမိုးမှုကိုပါ လက်လွှတ်လိုက်ရသည်။ စစ်ကောင်စီ ဆုံးရှုံးလိုက်ရသော စစ်စခန်းများကြောင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် မူတြော်ခရိုင်တွင် စစ်ရေးပစ်မှတ်များထက် အရပ်သားပစ်မှတ်များကိုပါပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ကိုလည်း တွေ့ရှိရပေမည်။
စစ်ကောင်စီ ဆုံးရှုံးသွားသော စစ်စခန်းများ ပြန်လည်ရရှိရန် အကြိမ်ကြိမ်ကြိုးပမ်းသော်လည်း အကျအရှုံးများစွာဖြင့်မရရှိနိုင်ပဲ စစ်စခန်းများရယူရန် လက်လျော့ခဲ့ရသည် အဖြစ်သို့ စစ်ကောင်စီ ရောက်ရှိခဲ့သည်။ သံလွင်မြစ်တလျှောက်တွင် စစ်ကောင်စီ၏ နောက်ဆုံး စစ်စခန်းတစ်ခုဖြစ်သော ပွိုင့် ၄၀၄၄ တွင် ထိုင်ထားသည့် သုမွဲထ စစ်စခန်းသည် အချက်အချာအကျဆုံး သန်လွင်မြစ်နှင့်သောင်ရင်းမြစ်ဆုံသော မြစ်ဆုံ စစ်စခန်းကြီး တစ်ခုလည်း ဖြစ်သည်။
သုမွဲထ စခန်းသည်မှတ်တမ်းဖြစ်ရပ်တစ်ခုရှိခဲ့သည်။ KNU ဥက္ကဌ ဗိုလ်ချုပ်စောဗိုလ်မြ တာဝန်ယူစဉ်ကာလ ၁၉၈၉ ခုနှစ်တွင် မြိုင်ကြီးငူဆရာတော် အရှင်သုဇနသည် မာနယ်ပလောသို့ကြွရောက်ပြီး ဗိုလ်ချုပ်စောဗိုလ်မြနှင့်တွေ့ဆုံကာ သုမွဲထမြစ်ဆုံ၌ ဘုရားတည်၊ ကျောင်းဆောက်၍သာသနာပြုလုပ်ငန်းများ လုပ်ကိုင်လိုကြောင်းပြောကြားသောအခါ KNU ၏ လွတ်လပ်စွာ လွတ်လပ်စွာ ယုံကြည်ခွင့် မူဝါဒအရ ခွင့်ပြုခဲ့သည်။သို့သော် ခြွင်းချက်ပါသည်။ခြွင်းချက်မှာ စစ်ရေးအရ အချက်အချာကျသော နေရာဖြစ်၍ ကန့်သတ်ချက် ထည့်ရခြင်းဖြစ်သည်။
စေတီကို ထုံးသင်္ကန်း ကပ်လှူခြင်း မပြုရန်၊ ကျောင်း ဇရပ်တို့ကို သွပ်မိုးခြင်း မပြုရန်၊ မအေးချမ်းသေးသော ဒေသဖြစ်၍ တဖက်နိုင်ငံမှတဆင့် ဒါယိကာ၊ ဒါယိကာမများ လာရောက်ပူဇော်ခြင်းမပြုရန် တို့ဖြစ်သည်။ ထုံးဖြူဖြူနှင့်သွပ်မိုး တို့သည် ထိုအချိန်ကာလ လက်နက်ကြီးပစ်မှတ်အတွက် အထောက်အကူ ပြုရာရောက်မည်ဟု KNU ယူဆ၍ မပြုလုပ်ရန် ကန့်သတ်ခြင်းဖြစ်သည်။ မြိုင်ကြီးငူဆရာတော် ထိုအချက်ကို မကျေနပ်ခဲ့ပဲ ဘုရားတည်လိုက်နားလိုက်နှင့်ပင် မြစ်ဆုံစေတီ ထီးတင်မည့်နေသို့ရောက်ရှိလာခဲ့သည်။
မြိုင်ကြီးငူဆရာတော်ထံ မှီတင်းခိုလှုံနေကြသည့် လူများက ၈ ရာ နှင့် ၁ထောင်ကြား ရှိမည်။ သူတို့ကို မြိုင်ကြီးငူဆရာတော် နေ့စဉ် ထမင်း၊ဆေး၊ကွမ်း ကျွေးမွေးသည်ကိုလည်း KNU တွေ့ရှိရသည်။ နေ့စဉ် ကျွေးမွေးနိုင်အောင်လည်း လှူဒါန်းကာ နောက်ကွယ်မှ ပံ့ပိုးနေသူလည်းရှိသည်။ ထိုအချိန်က KNU ကိုကိုင်တွယ်ပြီးသွေးခွဲရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့(နဝတ) ၏ စစ်ထောက်လှမ်းရေး(Military Intelligence ) M I ခေါင်းဆောင်ခင်ညွန့် စီမံနေသောစီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။
မြိုင်ကြီးငူဆရာတော်ထံ အချို့သော KNU/KNLA မှာ ရဲဘော်များ တပ်ကိုစွန့်၍ ခိုလှုံသွားကြသည်။ နဝတ ထောက်လှမ်းရေးခေါင်းဆောင် ခင်ညွန့် စီမံထားသလိုဖြစ်လာခဲ့သည်။ KNU သွေးခြင်းခွဲခံခဲ့ရပြီး ၁၉၉၄ ခုနှစ်တွင် DKBA ပေါ်ပေါက်လာကာ KNU ဌာနချုပ် မာနယ်ပလောကျပြီး နဝတအစိုးရ ရရှိခဲ့သည်။ ထိုဖြစ်စဉ်တစ်ခုလုံးကြည့်လျှင် စစ်တပ်သည် ဘာသာရေးကို လက်နက်သဖွယ်အသုံးပြုပြီး သွေးခွဲခဲ့သည်ကို တွေ့ရှိရပေမည်။
ယခုလက်ရှိအချိန်တွင် သံလွင်မြစ်တလျှောက် နောက်ဆုံးကျန်သော စစ်ကောင်စီ၏ သုမွဲထ စစ်စခန်းသည် စစ်ရေးအရအချက်အချာကျသောနေရာဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ရည်ခိုက်ရည်နှင့်စိတ်ဓာတ်သည် အဆိုးရွားဆုံးအခြေအနေကိုရောက်ရှိနေသည်။ သုမွဲထ စစ်စခန်းသည် စစ်ရေးအရအချက်အခြာကျသော်လည်း ……..
စစ်နည်းဗျူဟာ ဘယ်လိုသာလဲ
စွဲကိုင်လက်နက် ဘယ်လိုထက်လည်း
ပြည့်သူ့နှလုံး မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား မကိုးစားလျှင်
ဓားသွားလည်းကြွေ လှံလည်းခွေအံ့ ....
လက်ဝဲသုန္ဒရအမတ်ကြီး၏ နန္ဒိသေနပျို့ကဲ့သို့ ပြည်သူများ၏ ထောက်ခံအားပေးမှုမရရှိသမျှ သံလွင်မြစ်တလျှောက်၏ နောက်ဆုံးကျန်သည့် သုမွဲထစစ်စခန်း ထပ်မံကျဆုံးမည့် အချိန်နီးလာပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။
ဓာတ်ပုံ : KNLA - ဗမာစစ်တပ်မှ နှစ်ပေါင်း ၃၀ ခန့်အခိုင်အမာ တပ်စွဲထားသည့် ထီးထ (ဖဲထာ) (မိုလို့ကျိုး) စစ်စခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် မှတ်တမ်းဖြစ်သည်။