တစ်ခါက စီးပွားရေးသမားတစ်ဦးဟာ အလုပ်တွေများလွန်းလို့ စိတ်ဖိစီးပြီး ပင်လယ်ဆိပ်ကမ်းမြို့လေးတစ်မြို့ကို အပန်းဖြေခရီး ထွက်လာခဲ့သတဲ့။
စီးပွားရေးသမားကြီးက တံငါသည်ရဲ့ အေးအေးလူလူရှိတဲ့ပုံစံကို သဘောကျသွားတာနဲ့ "ခင်များ ဒီငါးတွေရဖို့ ဘယ်လောက်ကြာကြာ ဖမ်းရလဲဗျ" ဆိုပြီး မေးကြည့်လိုက်တယ်။
တံငါသည်က "အော် ဒီငါးတွေလား။ သိပ်တော့ မကြာဘူးဗျ။ ခဏလေးပဲ ဖမ်းရတာပါ" လို့ ပြန်ဖြေလိုက်သတဲ့။ စီးပွားရေးသမားကြီးက အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်သွားတယ်။
"ဒါဖြင့် ဘာလို့ ခင်များ ဒီထက် ငါးတွေပိုရအောင် မဖမ်းတော့တာလဲ။ အစောကြီးပဲ ရှိသေးတယ်မလား" လို့ ထပ်မေးတော့ "တော်ပါပြီ။ ဒီငါးတွေက ကျွန်တော့်မိသားစုအတွက် အေးဆေး လုံလောက်နေပြီလေ။ အိမ်နီးချင်းတွေကိုတောင် ခွဲပေးလို့ ရသေးတယ်" လို့ တံငါသည်က ပြန်ဖြေပါတယ်။
စီးပွားရေးသမားကြီးက စိတ်ထဲ သိပ်ဘဝင်မကျတော့ဘူး။ "ဒါဆို ခင်ဗျား
ကျန်တဲ့အချိန်တွေ ပိုနေတာ ဘာလုပ်လဲဗျ" လို့ ထပ်မေးပါတယ်။
တံငါသည်က "အင်း ကျွန်တော်က ပုံမှန်ဆိုရင် နေလေးထွက်လာပြီဆို ငါးဖမ်းထွက်တယ်။ တစ်နေ့တာအတွက် လုံလောက်ပြီဆို အိမ်ပြန်တာပေါ့။ ကျွန်တော့်ဇနီးကို နမ်းတယ်၊ ပြီးရင် ကလေးတွေနဲ့ ကစားတယ်။ ဒီလိုနဲ့ နေ့လည်ပိုင်းလည်း ရောက်လာရော ကျွန်တော် တစ်ရေးအိပ်တယ်၊ စာဖတ်တယ်ပေါ့။ ညနေဆိုရင်တော့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ရွာထဲမှာ နည်းနည်းပါးပါး သွားသောက်တယ်၊ ဂီတာလေးတီး သီချင်းလေး ဆိုပေါ့ဗျာ။ ညဘက်ရောက်တဲ့အထိ ကကြသေးတယ်ဗျ" လို့ သူ့တစ်နေ့တာကို အာပေါင်အာရင်းသန်သန် ပြောပြသတဲ့။
အဲ့အခါ စီးပွားရေးသမားကြီးက စီးပွားရေးသမားပီပီ "ကျွန်တော် အကြံတစ်ခု ပေးမယ်နော်၊ စိတ်တော့မရှိပါနဲ့" လို့ပြောပြီး တံငါသည်ကို အကြံပေးပါတယ်။
စီးပွားရေးသမားကြီးက "ကျွန်တော်က စီးပွားပညာမှာ ဒေါက်တာဘွဲ့ ရထားတာဗျ။ ခင်ဗျားကို ဒီထက်ပိုပြီး အောင်မြင်လာဖို့နဲ့ ငွေပိုဝင်မဲ့ နည်းလမ်းကို ပြောပြမယ်။ ခုကစပြီး ခင်ဗျား ပင်လယ်ထဲမှာပဲ အချိန်ပိုကုန်သင့်တယ်၊ ပြီးရင် ငါးတွေကို ဖမ်းနိုင်သမျှ များများ ဖမ်းသင့်တယ်။ ခင်ဗျား ငွေများများ စုမိလာတဲ့အခါ ပိုများတဲ့ ငါးတွေကို ဖမ်းနိုင်ဖို့ ပိုကြီးတဲ့ လှေကို ဝယ်လာနိုင်မယ်။ အဲ့ကနေပြီးတော့ လှေတွေ တစ်စင်းက နှစ်စင်း၊ နှစ်စင်း သုံးစင်း များနိုင်သမျှ များများ ဝယ်လာနိုင်မယ်ဗျာ။ နောက်ပိုင်း ခင်ဗျား ကိုယ်ပိုင် ကုမ္ပဏီထောင်လို့ ရပြီ။ ငါးမွေးမြူရေးနဲ့ ဖြန့်ချိရေး စက်ရုံတစ်ခုထောင်လိုက်နိုင်မယ်။ နောက်ကျရင် တခြားမြို့တွေမှာပါ ဆိုင်ခွဲတွေ အများကြီး ဖွင့်နိုင်ဖို့ ခင်ဗျားကိုယ်တိုင်လည်း မြို့ပြကို ပြောင်းသင့်တယ်" ဆိုပြီး သူကျွမ်းကျင်တဲ့ပညာနဲ့ အကြံတွေ တရစပ်ပေးတာပေါ့။
တံငါသည်က ပြန်မေးတယ် "အင်း ခင်ဗျားပြောတာ မဆိုးပါဘူး။ ဒါနဲ့ ပြီးတော့ရောဗျ။"
''ပြီးရင်တော့ ခင်များ ဘုရင်တစ်ပါးလို နေနိုင်ပြီလေဗျာ။ ခင်များမှာ ကိုယ်ပိုင် ကုမ္ပဏီနဲ့ ပြီးရင် ရှယ်ယာတွေကို ရင်းနှီးမြှုပ်နှံလိုက်၊ ဒီလိုဆိုရင် ကျုပ်လို ချမ်းသာပြီပေါ့" လို့ စီးပွားရေးသမားကြီးက ပြောသတဲ့။
တံငါသည်က "ကောင်းသားပဲ၊ ပြီးတော့ရော" လို့ ထပ်မေးပြန်ပါတယ်။
စီးပွားရေးသမားကြီးက "ပြီးရင် ခင်များ ဘဝတစ်လျှောက်လုံး အေးဆေးအနားယူလို့ရပြီ။ ပင်လယ်နားက အိမ်ကို ရွှေ့မယ်၊ မနက်စောစောထပြီး ငါးမျှားမယ်၊ အိမ်ပြန်ပြီး ကလေးတွေနဲ့ ကစားနိုင်မယ်၊ ခင်ဗျား ဇနီးကို နမ်းမယ်၊ နေ့လည် နေ့ခင်း တစ်ရေးအိပ်မယ်၊ ခင်ဗျားသူငယ်ချင်းတွေနဲ့ သွားသောက်မယ်၊ သီချင်းဆိုမယ်၊ ဒီလိုနဲ့ ညရောက်တဲ့အထိ စိတ်ကြိုက် အပန်းဖြေပေါ့ဗျာ" လို့ အကြံပေးပါတယ်။
ဒီအခါ တံငါသည်က နောက်ဆုံးတစ်ခွန်း ပြန်ပြောလိုက်ပါတယ်။ အဲ့တာက "ဒါပေမဲ့ အခုလည်း ကျွန်တော် အဲ့ဒါတွေ နေ့တိုင်း လုပ်နေတာပဲ မဟုတ်ဘူးလား" တဲ့။
ပုံပြင်လေးကတော့ ဒါပါပဲ။ ရီဒါတို့ရော စီးပွားရေးသမားကြီးနဲ့ တံငါသည်တို့ နှစ်ဦးမှာ ဘယ်သူပြောတာ မှန်တယ်လို့ ထင်ပါသလဲ။ ပုံပြင်လေးကိုဖတ်ပြီးသွားတဲ့အခါမှာရော ဘာတွေ တွေးမိကြလဲ။