Skip to main content

Continue !

မြန်မာနိုင်ငံ ဘောလုံးရွှေခေတ်မှာ ၁၉၅၆ခုနှစ် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဘောလုံးသမားဆုရ ကောလိပ်ဂျင်နေဝင်း


 
၁၉၅၆ခုနှစ် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဘောလုံးသမားဆုရ ကောလိပ်ဂျင်နေဝင်း
`````````````````````````````````
အမည် - ဦးနေဝင်း(ကောလိပ်ဂျင်)
ထူးချွန်တဲ့အားကစား - ဘောလုံး
မွေးသက္ကရာဇ် - 1.10.1928
မွေးရပ်ဇာတိ - (ယခင်ညောင်ပင်ရွာ)ယခုညောင်ပင်ရပ်ကွက်၊ ဟင်္သတမြို့နယ်
မိဘအမည် - ဦးသက်ဖေ၊ ဒေါ်တင်
ငယ်နာမည် - ပါပူး၊ နေဒွန်း
ဟင်္သတမြို့နယ်၊ ညောင်ပင်သာရွာတွင် ရဲဝန်ထောက် ဦးသက်ဖေနှင့် ဒေါ်တင်တို့မှ 1928 ခုနှစ် အောက်တိုဘာ 1 ရက်တွင် နေဝင်းကို မွေးဖွားခဲ့ပါတယ်။ ပါပူး၊ နေဒွန်း စတဲ့ ငယ်နာမည်တွေက လူသိများပါတယ်။ ဟင်္သတမြို့၊ ကန်မင်းဟိုက်စကူးကျောင်းတွင် ရှစ်တန်းအောင်သည်အထိ ပညာသင်ကြားခဲ့ပြီး ဘဝပေးအခြေအနေအရ နွားနို့ လှည့်လည်ရောင်းချပြီး ပညာသင်ကြားခဲ့ရပါတယ်။ ပညာရေးတဝက်တပျက်နှင့် ကျောင်းမှ နုတ်ထွက်ခဲ့ရပြီး 1945 ခုနှစ်မှာ တပ်မတော်(ရေ)တွင် သာမန်ရေတပ်သားကလေးဘဝဖြင့် ဝင်ရောက်ခဲ့ပါတယ်။ ရေတပ်သားဘဝမှာ တာဝန်ထမ်းဆောင်ရင်း ဘောလုံးကစားရာမှတစ်ဆင့် 1949ခုနှစ်မှာ တပ်မတော်(ရေ)လက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့ပါတယ်။ ဤမျှသာမကဘဲ ဘောလုံးကို ထူးချွန်စွာကစားနိုင်ခဲ့တာမလို့ 1950 ခုနှစ်မှာ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ကောလိပ်ဂျင်နေဝင်းဟာ တပ်မတော်(ရေ)မှာ တာဝန်ထမ်းဆောင်ပြီး တပ်မတော်ကို ကိုယ်စားပြုဘောလုံးကစားခဲ့ရုံသာမက တက္ကသိုလ်ဝင်တန်းအောင်မြင်အောင်လည်းကြိုးစားခဲ့ရာ 1951 ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ တပ်မတော်(ရေ)ကနေ နှုတ်ထွက်ခဲ့ပြီး 1952 ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ ဆက်လက်တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်ကိုရောက်ရောက်ချင်းမှာပဲ တက္ကသိုလ်ဘောလုံးအသင်းမှာ ဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေစဥ်ကာလအတွင်းမှာ သူ့ဘဝရဲ့ ဖခင်သဖွယ်လည်းဖြစ် ဆရာလည်းဖြစ်တဲ့ တက္ကသိုလ်အားကစားမှူး ဆရာငြိမ်းနှင့် တွေ့ခဲ့ရပြီး ဆရာငြိမ်းရဲ့စောင့်ရှောက်မှုအောက်မှာ ဆရာငြိမ်းနှင့်အတူ အဆောင်တွင်မှီခိုနေထိုင်ပြီး ပညာသင်ကြားခဲ့ရပါတယ်။
ဆရာငြိမ်းရဲ့ ကူညီဆောင်ရွက်ပေးမှုကြောင့် 1954 ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရေကူးကန်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၅၅ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသို့လည်းကောင်း၊ အင်ဒိုနီးရှားမှပြန်ရောက်ပြီး ၂ လအကြာတွင် ဂျပန်နိုင်ငံသို့လည်းကောင်း၊ ဂျပန်ခရီးစဥ်မှအပြန်မှာ တရုတ်ပြည်သို့လည်းကောင်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ချစ်ကြည်ရေးခရီးစဥ် သွားရောက်ခဲ့ရာမှာ မြန်မာ့လက်ရွေးစင်ဘောလုံးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ပွဲထွက်ကစားခဲ့ရတဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ကောလိပ်ဂျင်နေဝင်းဟာ ဘောလုံးကစားရာမှာ လူချပြီးမကစားတတ်တဲ့ အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် အသင်းအနိုင်ရရှိရေးကိုသာ အလေးထားကာ ကစားခဲ့သူဖြစ်ပါတယ်။ အဲ့ဒါအပြင် ပင်နယ်တီကန်သွင်းတဲ့အလုံးတိုင်း ဂိုးဝင်ခဲ့သူလည်းဖြစ်ပါတယ်။ (ကောလာဟလ အနေနဲ့ သူ့ကန်ချက်ကြောင့် ဂိုးသမား ကွယ်လွန်တာ ဘာညာဆိုတာ လုံးဝ မဟုတ်သလို သံခြေချင်းခတ်ရတယ်၊ သူအားသာတဲ့ ခြေထောက်ကို အသုံးပြုကန်ခွင့်မပေးဘူး ဘာညာဆိုတာ တကယ်မဟုတ်ဘူးဆိုတာပါပဲ။ ကန်ချက်ပြင်းလို့ တင်စားကြရင်းကနေ ယုံတမ်းစကားဖြစ်သွားတာပါ။)
ယင်းခေတ်အခါက မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ညာတောင်ပံမှာ ဗဟာဒူးကို အားထားရသလို ဘယ်တောင်ပံမှာလည်း ကောလိပ်ဂျင်နေဝင်းကို အားထားရပါတယ်။ ယင်းအချိန်က တက္ကသိုလ်ဘောလုံးအသင်းမှာ ကက်နက်၊ ထွန်းကြည်၊ နေဝင်းတို့ 3 ယောက်တွဲက ကြောက်စရာအကောင်းဆုံးအတွဲဟု ပြောစမှတ်တွင်ခဲ့ပါတယ်။ တက္ကသိုလ်ဘောလုံးအသင်းကိုကိုယ်စားပြုပြီး ဘောလုံးကစားစဥ်က ပထမတကြိမ်နှင့် ဒုတိယ 3 ကြိမ်ရရှိခဲ့ဖူးပါတယ်။ 1955 ခုနှစ်မှာ ပါကစ္စတန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်၊ ပါကစ္စတန် လေးနိုင်ငံပွဲ သွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကောလိပ်ဂျင်နေဝင်းကို 1956 ခုနှစ်အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ချီးမြှင့်ခဲ့ပါတယ်။ 1957 ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်းကို ကောလိပ်ဂျင်နေဝင်း ဦးဆောင်ကာ ကာလကတ္တားတက္ကသိုလ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်သို့ သွားရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။
(ကောလိပ်ဂျင်နေဝင်းဟာ ၁၉၅၈ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ကိုရရှိခဲ့ပြီး ဘွဲ့ရပြီးချိန်မှာ မီးရထားဌာနတွင် မီးရထားအရာရှိတာဝန်ဖြင့် ထမ်းဆောင်ခွင့်ရရှိရန် ညှိနှိုင်းခဲ့ပါတယ်။ မီးရထားဌာနတွင် တာဝန်ထမ်းဆောင်ခွင့်ရရှိရန် ကောလိပ်ဂျင်နေဝင်း ဆက်သွယ်ညှိနှိုင်းနေစဉ်မှာပင် ဇမ္ဗူအေးရုပ်ရှင်မှ ဒါရိုက်တာဦးချင်းစိန်က စာရေးဆရာကြီးဇဝန၏ အောင်မြင်ကျော်ကြား လှသည့် ကောလိပ်ကျောင်းသားဝတ္ထုအား ကောလိပ်ဂျင်အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးရန် စီစဉ်နေပြီး ကောလိပ်ကျောင်းသား၏ အဓိကဇာတ်ဆောင် သိန်းဖေ အဖြစ် ကျော်ကြားဆဲမင်းသားများကို အသုံးမပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျဖြစ်သည့် တက္ကသိုလ်ကျောင်းသားကိုသာ စိစစ်ရွေးချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်ာ ဦးချင်းစိန်ကနေ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီတောင်းခံခဲ့ပါတယ်။ ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုကြောင့် သရုပ်ဆောင်လုပ်ရန် ကောလိပ်ဂျင်နေဝင်းဆုံးဖြတ်ခဲ့ပြီး ဒါရိုက်တာဦးချင်းစိန်နှင့် တွေ့ဆုံခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်းအား တွေ့ဆုံပြီးသည်နှင့် မျက်နှာသွင်ပြင်၊ သွားလာလှုပ်ရှားမှု၊ ပြောဟန ဆိုဟန်နှင့် သူ့တွင်ကိန်းအောင်းနေသည့် သရုပ်ဆောင်ဗီဇတို့နှင့် ပျော်ပျော်ပါးပါး သွက်သွက် လက်လက်နေတတ်သည့် ကျောင်းသားသိန်းဖေ၏ စရိုက် ကိုက်ညီနေသည်ကို ဒါရိုက်တာဦးချင်းစိန်က သိရှိခဲ့ပြီး ဦးချင်းစိန်က သူ့အားထိုစဉ်က ထင်ရှားနေတဲ့ အကယ်ဒမီဖိုးပါကြီးကဲ့သို့ ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင်သရုပ်ဆောင်စေခဲ့ပါတယ်။
အဲ့ဒီအချိန်က စာရေးဆရာ၊ သတင်းစာဆရာမောင်နေဝင်း၊ စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့လုပ်နေသူ တက္ကသိုလ်နေဝင်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမားနေဝင်း အဖြစ်ကျော်ကြားပြီး သူ့အမည်ကိုလည်းမပြောင်းလဲလိုတော့၍ နေဝင်း(ဘီအေ)ဆိုပြီး သရုပ်ဆောင်နာမည်ကို ကင်ပွန်းတပ်ပေးခဲ့ပါတယ်။ ကောလိပ်ဂျင်ရုပ်ရှင်ကားတွင် နေဝင်း(ဘီအေ)နှင့် အတူ ထပ်ဆင့်အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့်(ယခုဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ်ဆောင်စေခဲ့ပါတယ်။ ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ်နေဝင်း(ဘီအေ)နှင့် သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး လူမဝင်ခဲ့ပေမယ့် ဝင်ကြည့်မိသမျှ လူနည်းစုရဲ့ တဆင့်စကားကနေတဖြည်းဖြည်းလူကြည့်များလာခဲ့ပြီး ဝင်ငွေစံချိန်တင်သည်အထိ လူကြိုက်များခဲ့ပါတယ်။ နေဝင်း(ဘီအေ)အစား ရုပ်ရှင်ကြည့်ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင်နေဝင်းဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြပြီး ကောလိပ်ဂျင်ရုပ်ရှင်ကားမှ သူ့စကား “ကြေပါတယ် မအေးစိန်” မှာလည်း ပြည်သူလူထုကြားကို အရှိန်အဟုန်နှင့် ထိုးဖောက်ရောက်ရှိခဲ့ပါတယ်။)
(အပေါ်ကကွင်းစကွင်းပိတ်ခတ်ထားသည့်အထဲမှ စာများသည် ကောလိပ်ဂျင်နေဝင်းအဖြစ်သို့ ရောက်ရှိခဲ့ရာမှာထင်ရှားသည့်အကြောင်းအရာများဖြစ်ပါတယ်။)
ဘီအေအောင်ပြီးရုပ်ရှင်မင်းသားဖြစ်နေသူ ကောလိပ်ဂျင်နေဝင်းဟာ 1960 ပြည့်နှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲမှာ တက္ကသိုလ်ဘောလုံးအသင်းဗိုလ်စွဲခဲ့ရာ၌ ပါဝင်ကစားခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်းဟာ 1961 ခုနှစ် ဇူလိုင် 7 ရက်မှာ တပ်မတော်(ရေ)အသင်းနှင့် တက္ကသိုလ်ဘောလုံးအသင်း ကစားခဲ့ရာ၌ နောက်ဆုံးပါဝင်ကစားခဲ့ပါတယ်။အသက် ၃၀ ကျော်သည်အထိ ဘောလုံးကိုကစားခဲ့သူဖြစ်ပြီး ဘောလုံးအပေါ်သံယောဇဥ်ကြီးမားတဲ့သူတဦးလည်းဖြစ်သလို ဘောလုံးကစားရာမှာလည်း ပွဲတိုင်းနီးပါး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ကောလိပ်ဂျင်နေဝင်းရုပ်ရုပ်မင်းသားဖြစ်လာရခြင်းမှာလည်း တက္ကသိုလ်အားကစားမှူးဆရာငြိမ်းရဲ့ ကျေးဇူးကြောင့်ပင်ဖြစ်သောကြောင့် ဆရာဖြစ်သူရဲ့ ကျေးဇူးကို ဘယ်သောအခါမှမေ့တတ်သူမဟုတ်ပါ။ တက္ကသိုလ်ဘောလုံးအသင်းခြေစမ်းခရီးစဥ်ထွက်ရာမှာလည်း အမြဲလိုက်ပါလေ့ရှိသူဖြစ်ပြီး 1976 ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလားကို ဆိပ်ကမ်းအသင်းဗိုလ်စွဲခဲ့ရာမှာလည်း ကောလိပ်ဂျင်နေဝင်းက အုပ်ချုပ်သူ/နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကာ ကစားသမားများက ပွဲအပြီးမှာ သူ့ကို ဝိုင်းမြှောက်ဂုဏ်ပြုခဲ့ကြပါပါတယ်။
ကောလိပ်ဂျင်နေဝင်းရဲ့ ဆွတ်ဗဟာဒူးအပေါ်ထင်မြင်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(မြန်မာ့လက်ရွေးစင်အသင်း၌ ၁၉၅၄-၅၆ကာလအတွင်း ဗဟာဒူးနှင့်တွဲကစားခဲ့ဖူးသူ ရုပ်ရှင်မင်းသားကြီးကောလိပ်ဂျင်နေဝင်းက "ဗဟာဒူးဟာ ငယ်ငယ်တုန်းက ပြေးအားနဲ့ခွန်အားကို အားကိုးပြီး ကစားခဲ့တယ်။ အတွေးအခေါ်ပိုင်း(ဦးနှောက်)ကို သိပ်သုံးပြီးမကစားဘူး။ အခုမှ ခွန်အားကိုရော ဥာဏ်ကိုရော သုံးကစားလာတယ်။ ကျနော်နဲ့တွဲကစားခဲ့တုန်းက ခွန်အားနဲ့ အခု ပရိယာယ်ကြွယ်ဝတဲ့ ဦးနှောက်နဲ့ တွဲပြီးကစားရင် အရမ်းကောင်းမှာပဲဗျ" ဟု ပြောခဲ့ပါတယ်။
ကောလိပ်ဂျင်နေဝင်းပြောတာကို ဗဟာဒူးက "မင်းသားကိုနေဝင်းလား။ ဘယ်တောင်ပံမှာ သူကစားခဲ့တုန်းက အရမ်းကောင်းတယ်။ တချို့ဘောလုံးသမားတွေက နောက်တန်းသမားကို ရှောင်ပြီး ဘောလုံးကိုသယ်ပြေးတယ်။ သူက(ကောလိပ်ဂျင်နေဝင်း) နောက်တန်းကစားသမားနဲ့ မျက်နှာချင်းဆိုင် တည့်တည့်တိုးပြီးကို ဘောလုံးကို ရအောင်ယူပြီး ဆွဲပြေးခဲ့တယ်။ ပြီးတော့ သူက ball control လည်းကောင်းတယ်။ ကျနော့်ရဲ့ကစားနည်းဆိုတာတော့ ပြောင်းလဲနေတာပေါ့ဗျာ။ ဟိုအချိန်တုန်းက ကစားဟန်နဲ့ အခုကစားဟန်က ဘယ်လိုတူတော့မလဲ။ အဲ့ဒီတုန်းက ရှေ့တန်းကစားသမားကောင်းရုံနဲ့ ဂိုးရနိုင်တယ်ဗျ။ ဒီတော့ ရှေ့တန်းကစားသမားဆိုရင် ဘောလုံးကို ဆွဲပြေးပြီး ကန်သွင်းလိုက်တာနဲ့ ဂိုးရတာဆိုတော့ ပြေးအား၊ ခွန်အားကိုသုံးခဲ့ရတာပေါ့ခင်ဗျာ။ အခုကျတော့ တဦးတည်းကောင်းရုံနဲ့ ဂိုးမရနိုင်တော့ဘူး။ ကစားကွက်နဲ့ထိုးဖောက်ပြီး တဖက်နောက်တန်းဟာကွက်ရအောင်လုပ်ရင်း ဂိုးသွင်းရတာကိုး။ ခုကျ ဘောလုံးကစားတယ်ဆိုတာ ခြေချင်းလည်း ပြိုင်ရတယ်။ ဦးနှောက်သုံးကစားပြီးလည်း ပြိုင်ရတယ်။ ပြီးတော့ ကျနော်က အသက်အရွယ်ထောက်လာတော့ ခွန်အားနဲ့ဥာဏ်အားကို သုံးကစားရတော့တာပေါ့ဗျာ")
1983 ခုနှစ်၊ ဇွန်လ 2 ရက်နေ့၊ နံနက် 5:05 အချိန်တွင် ရန်ကုန်ဆေးရုံကြီး၌ ကောလိပ်ဂျင်နေဝင်းကွယ်လွန်ခဲ့ပြီး ကောလိပ်ဂျင်နေဝင်းကွယ်လွန်သည့်သတင်းက ရန်ကုန်မြို့တွင်းသို့ ပျံ့နှံ့သွားပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားသို့ပါ သတင်းရောက်ရှိသွားခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်းကို ချစ်ကြတဲ့ ပရိသတ်များ ကြေကွဲဝမ်းနည်းကြပြီး ကောလိပ်ဂျင်နေဝင်းအား နာနတ်တောခရစ်ယာန်သင်္ချိုင်းတွင် ဂူသွင်းသဂြိုလ်စဥ် ကြက်ပျံမကျစည်ကားလှပြီး သူ့အား ချစ်ခင်ကြတဲ့ ပြည်သူလူထုက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
Ref: စွယ်စုံကျမ်း၊ မြန်မာ့ဘောလုံးသမိုင်း၊ မြန်မာ့အလင်းသတင်းစာ

Hi !

!

Popular posts from this blog

ဝေဝါးမှုတွေနဲ့အတူ မသေချာ မရေရာမှုများနဲ့ မြန်မာပြည်..။

  ဝါရင့်သတင်းစာဆရာကြီး လာရီယာဂန်က စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့မှာ ဘန်ကောက်ပို့စ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ရေးသားလိုက်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က Myanmar faces increasing uncertainty ပါ။ စစ်အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့အခြေအနေ ဘယ်လိုရှိသလဲ။ ရှေ့မှာ ဘာဖြစ်နိုင်သလဲ။ မှန်းဆထားတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လာရီယာဂန်လည်း ဘာမှ မမှန်းဆနိုင်ပါဘူး။ သူပြောနိုင်တာ တစ်ခုက မြန်မာပြည်ဟာ မသေမချာ မရေမရာမှုတွေ အများကြီးနဲ့ ဆက်ပြီး ရင်ဆိုင်နေရဦးမယ်ဆိုတဲ့ ကောက်ချက်ပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို စစ်အာဏာသိမ်းခဲ့တာ ခု ဖေဖော်ဝါရီ(၁)ရက်မှာ သုံးနှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ သုံးနှစ်အတွင်း တိုင်းပြည်ဟာ အဖက်ဖက်က ယိုယွင်းပျက်စီးသွားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ တိုးပွါးနေကြောင်း၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပီဒီအက်ဖ်တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူသန်းပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရကြောင်း လာရီယာဂန်က ရေးသားပါတယ်။ ...

ကရင်ပြည်နယ်ပုံရိပ်ကို ထိခိုက်စေသဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

  ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။ Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။ ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။ ကော်သူးလေတပ်နှင့် နီးစပ်သည်...

မြန်မာနိုင်ငံမှာရှိတဲ့ ဗမာလူမျိုး ပေါ်ပေါက်ပုံ အကြောင်း

  ဗမာလူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်း – တိဘက်တို ဘားမန်းလူမျိုးနွယ်စုကြီး မှ အကြီးဆုံးသောလူမျိုးဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နာဂ၊ သက်၊ ကမ်းယံ၊ပျူ တို့နောက်မှ ဝင်ရောက်လာခြင်းဖြစ်သော်လည်းပျူတို့ ထူထောင်သည့် ပထမပြည်ထောင်စုကို အေဒီ ၈ ရာစုတွင် နန်ကျောက်တို့က ဖျက်စီးပြီးချိန် မတိုင်မှီက ပင် ရောက်ရှိနေထိုင်နေခဲ့ပြီးဖြစ်သည်ဟုခန့်မှန်း၍ရနိုင်သည်။အေဒီ ၁၀ ရာစုမတိုင်မှီ အချိန်ကပင် ကျောက်ဆည် ၁၁ ခရိုင်တွင် အခြေချခဲ့ပြီး နောက်များမကြာမှီ တွင်မြစ်သာ ၆ ခရိုင် ၊ ပုဂံ နေပြည်တော်တို့ကို ထူ ထောင်ကာဒုတိယမြန်မာပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံသားတို့က ထိုပြည်ထောင်စုကိုသာပထမပြည် ထောင် စုအဖြစ် လက်ခံကြသည်။သမိုင်းတစ်လျောက်တွင် မွန်ဂို၊ တရုတ်၊ ယိုးဒယား၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသည့် အတွင်း၊ အပြင်ရန်အမျိုးမျိုးနှင့်ကြုံတွ့ခဲ့ဖူးပြီးအကြိမ်တိုင်းတွင် ပြည်ထောင်စု၏ ဦးဆောင်သူနေရာကို ဗမာတို့ ပြန်လည်ကာ ရောက်ရှိနိုင်ခဲ့သည်။အနော်ရထာ၏ ပထမပြည်ထောင်စု(ပထမမြန်မာနိုင်ငံတော်ကြီး)၊ တပင်ရွှေထီး-ဘုရင့်နောင်တို့ ၏ ဒုတိယပြည်ထောင်စု (ဒုတိယ မြန်မာနိုင်ငံတော်ကြီး)၊အလောင်းဘုရား၏ တတိ...

မြန်မာပြည်မြေပုံကို အပြောင်းခံကြမှာလား

  ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်မယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေအဖြစ် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲ ရပ်တည်နေကြပြီးမှ ဝေးကွာသွားကြတဲ့ နိုင်ငံတွေ ရှိခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့အတွက် အထင်ရှားဆုံး ဥပမာတစ်ခုရှိပါတယ်။ အဲဒါကတော့ မြန်မာနဲ့ ပါကစ္စတန်တို့ဟာ ယခင်က နယ်မြေချင်း ထိစပ်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေပါ။ သို့သော် ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအသစ် ပေါ်ပေါက်လာချိန်မှာတော့ အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားခဲ့ကြပါတယ်။ ယခင်က အိမ်နီးချင်းဖြစ်ခဲ့လို့ ထင်ပါတယ်၊ မြန်မာနဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်နေကြဆဲဆိုတာ သက်သေ၊ သာဓကများစွာ ရှိပါတယ်။ အဲဒီလို အိမ်နီးချင်းအဖြစ်ကနေ ဝေးကွာသွားရခြင်းဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တဲ့အတွက် အထူးအထွေ ဝေဖန်ရန် မရှိပါ။ သို့သော် လက်ရှိအခြေအနေမှာ မြန်မာရဲ့ အိမ်နီးချင်း (၅) နိုင်ငံရှိနေရာက မတူညီတဲ့ အိမ်နီးချင်းနိုင်ငံသစ်တွေ ထပ်မံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေကြတာတွေ မြင်နေရပါပြီ။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် အလေးထားရပါတော့မယ်။ ရှိပြီးသား အိမ်နီးချင်း (၅) နိုင်ငံနဲ့ မြန်မာတို့အကြား ကျွန်တော်တိ...

မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ

  မြန်မာ ဒုကာကွယ်ရေးဝန်ကြီး ထောင်ထဲရောက်ပြီ မတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် နံနက် ၁၀ နာရီ ၂၀ သတင်း ================================= ကာကွယ်ရေး ဒု-ဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး မနေ့ည မတ်လ ၂၇ ရက်နေ့ည ၁၁ နာရီတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ အဆိုပါ ဖမ်းဆီးချိန်တွင် ဒုကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းသည် အရက်မူးနေပြီး အသာတကြည် လိုက်လာခြင်းမရှိပဲ … ပုဆိုးလှန်ပြီး ဆဲဆိုနေခြင်းကြောင့် စစ်ဘက်လုံခြုံရေးအဖွဲ့မှ ရိုက်နှက်ခဲ့ရာ.. သွား အချို့ ကျွတ်သွားပြီး ပါးစပ်တခုလုံး သွေးများနီရဲနေသည်။ “အဲ့ကောင် ပါးစပ်က သွေးမတိတ်ခင် ရမဲသင်းထောင်ပို့လိုက်စမ်း” လို့ အထက် အမိန့်ပေးလိုက်တော့ အခု ရမဲသင်းထောင်ရောက်နေပြီဖြစ်ကြောင်း မြန်မာအမေရိကန် သတင်းဌာနမှ စုံစမ်းသိရှိရသည်။ ဂိုလ်ရှယ်လေး

စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

                           ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အတွက် အနှောက်အယှက်ဖြစ်စေသူဟု ယူဆသည့် ရွေးကောက်ခံအစိုးရ ခေါင်းဆောင်နှင့် နိုင်ငံသမိုင်းတွင် အညီညွတ်ဆုံးဖြစ်စေခဲ့သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာမှဖယ်ရှားပြီး မအောင်မြင်သော အာဏာသိမ်းမှု ပြုလုပ်သည့် သုံးနှစ်မြောက်နေ့ ဖြစ်သည်။ ရက်ပေါင်း ၁၀၉၅ ရက်ကျော် ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြို့တော်နှင့် စစ်တပ်ဗဟိုဌာနချုပ် နေပြည်တော် အနောက်တောင်ဘက်အစွန်းမှ ထောင်တခုတွင် တဦးတည်း ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ သူ့အတွက် တခုတည်းသော ထောင်ပြင်ထွက်ရချိန်သည် လွန်ခဲ့သောနှစ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဒွန် ပရာမတ်ဝီနိုင်နှင့် တွေ့ရသည့် တိုတောင်းသော ကာလဖြစ်ပြီး သူ့ကို ချမှတ်ထားသည့် ထောင်သက်တမ်းကိုလည်း ၃၃ နှစ်မှ ၂၇ နှစ်သို့ လွန်ခဲ့သောနှစ်က လျှော့ချပေးသည်။ အာဏာသိမ်းမှု နှစ်ပတ်လည်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းစရာကောင်းသော လက်ရှိအခြေအနေနှင့် ဝေဝါးနေသည့် အနာဂတ်ကို မီးမောင်းထိုးပ...

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွား

  မင်းလှတွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ စစ်သား ၈၀ ဦးကျော်သေဆုံး ရန်ကုန်၊ မတ် ၁၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲ ၆ ကြိမ် အတွင်း စစ်တပ်ဘက်မှ ၈၀ ကျော်သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဧက ၁၀၀၀ ကျွန်း စိုက်ခင်း ကျုံးပေါက်အနီး၌ စစ်ကြောင်း ထိုးလာသော အင်အား ၁၂၀ ပါ စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် ဒဂုံစစ်ကြောင်းတို့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန် တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်အချိန် မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပေါ်ရှိ ဟိုင်းယု လမ်းဆုံတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ နှင့် တပ်ခွဲ ၃ တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရှောင်တခင် သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန...

တပ်မလက်ရွေးစဉ် ဘီလူးစစ်ကြောင်းဆိုသည်မှာ .....

    “ဒီစစ်ကြောင်းက စစ်တိုက်ဖို့ဆိုတာထက် လူတွေကိုသတ်၊ မုဒိမ်းကျင့်ဖို့ အဲ့လိုမျိုးတွေလုပ်ဖို့ အဓိကလာတဲ့ စစ်ကြောင်းပါ။ လူမဆန်တဲ့ လုပ်ရပ်တွေကို အဓိကလုပ်တာ” မြောင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ကိုနွေဦးက စစ်ကိုင်းဒေသအတွင်း စစ်ရာဇဝတ်မှုများကို ကျူးလွန်ချိုးဖောက်နေသည့် ဘီလူးစစ်ကြောင်း၏ လုပ်ရပ်များကို ပြောဆိုသွားခြင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်သည့် စစ်ကြောင်း၊ အစုလိုက် အပြုံလိုက် သတ်သည့်စစ်ကြောင်း၊ မုဒိမ်းမှုများကို ကျူးလွန်နေသည့် စစ်ကြောင်းဟု ဆိုလိုက်ပါက လူတိုင်းက ဆိုးဆိုးရွာရွား နာနာကျည်းကျည်း အမှတ်ရနေသည့် စစ်ကြောင်းမှာ ဘီလူးစစ်ကြောင်းပင် ဖြစ်သည်။ ရက်စက်မှုအပေါင်း သရဖူဆောင်းထားသည့် ဘီလူးစစ်ကြောင်းသည် ယခုနှစ် ဩဂုတ်လ တတိယပတ်မှ စက်တင်ဘာလ ဒုတိယပတ်ထိ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်များသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။ 'စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နယ်ထဲ ဘီလူးစစ်ကြောင်း၏ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် အခြေအနေများ' မန္တလေး-ရွှေဘို-မြစ်ကြီ...

ရှမ်းမြောက်က ကျားဖြန့် ဇာတ်သိမ်းခန်း

  ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာနိုင်ငံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက တရုတ် အစိုးရထံ မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖျန့် လုပ်ငန်းများတွင် အဓိက ကြိုးကိုင်သူများဟု သတ်မှတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ခြောက်ဦးနှင့် အခြားအရေးကြီးသံသယရှိ သူ လေးဦးကို လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့ အစည်းထံသို့မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့၏ အဓိက ခေါင်းဆောင် ခြောက်ဦးဖြစ်သည့် ပယ် စောက်ချိန်၊ ပယ်ရင်ချန်၊ဝေ့ဟွိုင်ရန်၊ လျိုကျန့် ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြား အရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိ သူ လေးဦးအား တရားဥပဒေနှင့်အညီ လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ယင်း နေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျား ဖျန့်လုပ်ငန်းများတွင် အဓိကတာဝန်ရှိသူဟု တရုတ်အစိုးရက သတ်မှတ်ထားသည့် ပယ် စောက်ချိန် အပါအဝင် ခြောက်ဦးအား လွှဲ ပြောင်းပေးအပ်ခြင်းမှာ တရုတ်-မြန်မာ နှစ် နိုင်ငံ၏ န...

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ ကိုယ်စားလှယ်တက်မည်

 စစ်ဗိုလ်ချုပ်များခန့်ထားသည့် သံအမတ်က မဲလ်ဘုန်းမြို့တွင် ၃ ရက်ကြာ ကျင်းပမည့် ဒေသတွင်း အထူးထိပ်သီးအစည်းအဝေးကာလအတွင်း ဆွေးနွေးပွဲ ၂ ခုကို တက်မည်ဟု သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် သြစတြေးလျ ဝန်ကြီးချုပ် Anthony Albanese ကို တွေ့ရစဉ်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် မတ်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်မည်ဟု သိရသည်။ အစည်းအဝေးကာလတွင် ပြုလုပ်မည့် ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးညီလာခံ၊ ရာသီဥတုနှင့် သန့်ရှင်းသောစွမ်းအင်ဆိုင်ရာ ဖိုရမ်တို့ကို ကင်ဘာရာမြို့ မြန်မာသံရုံးမှ စစ်ကောင်စီခန့် သံအမတ် ဦးသက်ထွန်း တက်ရောက်မည်ဖြစ်သည်။  အခြား ဆက်စပ်အစည်းထိပ်သီးအစည်းအဝေးများသို့ စစ်ကောင်စီကိုယ်စားပြုကိုယ်စားလှယ် တက်မည်၊ မတက်မည်ကိုမူ သြစတြေးလျ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက ပြောဆိုခြင်းမရှိပေ။ ...

Click !