မြန်မာနိုင်ငံ ဘောလုံးရွှေခေတ်မှာ ၁၉၅၆ခုနှစ် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဘောလုံးသမားဆုရ ကောလိပ်ဂျင်နေဝင်း
၁၉၅၆ခုနှစ် မြန်မာနိုင်ငံရဲ့ အကောင်းဆုံးဘောလုံးသမားဆုရ ကောလိပ်ဂျင်နေဝင်း
`````````````````````````````````
အမည် - ဦးနေဝင်း(ကောလိပ်ဂျင်)
ထူးချွန်တဲ့အားကစား - ဘောလုံး
မွေးသက္ကရာဇ် - 1.10.1928
မိဘအမည် - ဦးသက်ဖေ၊ ဒေါ်တင်
ငယ်နာမည် - ပါပူး၊ နေဒွန်း
ဟင်္သတမြို့နယ်၊ ညောင်ပင်သာရွာတွင် ရဲဝန်ထောက် ဦးသက်ဖေနှင့် ဒေါ်တင်တို့မှ 1928 ခုနှစ် အောက်တိုဘာ 1 ရက်တွင် နေဝင်းကို မွေးဖွားခဲ့ပါတယ်။ ပါပူး၊ နေဒွန်း စတဲ့ ငယ်နာမည်တွေက လူသိများပါတယ်။ ဟင်္သတမြို့၊ ကန်မင်းဟိုက်စကူးကျောင်းတွင် ရှစ်တန်းအောင်သည်အထိ ပညာသင်ကြားခဲ့ပြီး ဘဝပေးအခြေအနေအရ နွားနို့ လှည့်လည်ရောင်းချပြီး ပညာသင်ကြားခဲ့ရပါတယ်။ ပညာရေးတဝက်တပျက်နှင့် ကျောင်းမှ နုတ်ထွက်ခဲ့ရပြီး 1945 ခုနှစ်မှာ တပ်မတော်(ရေ)တွင် သာမန်ရေတပ်သားကလေးဘဝဖြင့် ဝင်ရောက်ခဲ့ပါတယ်။ ရေတပ်သားဘဝမှာ တာဝန်ထမ်းဆောင်ရင်း ဘောလုံးကစားရာမှတစ်ဆင့် 1949ခုနှစ်မှာ တပ်မတော်(ရေ)လက်ရွေးစင်ဘောလုံးသမားဖြစ်ခဲ့ပါတယ်။ ဤမျှသာမကဘဲ ဘောလုံးကို ထူးချွန်စွာကစားနိုင်ခဲ့တာမလို့ 1950 ခုနှစ်မှာ တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရွေးစင်ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ကောလိပ်ဂျင်နေဝင်းဟာ တပ်မတော်(ရေ)မှာ တာဝန်ထမ်းဆောင်ပြီး တပ်မတော်ကို ကိုယ်စားပြုဘောလုံးကစားခဲ့ရုံသာမက တက္ကသိုလ်ဝင်တန်းအောင်မြင်အောင်လည်းကြိုးစားခဲ့ရာ 1951 ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ တပ်မတော်(ရေ)ကနေ နှုတ်ထွက်ခဲ့ပြီး 1952 ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှာ ဆက်လက်တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်ကိုရောက်ရောက်ချင်းမှာပဲ တက္ကသိုလ်ဘောလုံးအသင်းမှာ ဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေစဥ်ကာလအတွင်းမှာ သူ့ဘဝရဲ့ ဖခင်သဖွယ်လည်းဖြစ် ဆရာလည်းဖြစ်တဲ့ တက္ကသိုလ်အားကစားမှူး ဆရာငြိမ်းနှင့် တွေ့ခဲ့ရပြီး ဆရာငြိမ်းရဲ့စောင့်ရှောက်မှုအောက်မှာ ဆရာငြိမ်းနှင့်အတူ အဆောင်တွင်မှီခိုနေထိုင်ပြီး ပညာသင်ကြားခဲ့ရပါတယ်။
ဆရာငြိမ်းရဲ့ ကူညီဆောင်ရွက်ပေးမှုကြောင့် 1954 ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရေကူးကန်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၅၅ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံသို့လည်းကောင်း၊ အင်ဒိုနီးရှားမှပြန်ရောက်ပြီး ၂ လအကြာတွင် ဂျပန်နိုင်ငံသို့လည်းကောင်း၊ ဂျပန်ခရီးစဥ်မှအပြန်မှာ တရုတ်ပြည်သို့လည်းကောင်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ချစ်ကြည်ရေးခရီးစဥ် သွားရောက်ခဲ့ရာမှာ မြန်မာ့လက်ရွေးစင်ဘောလုံးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ပွဲထွက်ကစားခဲ့ရတဲ့ ပွဲစဥ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ကောလိပ်ဂျင်နေဝင်းဟာ ဘောလုံးကစားရာမှာ လူချပြီးမကစားတတ်တဲ့ အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် အသင်းအနိုင်ရရှိရေးကိုသာ အလေးထားကာ ကစားခဲ့သူဖြစ်ပါတယ်။ အဲ့ဒါအပြင် ပင်နယ်တီကန်သွင်းတဲ့အလုံးတိုင်း ဂိုးဝင်ခဲ့သူလည်းဖြစ်ပါတယ်။ (ကောလာဟလ အနေနဲ့ သူ့ကန်ချက်ကြောင့် ဂိုးသမား ကွယ်လွန်တာ ဘာညာဆိုတာ လုံးဝ မဟုတ်သလို သံခြေချင်းခတ်ရတယ်၊ သူအားသာတဲ့ ခြေထောက်ကို အသုံးပြုကန်ခွင့်မပေးဘူး ဘာညာဆိုတာ တကယ်မဟုတ်ဘူးဆိုတာပါပဲ။ ကန်ချက်ပြင်းလို့ တင်စားကြရင်းကနေ ယုံတမ်းစကားဖြစ်သွားတာပါ။)
ယင်းခေတ်အခါက မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ညာတောင်ပံမှာ ဗဟာဒူးကို အားထားရသလို ဘယ်တောင်ပံမှာလည်း ကောလိပ်ဂျင်နေဝင်းကို အားထားရပါတယ်။ ယင်းအချိန်က တက္ကသိုလ်ဘောလုံးအသင်းမှာ ကက်နက်၊ ထွန်းကြည်၊ နေဝင်းတို့ 3 ယောက်တွဲက ကြောက်စရာအကောင်းဆုံးအတွဲဟု ပြောစမှတ်တွင်ခဲ့ပါတယ်။ တက္ကသိုလ်ဘောလုံးအသင်းကိုကိုယ်စားပြုပြီး ဘောလုံးကစားစဥ်က ပထမတကြိမ်နှင့် ဒုတိယ 3 ကြိမ်ရရှိခဲ့ဖူးပါတယ်။ 1955 ခုနှစ်မှာ ပါကစ္စတန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်၊ ပါကစ္စတန် လေးနိုင်ငံပွဲ သွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကောလိပ်ဂျင်နေဝင်းကို 1956 ခုနှစ်အကောင်းဆုံးဘောလုံးသမားအဖြစ် သတ်မှတ်ချီးမြှင့်ခဲ့ပါတယ်။ 1957 ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ဘောလုံးအသင်းကို ကောလိပ်ဂျင်နေဝင်း ဦးဆောင်ကာ ကာလကတ္တားတက္ကသိုလ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်သို့ သွားရောက်ယှဥ်ပြိုင်ခဲ့ပါတယ်။
(ကောလိပ်ဂျင်နေဝင်းဟာ ၁၉၅၈ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ကိုရရှိခဲ့ပြီး ဘွဲ့ရပြီးချိန်မှာ မီးရထားဌာနတွင် မီးရထားအရာရှိတာဝန်ဖြင့် ထမ်းဆောင်ခွင့်ရရှိရန် ညှိနှိုင်းခဲ့ပါတယ်။ မီးရထားဌာနတွင် တာဝန်ထမ်းဆောင်ခွင့်ရရှိရန် ကောလိပ်ဂျင်နေဝင်း ဆက်သွယ်ညှိနှိုင်းနေစဉ်မှာပင် ဇမ္ဗူအေးရုပ်ရှင်မှ ဒါရိုက်တာဦးချင်းစိန်က စာရေးဆရာကြီးဇဝန၏ အောင်မြင်ကျော်ကြား လှသည့် ကောလိပ်ကျောင်းသားဝတ္ထုအား ကောလိပ်ဂျင်အမည်ဖြင့် ရုပ်ရှင်ရိုက်ကူးရန် စီစဉ်နေပြီး ကောလိပ်ကျောင်းသား၏ အဓိကဇာတ်ဆောင် သိန်းဖေ အဖြစ် ကျော်ကြားဆဲမင်းသားများကို အသုံးမပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျဖြစ်သည့် တက္ကသိုလ်ကျောင်းသားကိုသာ စိစစ်ရွေးချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်ာ ဦးချင်းစိန်ကနေ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီတောင်းခံခဲ့ပါတယ်။ ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုကြောင့် သရုပ်ဆောင်လုပ်ရန် ကောလိပ်ဂျင်နေဝင်းဆုံးဖြတ်ခဲ့ပြီး ဒါရိုက်တာဦးချင်းစိန်နှင့် တွေ့ဆုံခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်းအား တွေ့ဆုံပြီးသည်နှင့် မျက်နှာသွင်ပြင်၊ သွားလာလှုပ်ရှားမှု၊ ပြောဟန ဆိုဟန်နှင့် သူ့တွင်ကိန်းအောင်းနေသည့် သရုပ်ဆောင်ဗီဇတို့နှင့် ပျော်ပျော်ပါးပါး သွက်သွက် လက်လက်နေတတ်သည့် ကျောင်းသားသိန်းဖေ၏ စရိုက် ကိုက်ညီနေသည်ကို ဒါရိုက်တာဦးချင်းစိန်က သိရှိခဲ့ပြီး ဦးချင်းစိန်က သူ့အားထိုစဉ်က ထင်ရှားနေတဲ့ အကယ်ဒမီဖိုးပါကြီးကဲ့သို့ ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင်သရုပ်ဆောင်စေခဲ့ပါတယ်။
အဲ့ဒီအချိန်က စာရေးဆရာ၊ သတင်းစာဆရာမောင်နေဝင်း၊ စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့လုပ်နေသူ တက္ကသိုလ်နေဝင်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမားနေဝင်း အဖြစ်ကျော်ကြားပြီး သူ့အမည်ကိုလည်းမပြောင်းလဲလိုတော့၍ နေဝင်း(ဘီအေ)ဆိုပြီး သရုပ်ဆောင်နာမည်ကို ကင်ပွန်းတပ်ပေးခဲ့ပါတယ်။ ကောလိပ်ဂျင်ရုပ်ရှင်ကားတွင် နေဝင်း(ဘီအေ)နှင့် အတူ ထပ်ဆင့်အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့်(ယခုဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ်ဆောင်စေခဲ့ပါတယ်။ ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ်နေဝင်း(ဘီအေ)နှင့် သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး လူမဝင်ခဲ့ပေမယ့် ဝင်ကြည့်မိသမျှ လူနည်းစုရဲ့ တဆင့်စကားကနေတဖြည်းဖြည်းလူကြည့်များလာခဲ့ပြီး ဝင်ငွေစံချိန်တင်သည်အထိ လူကြိုက်များခဲ့ပါတယ်။ နေဝင်း(ဘီအေ)အစား ရုပ်ရှင်ကြည့်ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင်နေဝင်းဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြပြီး ကောလိပ်ဂျင်ရုပ်ရှင်ကားမှ သူ့စကား “ကြေပါတယ် မအေးစိန်” မှာလည်း ပြည်သူလူထုကြားကို အရှိန်အဟုန်နှင့် ထိုးဖောက်ရောက်ရှိခဲ့ပါတယ်။)
(အပေါ်ကကွင်းစကွင်းပိတ်ခတ်ထားသည့်အထဲမှ စာများသည် ကောလိပ်ဂျင်နေဝင်းအဖြစ်သို့ ရောက်ရှိခဲ့ရာမှာထင်ရှားသည့်အကြောင်းအရာများဖြစ်ပါတယ်။)
ဘီအေအောင်ပြီးရုပ်ရှင်မင်းသားဖြစ်နေသူ ကောလိပ်ဂျင်နေဝင်းဟာ 1960 ပြည့်နှစ် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲမှာ တက္ကသိုလ်ဘောလုံးအသင်းဗိုလ်စွဲခဲ့ရာ၌ ပါဝင်ကစားခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်းဟာ 1961 ခုနှစ် ဇူလိုင် 7 ရက်မှာ တပ်မတော်(ရေ)အသင်းနှင့် တက္ကသိုလ်ဘောလုံးအသင်း ကစားခဲ့ရာ၌ နောက်ဆုံးပါဝင်ကစားခဲ့ပါတယ်။အသက် ၃၀ ကျော်သည်အထိ ဘောလုံးကိုကစားခဲ့သူဖြစ်ပြီး ဘောလုံးအပေါ်သံယောဇဥ်ကြီးမားတဲ့သူတဦးလည်းဖြစ်သလို ဘောလုံးကစားရာမှာလည်း ပွဲတိုင်းနီးပါး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ကောလိပ်ဂျင်နေဝင်းရုပ်ရုပ်မင်းသားဖြစ်လာရခြင်းမှာလည်း တက္ကသိုလ်အားကစားမှူးဆရာငြိမ်းရဲ့ ကျေးဇူးကြောင့်ပင်ဖြစ်သောကြောင့် ဆရာဖြစ်သူရဲ့ ကျေးဇူးကို ဘယ်သောအခါမှမေ့တတ်သူမဟုတ်ပါ။ တက္ကသိုလ်ဘောလုံးအသင်းခြေစမ်းခရီးစဥ်ထွက်ရာမှာလည်း အမြဲလိုက်ပါလေ့ရှိသူဖြစ်ပြီး 1976 ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဖလားကို ဆိပ်ကမ်းအသင်းဗိုလ်စွဲခဲ့ရာမှာလည်း ကောလိပ်ဂျင်နေဝင်းက အုပ်ချုပ်သူ/နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကာ ကစားသမားများက ပွဲအပြီးမှာ သူ့ကို ဝိုင်းမြှောက်ဂုဏ်ပြုခဲ့ကြပါပါတယ်။
ကောလိပ်ဂျင်နေဝင်းရဲ့ ဆွတ်ဗဟာဒူးအပေါ်ထင်မြင်ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
(မြန်မာ့လက်ရွေးစင်အသင်း၌ ၁၉၅၄-၅၆ကာလအတွင်း ဗဟာဒူးနှင့်တွဲကစားခဲ့ဖူးသူ ရုပ်ရှင်မင်းသားကြီးကောလိပ်ဂျင်နေဝင်းက "ဗဟာဒူးဟာ ငယ်ငယ်တုန်းက ပြေးအားနဲ့ခွန်အားကို အားကိုးပြီး ကစားခဲ့တယ်။ အတွေးအခေါ်ပိုင်း(ဦးနှောက်)ကို သိပ်သုံးပြီးမကစားဘူး။ အခုမှ ခွန်အားကိုရော ဥာဏ်ကိုရော သုံးကစားလာတယ်။ ကျနော်နဲ့တွဲကစားခဲ့တုန်းက ခွန်အားနဲ့ အခု ပရိယာယ်ကြွယ်ဝတဲ့ ဦးနှောက်နဲ့ တွဲပြီးကစားရင် အရမ်းကောင်းမှာပဲဗျ" ဟု ပြောခဲ့ပါတယ်။
ကောလိပ်ဂျင်နေဝင်းပြောတာကို ဗဟာဒူးက "မင်းသားကိုနေဝင်းလား။ ဘယ်တောင်ပံမှာ သူကစားခဲ့တုန်းက အရမ်းကောင်းတယ်။ တချို့ဘောလုံးသမားတွေက နောက်တန်းသမားကို ရှောင်ပြီး ဘောလုံးကိုသယ်ပြေးတယ်။ သူက(ကောလိပ်ဂျင်နေဝင်း) နောက်တန်းကစားသမားနဲ့ မျက်နှာချင်းဆိုင် တည့်တည့်တိုးပြီးကို ဘောလုံးကို ရအောင်ယူပြီး ဆွဲပြေးခဲ့တယ်။ ပြီးတော့ သူက ball control လည်းကောင်းတယ်။ ကျနော့်ရဲ့ကစားနည်းဆိုတာတော့ ပြောင်းလဲနေတာပေါ့ဗျာ။ ဟိုအချိန်တုန်းက ကစားဟန်နဲ့ အခုကစားဟန်က ဘယ်လိုတူတော့မလဲ။ အဲ့ဒီတုန်းက ရှေ့တန်းကစားသမားကောင်းရုံနဲ့ ဂိုးရနိုင်တယ်ဗျ။ ဒီတော့ ရှေ့တန်းကစားသမားဆိုရင် ဘောလုံးကို ဆွဲပြေးပြီး ကန်သွင်းလိုက်တာနဲ့ ဂိုးရတာဆိုတော့ ပြေးအား၊ ခွန်အားကိုသုံးခဲ့ရတာပေါ့ခင်ဗျာ။ အခုကျတော့ တဦးတည်းကောင်းရုံနဲ့ ဂိုးမရနိုင်တော့ဘူး။ ကစားကွက်နဲ့ထိုးဖောက်ပြီး တဖက်နောက်တန်းဟာကွက်ရအောင်လုပ်ရင်း ဂိုးသွင်းရတာကိုး။ ခုကျ ဘောလုံးကစားတယ်ဆိုတာ ခြေချင်းလည်း ပြိုင်ရတယ်။ ဦးနှောက်သုံးကစားပြီးလည်း ပြိုင်ရတယ်။ ပြီးတော့ ကျနော်က အသက်အရွယ်ထောက်လာတော့ ခွန်အားနဲ့ဥာဏ်အားကို သုံးကစားရတော့တာပေါ့ဗျာ")
1983 ခုနှစ်၊ ဇွန်လ 2 ရက်နေ့၊ နံနက် 5:05 အချိန်တွင် ရန်ကုန်ဆေးရုံကြီး၌ ကောလိပ်ဂျင်နေဝင်းကွယ်လွန်ခဲ့ပြီး ကောလိပ်ဂျင်နေဝင်းကွယ်လွန်သည့်သတင်းက ရန်ကုန်မြို့တွင်းသို့ ပျံ့နှံ့သွားပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားသို့ပါ သတင်းရောက်ရှိသွားခဲ့ပါတယ်။ ကောလိပ်ဂျင်နေဝင်းကို ချစ်ကြတဲ့ ပရိသတ်များ ကြေကွဲဝမ်းနည်းကြပြီး ကောလိပ်ဂျင်နေဝင်းအား နာနတ်တောခရစ်ယာန်သင်္ချိုင်းတွင် ဂူသွင်းသဂြိုလ်စဥ် ကြက်ပျံမကျစည်ကားလှပြီး သူ့အား ချစ်ခင်ကြတဲ့ ပြည်သူလူထုက လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
Ref: စွယ်စုံကျမ်း၊ မြန်မာ့ဘောလုံးသမိုင်း၊ မြန်မာ့အလင်းသတင်းစာ