နေဝင်ချိန် မှတ်တမ်း (၆)
================
မစ္စချန်ဘောင်လီဟာ လီကွမ်ယူ နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ် ။
လီကွမ်ယူ အာဏာရလာပြီး တရုတ် နဲ့ စတင်ဆက်ဆံလာရချိန်မှာ စကားပြန်လုပ်ပေးခဲ့ရတာ ချန်ဘောင်လီ ဖြစ်ပါတယ် ။ ဒီလို ရင်နှီးစွာ ဆက်ဆံရေး ရှိခဲ့တဲ့ အတွက် စင်္ကာပူက ဒိတ်လွန် 81mm ဗုံးသီးတွေ ဖျက်ဆီးရမယ့် အနေအထားကို သိနေပါတယ် ။
အဲဒါကို သိနေတဲ့ ချန်ဘောင်လီက အဲဒီ ဗုံးသီးတွေကို မြန်မာအစိုးရအား ဖျက်ဆီးခ တလုံးလျှင် တဒေါ်လာ ခန့် နဲ့ အခပေး ဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့ပါတယ် ။
လီကွမ်ယူကလည်း ဝမ်းသာအားရ ဗုံးသီး တလုံး တဒေါ်လာ နှုံးနဲ့ တသိန်းကျော် ဖျက်ဆီးဖို့ အပ်နှံခဲ့တဲ့ အတွက် ဗိုလ်ချုပ်ကြီးစောမောင် ရဲ့ နဝတအစိုးရဟာ သား ရွှေအိုး ကောက်ရခဲ့ပါတယ် ။
မြန်မာ့တပ်မတော်ဟာ ယင်း ဗုံးသီး များနဲ့ မိုင်းယမ်း မဲသဝေါ ဝမ်ခ တို့မှာ ရန်သူတွေ သွေးပျက်သွားအောင် ဗုံးမိုးရွာ နိုင်လို့ ဗကပ ရော KNU ပါ လက်လျော့သွားရပါတယ် ။
အဲလို ဒိတ်လွန်တွေ ဖျက်ဆီးဖို့ ၂၀၀၇ အထိ အပ်နှံခဲ့ရာမှ မိမိအတွက် အသုံးဝင်သော လက်နက် ခဲယမ်း အမြောက်အများ ဆက်လက်ရရှိခဲ့ပါသေးတယ် ။
လီကွမ်ယူ ဒီလိုပေးခဲ့တာ အခြား အကြောင်းလည်း ရှိပါတယ် ။ လီကွမ်ယူ နဲ့ ဦးနေဝင်းဟာ ခေတ်ပြိုင်ခေါင်းဆောင်များ ဖြစ်ကြပြီး အပြန်အလှန်လေးစားမှု ရှိကြပါတယ် ။
ကွန်မြူနစ်ကို တိုက်ခိုက်နေရတဲ့ ဦးနေဝင်းရယ် ကွန်မြူနစ်ကို ကပ်ရောဂါလို စိုးရိမ်ကြောက်လန့်နေတဲ့ လီကွမ်ယူရယ် ပေါင်းစည်းမိတာ မဆန်းတဲ့ ကိစ္စပါပဲ ။ ဒါကြောင့် ဒီဗုံးသီးကိစ္စမှာ လီကွမ်ယူ ရူးချင်ယောင် ဆောင်ပြီး မြန်မာ့တပ်မတော်ကို မစ္စချန်ဘောင်လီက တဆင့် ကူညီတာလည်း ဖြစ်နိုင်တာပါပဲ ။
၁၉၈၀ ခုနှစ်မှာ တိန့်ရှောင်ဖိန် စင်္ကာပူကို သွားတော့ လီကွမ်ယူကို ပြောပါတယ် ။
စင်္ကာပူ အနေနဲ့ ရုရှားကို မပေါင်းပဲ တရုတ်နဲ့သာပူးပေါင်းသင့်ကြောင်း ပြောပါတယ် ။
လီကွမ်ယူက ပြန်ပြောပါတယ်
"ရုရှားဟာ ဒေသတွင်းက ကွန်မြူနစ်သူပုန်တွေကို စစ်ရေးအကူအညီ မပေးလို့ စိုးရိမ်စရာ မလိုဘူး သူပုန်တွေကို စစ်ရေးအကူအညီပေးနေတဲ့ ခင်ဗျားတို့ တရုတ်တွေကိုပဲ စိုးရိမ်တယ် ။ တရုတ်အနေနဲ့ တိုးတက်ချင်တယ်ဆိုရင် အစိုးရတွေနဲ့သာ ဆက်ဆံသင့်ပြီး သူပုန်တွေနဲ့ မဆက်ဆံသင့်ဘူး "
လို့ ပြန်ပြောခဲ့ပါတယ် ။
အဲဒီနောက် တရုတ်ရဲ့ ပေါ်လစီ ပြောင်းစပြုလာတယ်လို့ ဆိုကြပါတယ် ။
၂၀၁၅ မှာ လီကွမ်ယူ ကွယ်လွန်တော့ တရုတ်ခေါင်းဆောင်တွေက လီကွမ်ယူဟာ တရုတ်နိုင်ငံရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်ကြီးပါလို့ ဂုဏ်ပြုခဲ့ပါတယ် ။
ချန်ဘောင်လီဟာ ၁၉၉၇ အထိ မြန်မာသံအမတ် အဖြစ် နေသွားခဲ့ပြီး ၁၉၉၇ မှ ၂၀၀၀ အထိ စင်္ကာပူသံအမတ်လုပ်သွားခဲ့ရပါတယ် ။
အင်ဒို စင်္ကာပူ ခရီးစဉ် တခုမှာ သူမဟာ ဦးနေဝင်း နဲ့ တွေ့ဆုံ နှုတ်ဆက်သွားရပါသေးတယ် ။ ဒါဟာ ဦးနေဝင်း နဲ့ မစ္စချန်ဘောင်လီ တို့ရဲ့ နောက်ဆုံးတွေ့ဆုံခြင်း ပဲ ဖြစ်ပါတယ် ။
ဦးနေဝင်းဟာ ပျဉ်းမနားမြို့ကို ၁၉၈၂ မှာ အလည်ပြန်လာပါတယ် ။ တပ်ရင်း ၄ တပ်မှူးအဖြစ် ကာလအတော်ကြာ နေခဲ့ဖူးတဲ့ ပျဉ်းမနားမြို့အပေါ် သံယောဇဉ်ရှိသူ တဦးလို့ ဆိုကြပါတယ် ။ ယခု ခလရ ၈၅ ဟာ တပ်ရင်း ၄ နေရာဖြစ်ပါတယ် ။
ဦးနေဝင်း လာချိန်မှာ တခမ်းတနား ကြိုဆိုပြင်ဆင်ပေးခဲ့ရတာတွေ ချန်ခဲ့ပါမယ် ။
ပျဉ်းမနားမှာ ရဟတ်ယာဉ်ကွင်း ၂ ခု ဖောက်ထားရပါတယ် ။ တကယ်လာတော့ ဘယ်ကွင်းမှ မဆင်းဘူး ခလရ ၈၅ ထဲပဲ ဆင်းလာပါတယ် ။ သူနဲ့ အတူ တပ်ချုပ် ဗိုလ်ချုပ်ပြီးသူရကျော်ထင် ၊ မျက်မှန်ကြီး နဲ့ အခြားလူတွေ ပါလာပါတယ် ။
ပျဉ်းမနားမှာ နေစဉ်ကာအတွင်း ညပိုင်းအချိန်တွေမှာ သူတွေ့ချင်တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာ ၊ ဗိုလ်တောက်ထိန်တို့ လာကြပါတယ် ။
၇၀ ဝန်းကျင် အဖိုးကြီး ၃ ဦးဟာ ခလရ ၈၅ ရဲ့ ဧည့်ရိပ်သာ မှာ ရှေးဟောင်းနှောင်းဖြစ်တွေကို ဆူညံကျယ်လောင်စွာ ပြောဆိုရီမောနေကြပါတယ် ။
ဗိုလ်တောက်ထိန်ဟာ ကြံဧက ၂၀၀ လောက်ကို ကိုယ်တိုင် စိုက်ပျိုးနေပြီး အထွဋ်အထိတ်ရောက်နေတဲ့ ရဲဘော်ရဲဘက်ကြီး ဆီကနေ မည်သည့်အကူအညီကိုမျှ တောင်းဆိုခြင်း မရှိပါဘူး တဲ့ ဗျာ ။
ဦးနေဝင်း ပျဉ်းမနားကို ရက်ရှည်လာပြီး နေတာဟာ အပျင်းပြေ အနားယူဖို့ လာတာ မဟုတ်ပါဘူး ။
ယခု နေပြည်တော် နေရာမှာ မြန်မာပြည် အစိုးရရုံးများ နဲ့ မြို့ပြ အရပ်ဖက် ခွဲခြားပြီး ကွပ်ကဲမှုလွယ်ကူစေမယ့် အလယ်ပိုင်းဗဟိုဒေသမြို့သစ် တည်ဆောက်ဖို့ လေ့လာနေတာ ဖြစ်ပါတယ် ။
သူအသစ်တည်မယ့် မြို့သစ်ကြီး နဲ့ ရန်ကုန် မန္တလေး ချိတ်ဆက်ရမယ့် လမ်းအသစ် (ယခု အမြန်လမ်း) အတွက် လမ်းအူကြောင်းရှာဖွေခြင်း နဲ့ တိုင်းတာရေး လုပ်ငန်းတွေကို ကိုယ်တိုင် အနီးကပ် လေ့လာနေတာပါ ။
အဲဒီနောက် လမ်းကြမ်းကို ဖောင်ကြီးကနေ ၁၀ မိုင်ခန့် စတင်ဖောက်လုပ်ပြီးတာ နဲ့ ရန်ကုန် မန္တလေး ၁၀ နာရီ အရောက် ခရီးပေါက်ရမယ် ဆိုတဲ့ ဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့ပါတယ် ။
ဒါပေမယ့်
- ဆိုရှယ်လစ်စီးပွားရေး စနစ် မအောင်မြင်ခြင်း ၊
-ပြည်ပအကူအညီမဲ့ခြင်း ၊
-နှောင်ကြိုးတန်းလန်းနဲ့ အကူအညီများအား လက်မခံလိုခြင်း
- သယံဇာတများ မရောင်းချလိုခြင်း
အစရှိတဲ့ အချက်များကြောင့် ဦးနေဝင်း မျှော်မှန်းထားသော မဟာဗျူဟာ အလယ်ပိုင်းမြို့သစ်ကြီး နဲ့ အမြန်လမ်းသစ် စီမံကိန်းကြီးဟာ ဖောင်ကြီးအထွက် လမ်းကြမ်း ၁၀ မိုင်နဲ့ပဲ နိဂုံး ချုပ်ခဲ့ရပါတယ် ။
ဦးနေဝင်းဟာ ရန်ကုန်မြစ် နဲ့ ပင်လယ်ဝအတိုင်း ကျဉ်းမြောင်းစွာ တည်ရှိနေတဲ့ ရန်ကုန်မြို့ကိုလည်း ချဲ့ထွင်ဖို့ စိတ်ကူးခဲ့ပါတယ် ။
အဲလို ရန်ကုန်ကို ချဲ့ထွင်သလို အလယ်ပိုင်း ဒေသသို့ အာဏာဗဟိုချက် အဖြစ် ရွှေ့ပြောင်းချင်တဲ့ အချက်တွေကိုလည်း ဦးနေဝင်းက စဉ်းစားမိပါတယ် ။
အဲဒီအချက်တွေကတော့ ........?