TNLA ထံ လက်လွှတ်ခဲ့ရသည့် မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က သိမ်းဆည်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့တို့ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြောင်း စစ်ကောင်စီက ယနေ့ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြောက်ပိုင်းမဟာမိတ်တို့သိမ်းပိုက်ထားသည့် နယ်မြေများကို စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်တို့အား တရားဝင်အုပ်ချုပ်ခွင့်ပေးရန် တရုတ်နိုင်ငံတွင်း ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း သတင်းများ ထွက်လာပြီးနောက် စစ်ကောင်စီက TNLA သိမ်းဆည်းထားသည့် နယ်မြေများကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ခြင်းဖြစ်သည်။
နမ့်ဆန်နှင့် မန်တုံမြို့တို့သည် စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲတွင် ပါဝင်ပြီး နမ္မတူမြို့သည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အနီးတွင် တည်ရှိသည်။
စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်အရ အဆိုပါ မြို့နယ် ၃ မြို့နယ်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးသည် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ လက်ထဲသို့ ရောက်ရှိလာမည်ဖြစ်ပြီး စစ်တပ်သည် ထိုဒေသတွင် ၎င်းတို့အပြစ်ပေးလိုသူများကို စစ်ခုံရုံးဖြင့် စစ်ဆေးထောင်ချခြင်းတို့ကိုလည်း ပြုလုပ်ခွင့်ရှိလာမည်ဖြစ်သည်။