ပိုင်နက်နယ်မြေအတွင်း ဝင်ရောက်လာမည့် တရုတ်တိုက်လေယာဉ်များ နှင့် စစ်သင်္ဘောများကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော
ထိုင်ဝမ်ပိုင်နက်အတွင်းသို့ တရုတ်၏ တိုက်လေယာဉ်များ (သို့မဟုတ်)
စစ်သင်္ဘောများဝင်ရောက်လာပါက ကိုယ့်ကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့်
လက်တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ(၈)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "ရန်သူတွေရဲ့လေယာဉ်တွေ ဒါမှမဟုတ်
စစ်သင်္ဘောတွေက ကျွန်တော်တို့ရဲ့ လေပိုင်နက်၊ ရေပိုင်နက်တွေကို
ကျူးကျော်ဝင်ရောက်လာပါက ကျွန်းရဲ့လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက်
သင့်လျော်တဲ့လက်တုံ့ပြန်မှုအစီအစဉ်တွေပြုလုပ်ဖို့ ရှေ့တန်းက တပ်မှူးတွေကို
တရားဝင်ခွင့်ပြုပေးထားပါတယ်" ဟု ထုတ်ပြန်ထားသည်။
မတ်လ(၇)ရက်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng သည် တရုတ်နိုင်ငံ၏
ထိုင်ဝမ်အပေါ် ပထမဆုံး တိုက်ခိုက်မှုနှင့်ပတ်သက်သည့်
အမြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုခဲ့ပြီးနောက် အဆိုပါထုတ်ပြန်ချက်
ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို အမြောက်များ
(သို့မဟုတ်) ဒုံးကျည်များ အသုံးပြုကာ ပထမဆုံးတိုက်ခိုက်မှုကို
လုပ်ဆောင်နိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဟောင်း Tang Yao-ming က
သတ်မှတ်ပြောခဲ့သည်။
သို့သော်လည်း ထိုင်ဝမ်ကျွန်းကို အမြောက်များ၊ ဒုံးကျည်များဖြင့်
ပစ်ခတ်တိုက်ခိုက်စရာမလိုဘဲ မငြိမ်မသက် ဖြစ်အောင်လုပ်ဆောင်နိုင်သည့် တရုတ်၏
စစ်ရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်းကြောင့် ကာကွယ်ရေးဝန်ကြီး ဟောင်း
Tang Yao-ming ပြောဆိုခဲ့သော သတ်မှတ်ချက်များမှာ လက်ရှိအချိန်တွင်
ပြောင်းလဲသွားပြီဖြစ်ကြောင်း Chiu Kuo-cheng က ပြောခဲ့သည်။
ထို့ကြောင့် တရုတ်ဘက်မှ ပထမဆုံးအကြိမ်ပစ်ခတ်တိုက်ခိုက်မှုကို
စောင့်ဆိုင်းနေမည့်အစား ထိုင်ဝမ်ပိုင်နက် အတွင်းသို့
တရုတ်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝင်ရောက်လာမှုကို
စစ်ရေးအရကျူးကျော်မှု (ပထမဆုံး လှုပ်ရှားမှု) တစ်ခုအဖြစ် ထိုင်ဝမ်စစ်တပ်က
သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး Chiu
Kuo-cheng က "တရုတ်ဘက်က ပထမဆုံးလှုပ်ရှားမှုကို လုပ်ဆောင်လိုက်တာနဲ့
တစ်ပြိုင်နက် ထိုင်ဝမ်စစ်တပ်ဟာ အဲဒီလှုပ်ရှားမှုတွေကို
လက်တုံ့ပြန်တိုက်ခိုက်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ ဘက်ကတော့
ပထမဆုံးလှုပ်ရှားမှုတွေကို လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က
လက်တုံ့ပြန် တိုက်ခိုက်မှုတွေကိုပဲ လုပ်ဆောင်မှာပါ" ဟု ပြောခဲ့သည်။