ယူကရိန်း၏ ဒရုန်း(၄၇)စင်းကို အောင်မြင်စွာ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
ရုရှားနိုင်ငံတောင်ပိုင်းဒေသများတွင် ယူကရိန်း၏ ဒရုန်း(၄၇)စင်းကို
ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားအစိုးရတာဝန်ရှိသူ များက မတ်လ(၉)ရက်တွင်
ပြောကြားခဲ့သည်။
ဒရုန်းအများစုကို ယူကရိန်းနိုင်ငံ နယ်စပ်ရှိ Rostov ဒေသတွင်
ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ထပ်မံ ပြောကြားခဲ့သည်။ ရုရှားက
ကျူးကျော်တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ပြီးနောက်ပိုင်းတည်းက ယူကရိန်းသည်
ရုရှားနိုင်ငံတွင်းသို့ ဒရုန်းများကို
ပုံမှန်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရုရှားစစ်တပ်က "ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ
ဘယ်လ်ဂိုရော့ဒေသမှာ ဒရုန်းတစ်စင်း၊ Kursk ဒေသမှာ ဒရုန်းနှစ်စင်း၊
ဗိုလ်ဂိုဂရက်ဒေသမှာ ဒရုန်းသုံးစင်းနဲ့ Rostov ဒေသမှာ ဒရုန်း(၄၁)စင်းတို့ကို
ကြားဖြတ် ဟန့်တားပြီး ဖျက်ဆီးပစ်ခဲ့တာပါ" ဟု ပြောခဲ့သည်။
ရုရှားနိုင်ငံတောင်ပိုင်းရှိ Rostov ဒေသသည် ယူကရိန်းတွင် ပြုလုပ်နေသော
၎င်း၏ စစ်ဆင်ရေးအစီအစဉ်များနှင့် ပတ်သက်ပြီး ရုရှားစစ်တပ်အတွက်
အချက်အချာကျသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ယူကရိန်းတပ်ဖွဲ့ များ၏
ဒရုန်းဖြင့်တိုက်ခိုက်မှုသည် Taganrog မြို့ကို ထိမှန်ခဲ့ကြောင်း Rostov
ဒေသအုပ်ချုပ်ရေးမှူး Vasily Golubev က ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦး
ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း လူသေဆုံးမှုမရှိ ကြောင်း ၎င်းက
ထပ်မံပြောခဲ့သည်။ ယူကရိန်းတပ်ဖွဲ့များသည် ဒရုန်းများဖြင့် Taganrog
မြို့ရှိ လေယာဉ်စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
ရုရှားစစ်တပ်နှင့်နီးစပ်သည့် ဆိုရှယ်မီဒီယာချန်နယ်များ က ပြောကြားခဲ့သည်။
တယ်လီဂရမ်ချန်နယ် Rybar က "Taganrog မြို့ကို
ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ် ကတော့ Beriev
လေယာဉ်စက်ရုံပဲဖြစ်ပါတယ်" ဟု ရေးသားဖော်ပြခဲ့သည်။ ထို့ပြင်
ယူကရိန်းတပ်ဖွဲ့များ၏ အခြားပစ်မှတ်တစ်ခုမှာ Morozovsk မြို့ရှိ
စစ်ဘက်ဆိုင်ရာလေတပ်စခန်းတစ်ခုဖြစ်ကြောင်း တယ်လီဂရမ်ချန်နယ် Rybar က
ထပ်မံရေးသားဖော်ပြခဲ့သည်။