နေဝင်ချိန် မှတ်တမ်း (၁)
================
ဒီအကြောင်းကို
ကျနော် အမြင်နဲ့ ရေးပေးဖို့ တိုက်တွန်းပြီး link ချပေးခဲ့တာက ကိုရဲဝင့်ခန့်အောင် ပါ ။
မူလ ဆရာ Myint Aung Kyaw ကတော့ အပိုင်း ၁၄ ခု ရေးထားပါတယ် ။ ကျနော်ကတော့ ဖြတ်တောက်ရေးသားဖို့ စဉ်းစားထားတော့ သူ့လောက်တော့ များမယ်မထင်ပါဘူး ။
ဆရာမြင့်အောင်ကျော်ကတော့
"မှတ်တမ်းမရှိသောတပ်မတော်ဒုတိယဖခင်၏ နိဂုံး"
ဆိုပြီး အမည်ပေးထားပါတယ် ။
ဦးနေဝင်း မကွယ်လွန်မှီ ၃ နှစ်ခန့် အတူနေထိုင်ခဲ့သည့် ဗိုလ်ကြီးတဦး၏ ပြောကြားချက်များ နဲ့ website မှ အချက်အလက်များကို တိုက်ဆိုင် စစ်ဆေးပြီး ရေးသားထားတယ်လို့ ဆိုပါတယ် ။
ဦးနေဝင်းဟာ နိုင်ငံတော်ပိုင် အိမ်ထဲမှာ ဗိုလ်မှူးဘိုဘို (DSA 28) ၊ ဗိုလ်ကြီးသိန်းလှိုင် (OTS 55) ၊ ရဲဘော် ၃ ဦး တိုနဲ့ အတူနေခဲ့ရပါတယ် ။
အသက်ကြီးလာတော့ တုန်တုန်ချိချိ ဖြေးဖြေးလေးလေး ဖြစ်လာရပါတယ် ။
သူဒီလို ဖြေးဖြေးအေးအေး ပြောတာ ဆိုတာတွေကို သူ့မြေးတွေဖြစ်တဲ့ ကိုအေးနေဝင်းတို့ ညီအကိုတွေက စိတ်မရှည်ကြဖူးလို့ ဆိုပါတယ် ။
အဲဒါကြောင့် ဦးနေဝင်းက သမီး နဲ့ မနေပဲ သီးခြားနေတာဖြစ်ပါတယ် ။
သူ့အနားမှာ နေရတဲ့ ဗိုလ်မှူးဘိုဘိုက ထောက်လှမ်းရေးမှ တာဝန်ပေးထားသူ ဖြစ်ပြီး ဗိုလ်ကြီးသိန်းလှိုင်ကတော့ ဦးနေဝင်းကိုယ်တိုင် ဗမာအညာသား စစ်စစ် အခြားအဆင့်က အရာရှိတယောက် ရှာပေးစမ်း ဆိုလို့ ဗိုလ်ချုပ်ကြီး သူရကျော်ထင်ကိုယ်တိုင် ကျောက်ပတောင်းသား အညာသားစစ်စစ်ကို ရှာပေးထားသူ ဖြစ်ပါတယ် ။
ဖိုးသိန်းလှိုင်လို့ ခေါ်ပြီး သူ့ရဲ့ ခြေရင်းခန်းမှာ အိပ်ရပါတယ် ။ သီးသန့်စာကြည့်ခန်း ရှိပြီး ပုဂ္ဂိုလ်ရေး ရင်းနှီးမှုဖြင့် ပေးထားခဲ့သည့် လက်ဆောင်များ ဓါတ်ပုံများ စာရွက်စာတမ်းများကို ထိမ်းသိမ်းထားပါတယ် ။ ထိုအခန်းထဲကို ဗိုလ်ကြီးသိန်းလှိုင် တယောက်ပဲ အဝင်ခံပါတယ် ။
ဗိုလ်မှူးဘိုဘို ကိုတော့ ကျားထိုးရုံပဲ စကားပြောတတ်ပြီး အခြားစကားများ မပြောကြဘူးလို့ ဆိုပါတယ် ။ ကျားထိုးရင် ဇွဲကောင်းလို့ ထမင်းစားချိန် လွန်သွားတတ်ပါသတဲ့ ။ နေ့လည်စာ ၁၂ နာရီ နဲ့ ညစာ ၁၇:၀၀ နာရီမှာ ပုံမှန်စားပါတယ် ။
တခါတရံ အင်းယားကန်ဖက်ကို ငေးကြည့်နေတတ်ပြီး ဖိုးသိန်းလှိုင်ရေ ငါ့ကို ထမင်းပွဲပြင်ပေးအုံးလို့ စားပြီးသားကို မေ့ပြီး ပြောတတ်သတဲ့ ။
ဆာလို့လား ဗိုလ်ချုပ် စားပြီးပြီလေ ဆိုမှ အေးဟုတ်သားပဲ လို့ ပြောပါတယ် ။
ကျားထိုးရင် မနိုင်မချင်း ထိုးတတ်လို့ ထမင်းစားချိန် လွန်မှာ စိုးတော့ ဗိုလ်မှူးဘိုဘိုက အရှုံးခံ ကစားရတတ်ပါသေးတယ် ။
အညာသား ဗိုလ်ကြီးသိန်းလှိုင်က တာဝန်အရသာမက စေတနာ မေတ္တာနဲ့ပါ နှစ်နှစ်ကာကာ လေးလေးစားစား ပြုမူ ဆက်ဆံတတ်လို့ အထူးအဆင်ပြေပါတယ် ။
ဦးနေဝင်း မခိုင်းပဲ ဒေါ်ခင်စန္ဒာတို့ အိမ်ကို သုတယောက်တည်း မသွားတတ်ပါဘူး ။
ဦးနေဝင်းဟာ အသက်အရွယ်ကြောင့် နုံ့နဲ့လာနေတဲ့ အတွက် သတင်းစာ ဖတ်ရင် ပေတံနဲ့ မျဉ်းပိတ်ပြီးမှ ဖတ်နိုင်ပါတော့တယ် ။ အဲလို ပေတံမပါရင် အထက်အောက် စာတန်းတွေ ရောထွေးသွားအောင် အမြင်အာရုံ ချို့တဲ့ ခဲ့ရရှာပါပြီ ။
ရေချိုးရင် ကိုယ်လုံးတီး ချိုးတတ်ပြီး ကာကွယ်ရေးလက်နက်( သေနတ်)လည်း အမြဲဆောင်ထားလေ့ ရှိပါတယ် ။
တနေ့ ညဉ့်နက်မှ ဖိုးသိန်းလှိုင် ထစမ်းကွာ ဆိုပြီး လာနှိုးပါတယ် ။
ဘယ်သွား မှာလည်း ဗိုလ်ချုပ်လို့ မေးတော့ ဟိုဖက်အိမ်သွားမလို့ ကွ ဆိုပြီး လက်နှိပ်ဓါတ်မီး တဖက် •45 Webley rovolver ခြောက်လုံးပြူးက တဖက် ကိုင်ပြီး ဒေါ်ခင်စန္ဒာတို့ အိမ်ဖက်ကို ဒေါသတကြီး ထွက်သွားလို့ ဗိုလ်ပြီး သိန်းလှိုင်လည်း နောက်ကနေ ကပျာကရာ လိုက်သွားပြီး ဘာဖြစ်လို့လဲ ဗိုလ်ချုပ်ဆိုတော့ ဒေါသထွက်နေတဲ့ မျက်နှာနဲ့ ........?