ဒေါက်တာသန်းထွန်းရဲ့ မြန်မာပြည်ထဲက သျှမ်းဒေသများ
==========================
ရှေးကျလွန်း မကကျတဲ့ ခေတ်ကာလ တွေအတွက် အက္ခရာတင်ပြီး ကမ္ဗည်းကျောက်စာ ဆိုတာမျိုးတွေ မရှိလို ရှေးဟောင်း သုတေသန (Archaeology) ကိုပဲ အားကိုးရပါတယ်။ သိပ်စောတဲ့အကြိုသမိုင်း (Prehistory)၊ အရုပ်စာ(Hieroglyph) လို မှတ်တမ်းတစ်မျိုးရှိတဲ့ အကြိုသမိုင်း (Protohistory) ခေတ်တွေ လွန်ပြီးမှ သမိုင်း(History)ခေတ်ကိုရောက်ပါတယ်။
အကြောင်းအရာဆစ်ခု၊ ပုဂ္ဂိုလ်တစ်ဦး၊ မော်ကွန်းမှတ်တိုင် တစ်တိုင်ဟာ သမိုင်း၀င်ဖြစ်တယ်ဆိုရင် တက်စစ်မှန်တယ်လို့ စိတ်ချပါဆိုတဲ့ အာမခံ ချက်ရှိတယ်။ သမိုင်းပညာရှင်ဆိုတာကိုလည်း ဖြစ်ရပ်တွေကို ရက်စွဲစဉ်ပြီး မှတ်တမ်းတင်တာလောက် လုပ်တဲ့လူ မဟုတ်ဘူးဆိုတာ ခွဲခြားသိသင့်ပါတယ်။
နန်းတွင်း ထူးခြားတဲ့ ကိစ္စတွေလို နေ့စဉ်မှတ်သားရတဲ့ နေ့စဉ်မှတ် ပုရပိုက်ရှိတယ်။ (တာ၀န်ယူပြီး ရေးသူဟာ သံတောဆင့်တစ်ဦး ဖြစ်မယ်ထင်တယ်။) သမိုင်းပညာရှင်က နေ့စဉ်မှတ်သူနဲ့ လုံး၀မတူပါ။ သမိုင်းရေး သူတိုင်းမှာ ရည်မှန်းချက် တစ်ခုတော့ ရှိစမြဲဖြစ်တယ်။ ဘယ်သမိုင်းကို ဘယ်လိုရေးတယ်လို့ စစ်ဆေးတာဟာ သမိုင်းရဲ့ သမိုင်း (Historiography) ဖြစ်တယ်။
သမိုင်း (History) နဲ့နေ့စဉ်မှတ် (Chronology) ကွဲလွဲခြားနားပုံကို ဥရောပစာပေမှာ ခရစ်တစ်ဆယ့်ခြောက် ရာစုနှစ်ကပဲ သိသာနေပါပြီ။
မြန်မာနိုင်ငံမှာဆိုရင် နောက်ဆုံးဘုရင့် အမိန့်တော်နဲ့ ပြုစုတဲ့ မဟာရာဇ၀င်တော်ကြီး (မှန်နန်း) ကိုနေ့စဉ်မှတ် အဆင့်ပဲရှိတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေရဲ့ အဆက်အနွယ်ကို သိပ်ပြီး ပြည့်စုံအောင်ဖော်ပြဖို့ကြိုးစားတယ်၊ ပြီးတော့ ဘယ်ဘုရင်ရဲ့ ကောင်းမှုဟာ ဘာတွေဖြစ်တယ်လို့ ဖော်ပြတယ်။
အဲဒါလောက်ဆိုရင် အားလုံးကျေနပ်ကြတယ်။ ဒါကြောင့် ရာဇာ၀င်ဟာ မင်းဆက်ကိုပဲပြောမယ်၊ မင်းတစ်ပါးစီ သာသနာ့ဒါယကာ ဖြစ်ကြောင်းပြောမယ်။ ဒီနှစ်ချက်ဟာ ရာဇာ၀င်ကျမ်းရဲ့ ပဓာနတာ၀န်ဖြစ်တယ်လို့တောင် အချုပ်စကားပြောနိုင်ပါတယ်။
အထောက်အထားမရှိဘဲ သမိုင်းမဖြစ်ဘူး ဆိုတဲ့စကားရှိတယ်။ မြန်မာရာဇ၀င်ကို ရှေးကရေးခဲ့တဲ့ ရှင်မဟာသီလဝံသ ရေး ရာဇ၀င်ကျော်၊ ဦးကုလားရေး မဟာရာဇ၀င်၊ ပုဂံရာဇ၀င်သစ်၊ ဦးထွန်းညိုရေး ရာဇ၀င်သစ် (မှန်နန်း) မရာဟာရာဇ၀င်တော်ကြီး အဲ့ဒါတွေ ရှိခဲ့တယ်၊ အားလုံးဟာ နေ့စဉ်မှတ် (Chronology) အဆင့်ပဲရှိတယ်။
ရှေးဟောင်း သုတေသနဌာနက တူးဖော်ပေးလို့ မြန်မာရှေးမြို့ဟောင်းတချို့ ရဲ့ ရက်စွဲကို ဖော်ထုတ်နိုင်ပါတယ်။ မြို့ရိုးနဲ့ နံရံတွေကို တောင်မြောက်တန်းတဲ့ နေရာမှာ သံလိုက်အိမ်မြှောင် (Magnetic Compass)က ညွန်တဲ့မြောက် ဘက်ကို တစ်ဆယ့်သုံး ဒီဂရီအထိ တိမ်းစောင်းနေရင် ဒီအုတ်တံတိုင်းနံရံ တည်ဆောက်တဲ့ ရာစုနှစ်ကို တွက်ယူလို့ရပါတယ်။ (ဒေါက်တာသန်းထွန်း)
လန်ဒန်နဲ့ ပါရီမြို့ ဟောင်းတွေရဲ့ နံရံတိမ်းစောင်းပုံ လေ့လာနည်းကို မှီပြီး မြန်မာမြို့ ဟောင်းတွေရဲ့ နံရံ တိမ်းစောင်းပုံကိုတွက်ယူတာ ဖြစ်ပါတယ်။ ဒီလိုတွက်ယူတဲ့အခါ အတိအကျ ရက်စွဲမရပေမယ့် ရာစုနှစ်လောက် အရက်စွဲအကြမ်းရပါတယ်။
မိုင်းမော ( ကူမဲအနီး ) ၂- ရာစုနှစ် ဘီစီ
ပိဿနိုး (တောင်တွင်းကြီးအနီး) ၁- ရာစုနှစ် အေဒီ
ဟံလင်း (၀က်လက်အနီး) ၃- ရာစုနှစ် အေဒီ
သရေခေတ္တရာ (ပြည်အနီး) ၄- ရာစုနှစ် အေဒီ
ဝေသာလီ (မြောင်ဦးအနီး) ၈- ရာစုနှစ် အေဒီ
ပုဂံ ၁၁- ရာစုနှစ် အေဒီ
အ၀ကို ၂၆ ဇန်နဝါရီ ၁၃၆၅ ကတည်ထောင်ပြီးတဲ့နောက် မြန်မာသမိုင်း အားလုံးကို ငါသိပြီပဲလို့ ထင်တဲ့လူများပါတယ်။ အဲဒီလို အခါကစပြီး ရေဆိပ်၊ မြစ်ဆိပ်၊ သဘောင်္ဆိပ်၊ ပင်လယ်ဆိပ် တော်တော်များများပေါ်ထွန်းလာပါတယ်။
မြန်မာမြေပြန့်ကို မြန်မာတွေ ရောက်မလာမီကပဲ တခြားလူမျိုးတွေ ရောက်ရှိနေပြီ ဆိုတာကိုတော့ မေ့လို မဖြစ်ပါဘူး၊ မြို့ ရွာတွေဟာလည်း အားလုံးမြန်မာတွေ တည်ခဲ့တဲ့မြို့ ရွာတွေ မဟုတ်ပါ။ ဒါကိုထင်ရှားအောင် သာဓကပြရရင် ကျောက်ဆည်နယ်က မြန်မာတွေ စတင်နေထိုင်ခဲ့တဲ့ တစ်ဆယ့်စ်ရွာရဲ့ နယ်တွေကို စစ်ဆေးကြည့်နိုင်ပါတယ်။
ရွာနာမည် စာလုံးပေါင်းကိုလည်း ကျောက်စာပါ အတိုင်းရေးထားပါတယ်။
ပင်လယ်၊ ပ္လဉ်မနာ၊မ္လစ်သာ၊ ရငုန်၊ မြင်ခုံတိုင်၊ ပနန်၊ တမုတ်၊ သင်တောင်၊ မက္ခရာ၊ တပ္လက်သာနဲ့ ခံလှူ၊ ပေါင်းတစ်ဆယ့်တစ်ရွာဖြစ်ပါတယ်။
ပင်လယ်ဆိုတဲ့ နာမည်က သျှမ်း၊ ခလှူကမွန်၊ ပ္လဉ်မနာ၊ ရငုန်၊ ပနန်၊ မက္ခရာ နဲ့ တပ္လက်သာ ဆိုတာ တွေက မြန်မာနာမည် မဟုတ်ပါ၊ မြန်မာနာမည်ဆိုရင် မ္လစ်သာ၊ မြင်ခုံတိုင်၊ တမုတ်နဲ့ သင်တောင် တို့တွေပဲရှိတယ်။ မြို့ ရွာနာမည်ကို မွန်စာရင်း၊ သျှမ်းစားရင်း လုပ်ကြည့်တဲ့အခါ ဘယ်လူမျိုး ဘယ်ဒေသမှာ စတင်နေထိုင်သွားတယ်လို့ အကြမ်းဖျင်း သိနိုင်ပါတယ်။
**သျှမ်းရွာအမည်စာရင်း** ( သျှမ်းပြည်က နာမည်တွေမပါ)
ကလေး - ရောင်း၀ယ်ရေး ကောင်းတဲ့စျေး
ကဗွက် - သံစျေး
ကသာ - စည်ကားတဲ့စျေး
ကောလင်း - တောင်ကတုံး
ကောင်းစင် - ဆင်တောင်
ကောင်းတုံ - တောင်ကြီးတောင်
ခန္တီး - ရွှေမြေ
ခမ်းပတ် - ရွှေထွက်
ချင်းတွင်း - သံကြေး
စကာ - မြို့စျေး
စကု - စုံတွဲမြို့
စကိုင်း (စစ်ကိုင်း)- ရေစီးသန်မြစ်
စလေ - ရောင်း၀ယ်ကောင်းတဲ့မြို့
စလင်း - စတင်ရှင်းလင်းတဲ့မြိ့
စဉ့်ကူ - မြင်းခြေနင်းကွင်းလုပ်တဲ့မြို့
စုံးမြို့ - စုံးအမျည်ရှိ သျှမ်းမျိုးတူစုကို စွဲပြီးခေါ်
တကောင်း - အခွန်အကောက်တောင်းရာဌန
တကုံ - ပုဇွန်ကူးတို့
တဇင် - ဆင်ကူးတို့
တပိန် - မျှော့ကူးတို့
တပွင့် - မြစ်ဆုံကူးတို့
တလ - ကောင်းတဲ့ကူးတို့
တွံတေး - ချဉ်သီးကူးတို့
ထား၀ယ် - ကူးခတ်ရတဲ့ကူးတို့
ပဆုပ် - တော၀င်လမ်း
ပတိန် - ချေဟောက်တဲ့တော
ပဒန် - ကြဖတော
ပင်လယ် - လွင်ပြင်ကျယ် ရေပြင်ကျယ်
ပင်းဒယ - စွယ်တော်ပင်လွင်ပြင်
ပျဉ်းမနား - ဖန်ခါးပင်လွင်ပြင်
ဖားကန့် - ကျောက်ဖျာမိုး
ဗန်းမော် - အိုးရွာ
ဗန်းမောက် - ပန်းရွာ
ဗဟင်း - ကျောက်တော
မလည် - မြင်းစာကျက်မြေ
မော်ကယ် - ဆားတွင်း
မော်တုံ - ကြေးတွင်း
မော်လူး - သတ္တူတူးယူတဲ့လိုဏ်
မော်လိုက် - အစမ်းတွင်း
မန်စီ - စိမ့်မြေရွာ
မန္တလေး - တောင်ငယ်လေး
မန်လီ - ကောင်းတဲ့ရွာ
၀န်းသို - ကျားမြို့
၀ိုင်းမော် - အိုးထိန်းမြို့
သီဟတော - ငုတ်လေး/ ငါး
သောင်သွတ် - အ၀ အ၀င် မြစ်ကြီးကိုစီး၀င်ရာအ၀
ဟုမ္မလင်း - ပိန္နဲပင်ရိပ်
နာမည်ကို သိရုံနဲ့ ရွာတည်ထောင်တဲ့ သမိုင်းကို သိဖို့မလွယ်ပါ၊ ဒါပေမဲ့ ဘယ်လိုမျိုးတည်ထောင်သွား မယ် ထင်ရတယ်၊ တခု ဘယ်သူတွေဆက်နေသလဲ ဆိုတာတော့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ကုလားနာမည်ရှိတဲ့ မြို့ ရွာဆိုရင် ဗုဒ္ဓ၀င်ထဲက ယူမှည့်တာဖြစ်မယ်။ ကုလားတွေလာပြီး မြို့တည်တော့ သိပ်မဖြစ်နိုင်ဘူး လို့ပဲ ပြောချင်ပါတယ်။
အလောင်း မင်းတရားလက်ထက် မွန်မြို့ ရွာနာမည်တွေကို မြန်မာနာမည်ပေးတဲ့အခါ မြန်အောင်၊ ရန်ကုန်ဆို သလိုပေါ်လာခဲ့ပါတယ်။
ရှေးအခါက မြန်မာရာဇာ၀င် ကျမ်းတွေ ရေးခဲ့ကြတဲ့ ရည်ရွယ်ချက်ကို စစ်ဆေးကြည့်ပါ။ ပထမ မဟာရာဇ၀င်တော်ကြီး (အလွယ်ခေါ် မှန်နန်း) ကို ဘာကြောင့် ရေးသလဲမေးရင် ရှင်ဘုရင် ခိုင်းလို့ ဆိုတဲ့အဖြေကို ချက်ခြင်းဖြေနိုင်ပါသည်။
မြန်မာတွေ မြန်မာနိုင်ငံ အလယ်ပိုင်းကို မလာရောက်ခင်က ဘယ်မှာနေခဲ့ကြသလဲလို့ မေးရင် အမေးသာရှိမယ်၊ အဖြေမပေါ်ဘူး။
ဘာပြုလို့လဲဆိုတော့ ခိုင်ခိုင်မာမာပြောစရာ သာဓကအထောက်အထားမရှိလို့ပါပဲ၊ မှန်းဆကြည့်ပါဆိုရင် တရုတ်နိုင်ငံ အနောက်မြောက်တောင့် ဖြစ်ကောင်းရဲ့ လို့ပြောမယ်။ အရင်အနှစ် လေးထောင် (၂၀၀၀ ဘီစီ) ကတောင် ဘက်ကို တဖြည်းဖြညး တရွေ့ရွေ့ ပြောင်းရွေ့လာကြမယ်။
မြန်မာနိုင်ငံအတွင်းကို ရောက်လာပြီး အတည်အမြဲနေကြတော့မယ် ဆိုတော့ မွန်လူမျိုး၊ ပျူလူမျိုးတွေနဲ့ တွေ့ကြတယ်။ ဒီလူတွေက အိန္ဒိယ ဓလေ့ကို တော်တော်များများ လက်ခံကျင့်သုံး နေကြပြီးဖြစ်လို့ ဗြဟ္မဏဝါဒ၊ ဗုဒ္ဓဝါဒတွေကို တတ်ကျွမ်းပြီးသားဖြစ်တယ်။ မြန်မာတွေက ၁၀ ရာစုနှစ်လောက်မှ အများအပြား ဗုဒ္ဓ သာသနာ၀င်ဖြစ်လာစရာရှိပါသည်။ အိန္ဒိယ အရင်းခံဖြစ်တဲ့ အက္ခရာတွ သုံးပြီး စာရေးနည်းကို၁၁ ရာစုနှစ်လောက်မှပဲ တတ်မြောက်လာကြပါပြီ၊ စာနေရးနည်းတတ်တာနဲ့ အနိရုဒ (1044- 1177) နိုင်ငံချဲ့တဲ့ ကာလနဲ့ ထပ်တူလောက်ဖြစ်မယ်လို့ မှန်းဆပါသည်။
သမိုင်းဆိုသည်မှာ ရှိရှိသမျှ၊ ဖြစ်ဖြစ်ခဲ့သမျှ အလူ့အတွ့ အကြုံများကို စုစည်းပြီး မှတ်တမ်း တင်ထားခြင်း ဖြစ်သည်။ အတိတ်ဖြစ်ရပ် များကို မှတ်တမ်းတင်ပြီး သဘောအဓိပ္ဗာယ် ကောက်ချက်ယူသည်။ ဖြစ်စဉ်အရှည်ကြီးထဲက သဘောအဓိပ္ပါယ်များ ကောက်ယူခြင်းပင်ဖြစ်သည်။
သမိုင်းတွင် ကောင်းခဲ့ ဆိုးခဲ့သည်များရှိပြီး အဘယ်ကြောင့် ကောင်းသည် ဆိုးသည် သဘောအဓိပ္ပါယ်၊ သဘောသမ္ဘာ ရှိသင့်သည်။ အနည်းဆုံးအားဖြင့် ကိစ္စတစ်ခုကို လုပ်သည့်အခါ မည်သသည်ကို အခြေခံပြီး မည်သည့်စိကူးဖြင့် လုပ်သည့်အခါမျိုးတွင် သဘောသမ္ဘာရှိသင့်သည်။
စာရေးဆရာက သမိုင်းအချက်အလက်များကို ရှာရာတွင် ဘာကြောင့်ဖြစ်သလဲ ဘယ်လိုဖြစ်သလဲ၊ ဘယ်လိုရလဒ်ရှိသလဲဆိုသည့် အချက်များကို သိရှိခြင်းအားဖြင့် မ အ နိုင်၊ မညံ့နိုင်၊ အညာမခံရ နိုင်ဟု ဆိုထားသည်။
Credit:
ထုတ်နုတ် - မြန်မာသမိုင်း နိဒါန်း
- ဒေါက်တာသန်းထွန်း
crd_via_Hsipaw media