နေဝင်ချိန် မှတ်တမ်း (၉)
================
၁၉၈၁ မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသောင်းကြည်ဟာ ဂေါက်ရိုက်ရင်း နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ် ။
အဲဒါကို အကြောင်းပြုပြီးတော့ မျက်မှန်ကြီးက ဒီလိုကြံစည်ပါတယ် ။
အဲဒီလစ်လပ်သွာတဲ့ ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ရာထူးနေရာကို လက်ရှိကာချုပ် ဗိုလ်ချုပ်ကြီး သူရကျော်ထင်ကို ခန့်ထားပြီး ချောင်ထိုးထားမယ် ။
ကာချုပ်အသစ်အဖြစ် မွန်သွေးပါသူ ဗိုလ်ချုပ်တဦးဦးကို အစားထိုးမယ်လို့ ဂွင်ချပါတယ် ။
သူ့ရဲ့ အကြံကို ဦးနေဝင်းထံ တင်ပြပါတယ် ။
ဦးနေဝင်းဟာ အင်မတန်အရေးပါတဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို သူအလွန်ယုံကြည်တဲ့ ငယ်မွေးခြံပေါက် ဗိုလ်ချုပ်ကြီးသူရကျော်ထင် ကိုပဲ ဆက်လက်တာဝန်ပေးဖို့ ဆုံးဖြတ်ပါတယ် ။
ဗိုလ်ချုပ်ကြီး သူရကျော်ထင်ဟာ ဂျပန်တော်လှန်ရေး ကာလတလျှောက်လုံးမှာ အသက်ကလည်းငယ် လူကောင်ကလည်းသေးသေး လေးမို့ တပ်မှူးတွေက "ပုတု" ဆိုပြီး ချစ်စနိုးခေါ်ခဲ့တဲ့ သူဖြစ်ပါတယ် ။
သူ့သက်တမ်းအားလုံးမှာ.. တပ်မှူးတွေအနားမှာ နေရပြီး စစ်မြေပြင်မှာပဲ တောက်လျှောက် အမှုထမ်းခဲ့ရသူ လူကြီးများအပေါ် အထူးသစ္စာစောင့်သိတဲ့ ယုံကြည်ရသူ ဖြစ်ပါတယ် ။
ဦးနေဝင်းရဲ့ မသင်္ကာစိတ်ဟာ ဒီအကြံပေးခဲ့တဲ့ မျက်မှန်ကြီးအပေါ် စတင်ဖြစ်ပွားခဲ့ရပါပြီ ။
ဒီတော့ ဦးနေဝင်းဟာ မျက်မှန်ကြီးပေးတဲ့ အကြံကို ပြောင်းပြန်လုပ်ပြီး ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး နေရာကို မျက်မှန်ကြီးအား ထပ်မံပေးအပ်ခဲ့ပါတယ် ။
မျက်မှန်ကြီးဟာ ထောက်လှမ်းရေးညွှန်မှူး ၊ ပါတီဥက္ကဌ၏စစ်ဘက်လက်ထောက် နဲ့ ပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဆိုတဲ့ ရာထူး ၃ မျိုးကို ရရှိခဲ့ပါပြီ ။
တကယ်တန်းကျတော့ ဦးနေဝင်းဟာ မြင်းသမားပီပီ တာဝင် တာထွက် ခန့်မှန်းတွက်ချက်ရာမှာ ကျွမ်းကျင်လှပါတယ် ။
နိုင်ငံရေးအခင်းအကျင်းမှာ သူဖက်ကို အသာစီးရအောင် အကွက်ရွှေ့လိုက်တာကို နိုင်ငံရေး ဖျံကျတဲ့သူတွေတောင် နားမလည်နိုင်အောင် အကွက်စေ့လှပါတယ် ။
ထောက်လှမ်းရေးပညာ ကျွမ်းကျင်ပြီး သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်နေတဲ့ မျက်မှန်ကြီးဟာ နိုင်ငံရေး အဆင်အကွက်တွေမှာတော့ ဦးနေဝင်းကို လိုက်မမှီခဲ့ပါဘူး ။ မျက်မှန်ကြီး ဘယ်သူတွေနဲ့ တွေ့နေပြီး ဘာတွေလုပ်နေတယ်ဆိုတာကို ဦးနေဝင်း သိနေခဲ့ပါတယ် ။
မျက်မှန်ကြီးရဲ့ စစ်ဘက်လက်ထောက် တာဝန်ဆိုတာ ကမ္ဘာ့သတင်း မြန်မာ့သတင်း နဲ့ စစ်ဖက်ထောက်လှမ်းရေး သတင်းတွေကို တည်းဖြတ်ပြီး နှုတ်နဲ့ တင်ပြရပါတယ် ။
ဖြစ်နိုင်ချေ အကျိုးဆက်များကို တွက်ချက်ပြီး ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံတွေ တင်ပြရပါတယ် ။ ဦးနေဝင်းရဲ့ လမ်းညွှန်ချက်တွေကို အရပ်ဖက် စစ်ဖက် ခေါင်းဆောင် အသီးသီးထံ ညွှန်ကြားရတဲ့ အလုပ်ကို ဆောင်ရွက်ရပါတယ် ။
အကြံကြီးတဲ့ မျက်မှန်ကြီးဟာ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ရံပုံငွေတွေကို အများအပြားသုံးစွဲပြီး သူ့ကိုယ်သူ မွန်ခေါင်းဆောင် ခံယူလာပါတယ် ။
တပ်မတော်အတွင်းက ဗိုလ်မှူးချုပ်စိန်လွင်( ၈၈ မှာ ရန်ကုန်က သားသတ်သမားလို့ အခေါ်ခံရသူ) ကဲ့သို့သော မွန်စစ်ဗိုလ်တွေကို စည်းရုံးထားတယ် ။
ဦးနေဝင်း မရှိလျှင် စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ ပါတီဥက္ကဌ ရာထူးယူရန် ကြံစည်တာပါ ။
ဒါပေမယ့် သူကံဆိုးတော့မယ် ကိစ္စတွေ ဖြစ်လာရပါတယ်
- ယဉ်ကျေးမှုဌာနရဲ့ ဖျော်ဖြေပွဲမှာ ရှေ့ဆုံးကကြည့်မယ့် ဦးနေဝင်း နဲ့ လူကြီးတွေကို ပစ်ခတ်ဖို့ ကြံစည်ခြင်း ခံရခြင်း
- ၁၉၈၁. မှာ ပြည်လမ်း အသံလွှင့်ရုံအား မန်းငွေအောင်မှ လောင်ချာနဲ့ ပစ်ခတ်ခဲ့ခြင်း
အစရှိတာတွေ ဖြစ်ခဲ့တာဟာ မျက်မှန်ကြီးရဲ့ ပေါ့ဆမှုကြောင့်လို့ ဦးနေဝင်းက ယူဆပါတယ် ။
ရန်ကုန်မြို့မှာ မျက်မှန်ကြီးရဲ့သား မင်္ဂလာဆောင်ပါတယ် ။ ဦးနေဝင်းကို အမှူးထားပြီး ဖိတ်ကြားခဲ့ပေမယ့် ဦးနေဝင်း မတက်ပဲ ငပလီကို ထွက်သွားပါတယ် ။ မျက်နှာမကောင်းတဲ့ မျက်မှန်ကြီးဟာ ဝီစကီပုလင်းဖွင့်ရင်း မိတ်ဆွေကို ရီကာမောကာ နဲ့
"အဖေကြီး မအားလို့ ဖြစ်မှာပါ"
လို့ ပြောခဲ့ပေမယ့် ဦးနေဝင်းရဲ့ ဒေါသစိတ်ကိုတော့ သူရိပ်မိနေပါပြီ ။
နောက်ဆုံးပြဿနာက ထိုင်းမှာ ဖြစ်ခဲ့ရတာပါ ။
မျက်မှန်ကြီး ဘန်ကောက်ကို အလည်သွားတော့ မြန်မာသံရုံးက ကော်ဇောနီခင်းပြီး ကြိုဆိုပါတယ် ။ ထိုင်းရောက်နေတဲ့ ဒေါ်ခင်စန္ဒာဝင်းက တွေ့သွားပြီး မျက်စေ့စပါးမွှေးစူးသွားကာ ဦးနေဝင်းဆီ ဖုန်းဆက်ပါတယ် ။
"ဖေဖေ ဘယ်သူက မြန်မာနိုင်ငံကို အုပ်ချုပ်နေတာလဲ ? ဒီမှာ ကော်ဇောနီခင်းပြီး ကြိုနေတာက ဖေဖေ မဟုတ်ဖူးနော် "
ဆိုတဲ့ ဖုန်းတကောလ်ဟာ ဦးနေဝင်းရဲ့ သည်းခံစောင့်ကြည့်နေတဲ့ စိတ်ကို အဆုံးသတ်စေခဲ့ပါတယ် ။
၁၉၈၃ မှာ ထောက်လှမ်းရေး တဖွဲ့လုံးကို ခြေလျှင်တပ်ပို့ပစ်ပြီး ခြေလျှင်တပ်ထဲက ထောက်လှမ်းရေး သင်တန်းဆင်းရဲဘော်တွေကို ထောက်လှမ်းရေးတပ်ထဲ လဲခှယ်ခဲ့ပါတယ် ။
မျက်မှန်ကြီးကိုလည်း ပါတီရံပုံငွေ အလွဲသုံးစားလုပ်မှု နဲ့ ထောင် ၅ နှစ် ချလိုက်ပါတော့တယ် ။
မျက်မှန်ကြီးဟာ သူဘာမှ မမှားခဲ့ကြောင်း ၊ ဦးနေဝင်းအပေါ် သစ္စာစောင့်သိခဲ့ကြောင်း အသနားခံစာ ရေးခဲ့ပေမယ့် မထူးခြားခဲ့ပါဘူး ။
၁၉၈၈. မှာ အင်းစိန်ထောင် ဆူလာတော့ သူ့တပည့်ကို လုံခြုံတဲ့နေရာကို ဦးနေဝင်းက ရွှေ့ပြောင်းစေခဲ့ပါတယ် ။
နေရာရွှေ့ဖို့ လာခေါ်တော့ မျက်မှန်ကြီးက ငါ့ကို သတ်ပစ်မှာလား လို့ မေးရှာပါတယ် ။
အခြား လုံခြုံတဲ့နေရာမှာ ကြာကြာမနေရပဲ အထွေထွေ လွတ်ငြိမ်းသာခွင့်နဲ့ လွတ်သွားရပါတယ် ။ ၁၉၉၈ အထိ ရန်ကုန်မှာ နေသွားရပြီး ကွယ်လွန်ခဲ့ပါတယ် ။ သူ့နာရေးကို ဦးနေဝင်း တက်ရောက်ခဲ့ပြီး မိသားစုတွေကို စာနာမှု ပြသခဲ့ပါတယ် ။
ဦးနေဝင်းဟာ ဗိုလ်ကြီးသိန်းလှိုင်ကို ဦးနုထံက အာဏာသိမ်းဖို့ စီမံကြပုံကို ပြောပြခဲ့ပါတယ် ။
"ဟေ့ ဖိုးသိန်းလှိုင်ရေ ငါ အာဏာသိမ်းဖို့အတွက် စစ်တိုင်းမှူး( တောင်ပိုင်းတိုင်းမှူး ၊ မြောက်ပိုင်းတိုင်းမှူး နဲ့ တပ်မဟာမှူးတွေ) တွေကို တံခါးပိတ် အစည်းအဝေးလုပ်ပြီး စစ်တပ်က အာဏာသိမ်းဖို့ ချပြခဲ့ရတယ် ။
ငါတို့အာဏာသိမ်းမယ် အောင်မြင်ရင် တိုင်းပြည်ကို ငါတို့အုပ်ချုပ်ရမယ် ။ မအောင်မြင်ရင် သေဒဏ်အပေးခံရမယ် သဘောမတူတဲ့သူတွေ အခုကတည်းက မပါပဲ နေနိုင်တယ်လို့ ပြောခဲ့တယ်ကွ"
"ဟုတ်ကဲ့ ဗိုလ်ချုပ်"
အဲဒီအခါ ဗိုလ်မှူးကြီးထွန်းကြည် တယောက်ပဲ မပါချင်ကြောင်း ဆန္ဒပြုပါသတဲ့ ။
အာဏာသိမ်းပြီး တလ အကြာမှာ ဗိုလ်မှူးကြီးထွန်းကြည်ကို တပ်မတော်ကနေ ထွက်ခွင့်ပြုခဲ့ကြောင်း ထပ်မံပြောကြားခဲ့ပါတယ် ။
လူအများအပြား သိမှီခဲ့တဲ့ ၈၈ အာဏာသိမ်းမှုကိုလည်း ဦးနေဝင်းကပဲ စီစဉ်ပေးခဲ့ရကြောင်း ဗိုလ်ကြီးသိန်းလှိုင်ပြန်ပြောတာကတော့
ကာချုပ် ဗိုလ်ချုပ်ကြီး စောမောင်ကို AD လမ်းရှိ နေအိမ်သို့ ခေါ်လိုက်ပြီး
"ကဲ တိုင်းပြည်ကတော့ အုပ်ချုပ်ရေး ပျက်ပြားပြီ ။ ဒီလိုဖြစ်လာရင် တို့တပ်ကပဲဝင်ထိမ်းရတော့မယ် ၊ မင်းတို့ အဖွဲ့ ဖွဲ့ကွာ ဗိုလ်စောမောင်"
"ကျနော်မလုပ်တတ်ဘူး"
"မင်းဘာမှ မပူနဲ့ ဥပဒေနဲ့အညီဖြစ်အောင် ဆရာမောင် (ဒေါက်တာမောင်မောင်) က စီစဉ်ပေးလိမ့်မယ် "
အဲလိုပြောပြီး အကယ်၍ စေတနာနဲ့လုပ်မှားကိုင်မှား ဖြစ်ခဲ့ပါက အရေးမယူကြောင်း အာမခံစာချုပ် ချုပ်ဆိုပေးခဲ့ပါတယ် ။ ထိုစာချုပ်ကို လက်မှတ်ရေးထိုးပေးခဲ့တဲ့ ဖောင်တိန်အား ဦးနေဝင်းက
"ဟေ့ ဖိုးသိန်းလှိုင် ဒီသမိုင်းဝင်ဖောင်တိန်ကို သိမ်းထားစမ်း "
လို့ စေခိုင်းခဲ့ပါတယ် ။
အဲဒီနောက် နဝတဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ ၁၉၉၀ ရွေးကောက်ပွဲအပြီး လူသိထင်ရှား စကားပြော အမှားကြောင့် ထပ်မံအာဏာသိမ်းဖို့ ဦးနေဝင်း စီမံရပြန်ပါတယ် ။
"ဒီစောက်ရူးက တကယ်လုပ်မယ့်ကောင် သု့ကိုဆက်ထားလို့ မဖြစ်ဖူး ။ မင်းတို့အဖွဲ့ ထဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ခွေးဘီလူး (ဦးသန်းရွှေ ) မင်း ဥက္ကဋ္ဌတက်လုပ်ကွာ"
အဲလိုနဲ့ သမိုင်းတကွေ့ ထပ်ကွေ့ရပြန်ပါတယ် ။
ထောက်လှမ်းရေး နဲ့ မိမိလူယုံ ဦးသန်းတင် ၊ လေတပ်ဦးစီးချုပ် ဦးစောဖြူတို့ ကောင်းမှုကြောင့် လုပ်ကြံမှုကနေ တကြိမ်လွတ်မြောက်ခဲ့ရလို့ မည်သူ့ကိုမျှ မယုံကြည်သည့် စိတ်ကျရောဂါ ဖြစ်ခဲ့ရပါတယ် ။
သေနတ်ကို ကိုယ်နဲ့မကွာ ဆောင်ထားခဲ့တာ အဲဒီရောဂါရဲ့ လက္ခဏာပါပဲ ။
အဲဒီလို စိတ်ကျရောဂါခံစားနေရပြီး အထီးကျန်ဘဝကို ရောက်ခဲ့ရတဲ့ ရာထူးမဲ့ နေဝင်ချိန်ဘဝမှာ သူမြှောက်စားခဲ့တဲ့ ဦးသန်းရွှေက
သု့အပေါ် ဘယ်လို တုန့်ပြန် ဆက်ဆံခဲ့သလဲ ဆိုတော့ .......?