နေဝင်ချိန် မှတ်တမ်း (၅)
================
ဦးနေဝင်း သဘောမတူတဲ့ အချက်က အများထင်သလို ၁ နဲ့ ၂ တို့ မဟုတ်ဖူးဗျ ။ နံပါတ် ၄ အချက် အပစ်အခတ် ရပ်စဲရေးကို လက်မခံတာဗျ ။
တရုတ်က စိတ်ရှည်စွာ ဆွေးနွေးကြဖို့ တိုက်တွန်းအတွက် ဗကပ ဗဟိုကော်မတီဝင် ၂ ယောက် ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ လာရှိုးမှာ ၁၉၈၃ မှာ ဆွေးနွေးကြပါတယ် ။ အဆင်မပြေလို့ ၂ ဖက်တပ်တွေ ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်နေကြရပါတယ် ။
ဒီအခြေအနေမှာ တရုတ်ပြည်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပေးဖို့ တိန့်ရှောင်ဖိန်က ဦးနေဝင်းထံ မေတ္တာရပ်ခံစာ ပို့ပါတယ် ။ ထို့ကြောင့် ၁၉၈၄ ဇွန်လမှာ မြန်မာ ဒုတိယဝန်ကြီးချုပ် သူရဦးထွန်းတင် ဦးဆောင်တဲ့ အဖွဲ့ တရုတ်ကို သွားကြပါတယ် ။
တရုတ်ဖက်က တရုတ်သမ္မတသစ် လီရှန်နန် ၊ ဒုတိယသမ္မတ ဝမ်လီ ၊ နိုင်ငံခြားရေး ဝန်ကြီး ဝူဇူကျိယန် ၊ သံအမတ် ဟူယောင်မင်ဒါ ၊ ကောင်ဆယ်လာ မစ္စချန်ဘောင်လီ တို့ ဆွေးနွေးကြပါတယ် ။
အဓိက ဆွေးနွေးတာကတော့ ဦးနေဝင်း ပြောစေချင်တဲ့ ဗကပ တွေကို တရုတ်က ထောက်ပံ့နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ် ။ အဲလိုထောက်ပံ့နေသရွှေ့ ဘယ်တော့မှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်မှာ မဟုတ်ဖူးလို့ ရှင်းရှင်းပြတ်ပြတ် ပြောခဲ့ပါတယ် ။
ဒီပြောဆိုချက်ကို ထောက်ခံဆွေးနွေးတာက ကောင်ဆယ်လာ မစ္စချန်ဘောင်လီ ဖြစ်ပါတယ် ။
သူမအကြောင်း ကလည်း စိတ်ဝင်စားစရာမို့ ပြောပြချင်ပါတယ် ။ တရုတ်ဖက်က ဖေါ်ပြတာကတော့ သူမဟာ ရှန်ဟိုင်းမှာ မွေးတယ် ၊ ပီကင်းတက္ကသိုလ်က အင်္ဂလိပ်စာမဟာဘွဲ့ရ တယ်တဲ့ ။
မြန်မာဖက်က သိထားတာကတော့ သူမဟာ မြောင်းမြမှာ မွေးခဲ့တဲ့ မြန်မာပြည်ပေါက်တရုတ်မ ဖြစ်တယ် ။ ပုသိမ်ကောလိပ်ကနေ ရူပဗေဒဘွဲ့ရခဲ့တယ် တဲ့ ။ မြန်မာစကားတတ်တယ် ထေရဝါဒကိုးကွယ်တယ် မြန်မာငယ်သူချင်းတွေ မြောင်းမြမှာ ရှိတယ်တဲ့ ။
(၂၀၁၂ မှာ မြန်မာပြည်လာပြီးတော့ သံရုံဝန်ထမ်း မဟုတ်တဲ့ မြန်မာမိတ်ဆွေတွေနဲ့ တွေ့ခဲ့တယ်ဆိုတာ မြောင်းမြက အမျိုးတွေလို့ သုံးသပ်ကြပါတယ် ၊ မြန်မာနာမည် မညွှန့်ရီ (ခ) ညွှန့်ညွှန့် တဲ့)
ထားပါဗျာ အဲဒါထက် အရေးပါပြီး သူမနဲ့ မြန်မာ့သမိုင်း ဆက်စပ်ပုံ လာပါပြီ ။
သူမ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ဆက်ဆံရေးအရာရှိ တာဝန်ယူထားရစဉ် ဦးနေဝင်းနဲ့ ရင်းနှီးခဲ့ရပါတယ် ။ ၁၉၉၄ နှစ်ကုန်ပိုင်းမှာ မြောင်းမြသူလို့ ပြောထားတဲ့ မညွှန့်ရီ ခေါ် မစ္စချောင်ဘောင်လီ ဟာ မြန်မာသံအမတ် ဖြစ်လာပါတယ် ။
သူမဟာ သံအမတ် မဖြစ်ခင် ၁၉၈၈ မှာ ဖြစ်ခဲ့တဲ့ မြန်မာအစိုးရရဲ့ ကြီးမားတဲ့ အခက်အခဲကို ကူညီခဲ့ပါတယ် ။
၁၉၈၈ စက်တင်ဘာလ မှာ ရှမ်းအရှေ့မြောက်မှာ မိုင်းယမ်း ၊ ကရင်မှာ မဲသဝေါ နဲ့ ဝမ်ခ တိုက်ပွဲပြီးတွေ ဖြစ်ခဲ့ရတာ အားလုံးအသိပါပဲ ။
မိုင်းယမ်းဒေသမှာ ဗကပ တွေဟာ နိုင်ငံရေး ထိုးနှက်ချက်အနေနဲ့ အချိန်ကိုက် တိုက်ကွက် အကြီးကြီး ဖေါ်ခဲ့ပါတယ် ။ တရုတ်အကူညီနဲ့ ခေတ်မှီလက်နက်တွေ ၊ ပေါများလှတဲ့ ခဲ ယမ်းတွေနဲ့ အချီကြီး အောင်ပွဲရယူဖို့ ပြင်းထန်စွာ တိုက်ခိုက်လာပါတယ် ။
အဲလိုပဲ မဲသဝေါ နဲ့ ဝမ်ခ မှာလည်း အနောက်အုပ်စု အကူအညီနဲ့ လက်နက် ခဲယမ်း ပေါများနေတဲ့ KNU က တိုက်ခိုက်နေပြန်ပါတယ် ။
အဲဒီအချိန်က စစ်အစိုးရ နဝတ ရဲ့ အခြေအနေကတော့ နိုင်ငံခြားငွေကြေး ဗလာနတ္ထိ ၊ လက်နက်က မဆလ လက်ကျန် မီးကျိုးမောင်းပျက် ၊ ခဲ ယမ်း က လက်နက်ကြီးကျည် မပြောနဲ့ ခြေလျှင်တပ်စုသုံး အမေရိကန်ထုတ် M79 ဗုံးတီးတောင် အကန့်အသတ် နဲ့ ပစ်နေရတဲ့ အခြေအနေဖြစ်ပါတယ် ။
မိုက်းယမ်းမှာ ခလရ ၁၁ ကို ဗကပတွေ ဝိုင်းတိုက်နေတာ တလ ကျော်ကြာပြီ ၊ ကရင်မှာ KNU တွေ လက်နက်ခဲယမ်း ဖေါဖေါသီသီ သုံးပြီး တရမန်းကြမ်း တိုက်နေချိန်မှာ မြန်မာစစ်တပ်အတွက် အရေးပါတဲ့ စိန်ပြောင်းသုံး 81mm ဗုံးသီး ကုန်သလောက်ရှိသွားပါပြီ ။
အဲဒီလို ငွေမရှိ ခဲ ယမ်း ကုန်လုလု အနေအထားမှာ နယ်မြေမဆုံးရှုံးစေဖို့ ဗုံးမိုး ကြဲဖို့ လိုနေပါပြီ ။
နဝတ ဗိုလ်ချုပ်ကြီးစောမောင် အကြပ်ရိုက်နေတာကို မညွှန့်ရီ ခေါ် မစ္စချန်ဘောင်လီက လှလှပပ အကွက်ကျကျ ကူညီခဲ့တယ်ဗျ ။
အဲဒီအချိန်မှာ စင်္ကာပူက လီကွမ်ယူဆီမှာ ဒိတ်လွန်ခါနီး 81 mm ဗုံးသီး တသိန်းကျော် ရှိနေပါတယ် ။ အဲဒီ ဗုံးသီး တသိန်းကျော်ကို မစ္စချောင်ဘောင်လီက မြန်မာစစ်တပ်အတွက် အလကားရအောင် လုပ်ပေးခဲ့ရုံမကဘူး လီကွမ်ယူကိုတောင် အရူးလုပ်ပြီး ဒေါ်လာ ထပ်တောင်းပေးခဲ့ပါတယ် ။
အကြပ်အတည်းတွေ့နေတဲ့ မြန်မာ့တပ်မတော်အတွက် အလွန်လိုအပ်နေတဲ့ ဗုံးသီးတွေ အလကားရလာတဲ့ အပြင် ဒေါ်လာပါရအောင် မစ္စချောင်ဘောင်လီ က လူလည်ပန်ကာ လီကွမ်ယူ ကို ဘယ်လို ၂ ကျပ်ကွက် နင်းခဲ့ သလဲ ဆိုတော့ ........?