ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ ဗမာတန်းရှိ
အိမ်ခြေများကို ဖျက်သိမ်းရန် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က
အသိပေးထားကြောင်း သတင်းရရှိသည်။
လောက်ကိုင်မြို့ကို လက်နက်ဖြင့် တိုက်ခိုက်ကာ သိမ်းပိုက်ထိန်းချုပ်ထားသည့်
MNDAA သည် (၂)ရပ်ကွက်၊ ဗမာတန်းရှိ အိမ်ခြေအဆောက်အအုံများကို (၃)ရက်အတွင်း
ဖျက်သိမ်းရန် အသိပေးထားကြောင်း မြို့ခံများထံမှ သိရသည်။
“ဗမာတန်းမှာရှိတဲ့ ဆိုင်တွေ အိမ်တွေကို ဖယ်ခိုင်းတာပေါ့။ အဲဒီမှာက
ဆေးဆိုင်ရှိမယ်။ ရွှေဆိုင်ရှိမယ်။ ငွေလဲတဲ့ အိမ်ရှိမယ်။ စားသောက်ဆိုင်တွေ
ရှိမယ်။ အဝတ်အစားတွေ၊ စာရေးကိရိယာ ဆိုင်တွေ ရှိတယ်။ ဆိုင်တွေက များပါတယ်။
လမ်းကလည်း ရှည်ပါတယ်။ အဲဒီနေရာက အစုံလည်း ရပါတယ်။ ဗမာတန်း လမ်းလို့လည်း
ခေါ်တာပေါ့” ဟု လောက်ကိုင်မြို့ခံက NP News ကို ပြောသည်။
ဗမာတန်းရှိ တစ်ချို့သော ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ ပစ္စည်းဥစ္စာများကို စတင်သယ်ဆောင်ကာ ပြောင်းရွေ့နေကြပြီ ဖြစ်ကြောင်း သိရသည်။
“အမှန်က အဲဒါက မြေပုံအရ၊ သမိုင်းအရဆိုရင်တော့ လမ်းနယ်လို့တော့ သိရတယ်။
အခုဟာက MNDAA အားကောင်းနေတော့ သူ့ရဲ့ အစီအစဉ်ပေါ့။ အဲဒီမှာက တရုတ်တွေလည်း
ဝယ်ထားတာရှိတယ်။ တရုတ်တွေလည်း လိုင်းပေါ်မှာ အော်နေကြတယ်” ဟု
လောက်ကိုင်မြို့ခံက ဆက်လက်ပြောသည်။
အဆိုပါဗမာတန်းတွင် အိမ်ခြေအဆောက်အအုံပေါင်း (၆၀)ကျော်ရှိပြီး ရွှေဆိုင်၊
ဆေးဆိုင်၊ စားသောက်ဆိုင်နှင့် အခြားဆိုင်ပေါင်းများစွာရှိကြောင်း သိရသည်။
ထိုသို့ MNDAA အဖွဲ့က ဗမာတန်းရှိ ဆိုင်များကို ပြောင်းရွေ့ရန်
ဖိအားပေးလာသည့်အတွက် ပြည်သူလူထုအနေဖြင့် အခက်အခဲများစွာရှိကြောင်းလည်း
လောက်ကိုင်မြို့ခံက ဆိုသည်။
MNDAA အဖွဲ့သည် ၎င်း၏ မဟာမိတ်ဖြစ်သော TNLA၊ AA အဖွဲ့တို့နှင့်အတူ ၂၀၂၃
ခုနှစ် အောက်တိုဘာ ၂၇ ရက်မှစတင် ကာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် တိုက်ပွဲများ
ဖော်ဆောင်ခဲ့ပြီး ချင်းရွှေဟော်၊ ကြူကုတ်၊ လောက်ကိုင်အပါအဝင်
ကိုးကန့်ဒေသတစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားသည်။