ရွှေလီထဲ ရောက်လာတဲ့ မူဆယ်ကျားဖြန့်သူဌေး ၁၀ဦး ကျော်နဲ့အတူ ခလရ (၂၉၀) တပ်ရင်းမှူးတို့ကို တရုတ်အထူးရဲကဖမ်း၊ မူဆယ်ထဲက ကျားဖြန့်ရုံးအားလုံးနီးပါးကို စစ်ကောင်စီဝင်စီး
မတ်လ ၂၉၊ မူဆယ်
ပြီးခဲ့တဲ့ မတ်လ ၂၆ရက်နေ့မှာ တရုတ်ပြည်ဘက် ရွှေလီထဲကို အလည်ပတ်သွားကြတဲ့ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ သူဌေး ၁၁ဦး ကျော်နဲ့အတူ မူဆယ်အခြေစိုက် ခလရ(၂၉၀) တပ်ရင်းမှူး ရွှေမောင်တို့ကို တရုတ်အထူးရဲတွေက ဖမ်းစီးသွားခဲ့တယ်လို့ တိကျတဲ့ သတင်းအရင်းမြစ်ထံက သိရပါတယ်။
“တရုတ်ဘက်က စောင့်ကြည့်နေတာကြာပြီ။ အခုလာဖမ်းတာလည်း ယူနန်ကရဲတွေမဟုတ်ဘူး။ ရှန်ဟိုင်းကနေလာတဲ့ အထူးရဲတွေ။ စကတည်းက ၁ယောက်စ ၂ယောက်စ ဝင်တာမဖမ်းဘူး။ အခု အကုန်လုံးဝင်မှ ဆွဲသွားတာ။ တပ်ရင်းမှူး ရွှေမောင်ကတော့ စစ်ကောင်စီက မြန်မာနိုင်ငံသားဆိုပြီး ပြန်ထုတ်လာတယ်။ အဲဒီထဲက နောက်ထပ် ၂ယောက်လည်း လွတ်လာတယ်။ ကျန်တာတော့ ဖမ်းခေါ်သွားပြီ”လို့ သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
အခုလို ကျားဖြန်ရုံတွေကို ဘာကြောင့်ဝင်စီးတာလဲဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
မူဆယ်မှာ ကျားဖြန့်လုပ်ငန်းရုံ (၅၈)ရုံရှိပြီး အဖွဲ့ခေါင်းဆောင် (၃၅)ဦးနဲ့ တာဝန်ခံ ကိုယ်စားလှယ် (၁၆)ဦးထက်မနည်းရှိတယ်လို့ စုံစမ်းသိရပြီး အဲဒီကျားဖြန်တွေကို စစ်ကောင်စီလက်အောက်ခံ ပန်ဆေး၊လုံထန်နဲ့မြို့မပြည်သူ့စစ်တို့က အဓိကလုံခြုံရေးတာဝန်ယူပေးပါတယ်။
အခု ဖမ်းစီးခေါ်ဆောင်သွားခြင်းခံရသူတွေဟာ တရုတ်ရဲက အလိုရှိနေတဲ့ ကျားဖြန့်ရုံတွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ သူဌေးအကြီးစားတွေ ဖြစ်ပါတယ်။
အဲသူဌေးတွေ ဖမ်းစီးခံရပြီးနောက် ကျားဖြန့်ရုံတွေကို စစ်ကောင်စီ ဝင်စီးတာဟာ ငွေညစ်ဖို့ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခု ဖမ်းခံရတာ မြန်မာနိုင်ငံက တရုတ်ကော တရုတ်နိုင်ငံသားတွေကောပဲ။ အဓိက သူဌေးတွေကို ဖမ်းသွားတော့ အဲကျားဖြန်ရုံတွေ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး။ အဲဒါ ကြောင့် စစ်ကောင်စီက ဝင်ဆွဲပြီး ငွေရသလောက်ညှစ်မှာပေါ့။ တရုတ်နိုင်ငံသားတွေဆို ငွေပေးရင် တရုတ်ဘက်ပြန်မလွဲဘူး။ မပေးနိုင်ရင် တရုတ်ဘက်ကို ပြန်အပ်မယ်။ ဒါသူတို့လုပ်နေကြပဲ”လို့ ဆိုပါတယ်။
ကျားဖြန်ရုံတွေကို လူထုတွေ သတိမထားမိအောင် ညဘက်တွေသာ အဓိက ဝင်ရောက်ဖမ်းစီးခဲ့ပြီး ဖမ်းစီးထားသူတွေကို လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ထိန်းချုပ်ထားပြီး ဘယ်လိုပြန်လုပ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။