စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)အကြား တင်းမာမှုတွေရှိနေတာကြောင့် ဇန်နဝါရီလ ၂၃ ရက်မှာ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန်သွားပြီး BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့ပါတယ်။
စစ်တပ်လစာနဲ့ ရိက္ခာကိုမယူတော့ဖို့ BGF က ဆွေးနွေးပါတယ်။ ဘာကြောင့်ပါလဲ။ စစ်ကောင်စီနဲ့ BGF ကြားတင်းမာမှုအရင်းခံက ဘယ်အချက်တွေလဲ။ BGF ရပ်တည်မှုဘယ်လိုဆက်ရှိမှာလဲဆိုတာတွေကို BGF က ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဘီဘီစီ - BGFက ဗိုလ်မှူးကြီး စောချစ်သူနဲ့ စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ ဇန်နဝါရီ ၂၃ ရက်က ဖားအံမှာတွေ့ပြီး တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးတယ်လို့ သိရပါတယ်။ ဘယ်လိုအချက်တွေဆွေးနွေးခဲ့ကြတာပါလဲ။
ဗိုလ်မှူးကြီး စောချစ်သူ - ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ တင်ပြတောင်းဆိုလာတဲ့ ကရင်အချင်းချင်းပြန်မတိုက်ချင်ဘူးဆိုတဲ့ အချက်၊ နောက်တစ်ချက်က တပ်မတော်ရဲ့ ရိက္ခာကို ဆက်လက်ယူချင်တဲ့ဆန္ဒမရှိတော့ဘူးဆိုတဲ့ အချက်တစ်ချက်။ အဲဒီအချက် ၂ ချက်ကိုပဲဆွေးနွေးပါတယ်။
ဘီဘီစီ - BGF ရဲ့ ဆွေးနွေးချက် ၂ ချက်အပေါ်မှာ စစ်တပ်ဘက်က ဘယ်လိုတုံ့ပြန်ပါလဲ။
ဗိုလ်မှူးကြီး စောချစ်သူ - စစ်တပ်ဘက်က ဘယ်လိုတုံ့ပြန်လဲဆိုတော့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် သူပြောတာကတော့ နှစ်ပေါင်း ၃၀ နီးနီးလက်တွဲလာတာ၊ ဗိုလ်ချုပ်မှူးကြီးရဲ့ ဖွဲ့စည်းလာတဲ့ နယ်ခြားစောင့်တပ်ဆိုတော့ သူတို့မှာလည်း ဝမ်းမြောက်ဝမ်းသာအားပေးတယ်။ အဲဒီတော့ ကျွန်တော်တို့ ခံစားခွင့်တွေ အခွင့်အရေးတွေကို ချပြတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဆွေးနွေးတဲ့ အချက် ၂ ချက်နဲ့တော့ တခြားစီပဲပေါ့နော်။ ကျွန်တော်တို့ အဖြေတောင်းတာကတော့ အချင်းချင်းမတိုက်ချင်တဲ့အကြောင်းကို ပြန်ပြီးဖြေကြားပေးဖို့ အဲဒါတစ်ချက်၊ တပ်မတော်ရိက္ခာလစာကိုဆက်လက်ပြီး လက်ခံရင် တပ်မတော်အလုပ်ကို ဆက်လက်လုပ်ဆောင်ရမှာ တစ်ချက်။ အဲဒါကျတော့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပြန်ပြီးတော့တင်ပြမယ်လို့ပြောပါတယ်။
ဘီဘီစီ - BGF အနေနဲ့တပ်မတော်လစာကို မယူချင်တော့ဘူးဆိုတာ ဘာကြောင့်ပါလဲ။
ဗိုလ်မှူးကြီး စောချစ်သူ - တပ်မတော်လစာမယူချင်တော့ဘူးဆိုတာက အမှန်တကယ်ဆိုရင် နယ်ခြားစောင့်တပ်ရဲ့ သဘောသဘာဝက နယ်ခြားမှာပဲနေရမယ်။ တစ်ဖက်နိုင်ငံရဲ့ ကျူးကျော်မှုတွေဘာတွေ အဲဒီလိုမျိုးကိုတော့ ကာကွယ်စောင့်ရှောက်ရမယ်။ အခုက အဲဒီလိုမျိုးမဟုတ်ဘူးလေ။ နယ်ခြားစောင့်တပ် ၁၃ နှစ်အတွင်းမှာ အချင်းချင်းတိုက်ရတာက တစ်ချက်မှမနားရတဲ့အပြင် ပြီးတော့လည်း ကရင်ပြည်နယ်တစ်ခုလုံး တပ်မတော်နဲ့ ပူးပေါင်းပြီးတိုက်နေရတာလည်း ရဲဘော်တွေက တိုက်ရည်ခိုက်ရည်နဲ့ တိုက်ရတဲ့အပိုင်းမှာ ဆန္ဒမရှိတော့ဘူးပေါ့နော်။
ဘီဘီစီ - အဲဒီတော့ ဇန်နဝါရီ ၂၃ ရက် ဖားအံတွေ့ဆုံမှုမှာ BGF တောင်းဆိုတာကို သူတို့( စစ်တပ်) ဘက်က အဖြေပြန်မပေးတဲ့ အခြေအနေပဲရှိခဲ့တာလား။
ဗိုလ်မှူးကြီး စောချစ်သူ - သူတို့ကတော့ ပိုနေမြဲ ကျားနေမြဲနေဖို့၊ အရင်လိုပြန်နေ။ တပ်မတော်နဲ့လည်း လုပ်စရာကိုင်စရာရှိရင် တိုင်ပင်။ တပ်မတော်အင်အားကိုလည်းသုံး။ BGF လည်း အင်အားပြန်သုံး အဲဒီလိုပဲ ချပြ တင်ပြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တပ်ဖွဲ့တွေကတော့ လက်အောက်ငယ်သားတွေတင်ပြတာကတော့ တပ်မတော်ရဲ့ ပံ့ပိုးမှုကို ယူချင်တဲ့ဆန္ဒမရှိတော့ဘူးပေါ့။ ပြီးတော့ အချင်းချင်းလည်းမတိုက်ချင်တဲ့အပိုင်း၊ အဲဒါတွေကိုကျွန်တော်တို့ ဆုံးဖြတ်ချက်ချပြီး တပ်မတော်ရဲ့ ပံ့ပိုးမှုကို မယူတော့ဘူး။ ကျွန်တော်တို့ ကရင်အချင်းချင်းလည်းမတိုက်တော့ဘူးဆိုတာတွေကို ကျွန်တော်တို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတော့ ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးအေးချမ်းဖို့ပဲ ကျွန်တော်တို့ ဦးစားပေးပြီးလုပ်မှာပေါ့နော်။
ဘီဘီစီ - BGF ရဲ့ဆုံးဖြတ်ချက်ကို စစ်တပ်ဘက်က လက်မခံတာမျိုးရှိလာရင် ဘယ်လိုဆက်ပြီးဆုံးဖြတ် တုံ့ပြန်မှာပါလဲ။
ဗိုလ်မှူးကြီး စောချစ်သူ - ကျွန်တော်တို့လည်း ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ကျော်လာပြီဆိုတော့ ဒါကို သူတို့ (စစ်တပ်)က လက်မခံဘူး။ အခြေအနေအရ တုံ့ပြန်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ကလည်း လက်နက်တပ် လာတဲ့သူတွေချည်းပဲလေ။ အဲဒါတော့ ဒါကိုထူးထူးခြားခြားပြောစရာမလိုတော့ပါဘူး။
ဘီဘီစီ - ထိုင်းစစ်တပ်နဲ့ မြန်မာစစ်ကောင်စီတွေ့ပြီး ထိုင်း - မြန်မာနယ်စပ်က အွန်လိုင်ငွေလိမ်ဂိုဏ်း( ကျားဖြန့်) လုပ်ငန်းတွေ နှိမ်နင်းကိစ္စတွေ ပြောကြတာရှိတယ်။ ကျားဖြန့်နဲ့ ပတ်သက်ပြီး BGF ဘက်ကဘယ်လိုသဘောထားရှိပါသလဲ။
ဗိုလ်မှူးကြီး စောချစ်သူ - အဲဒီအပိုင်းမှာလည်း အဲဒီလုပ်ငန်းတွေကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒီ ရွှေကုက္ကိုစီမံကိန်းမှာလည်း အရင် NLD အစိုးရလက်ထက်ကတည်းက တရားဝင်ခွင့်ပြုထားတဲ့အပေါ်မှာ အိမ်ရာစီမံကိန်းဆိုတာကို လက်ခံပြီးလုပ်တယ်။ နောက်ဆက်တွဲမှာ ဒီအွန်လိုင်းကိစ္စနဲ့ ပတ်သက်လာတာကိုနောက်ပိုင်းသိတဲ့အခါကျတော့ လွန်ခဲ့တဲ့ ၂ နှစ်မှာလည်း ကျွန်တော်တို့ အယောက် ၂,၀၀၀ ကျော် ပြန်လည်ပို့ဆောင်ပေးခဲ့တယ်။ ထိုင်းဗီဇာနဲ့ ဝင်လာတာရော၊ မြန်မာဗီဇာနဲ့ ဝင်လာတာရော ကျွန်တော်တို့ အယောက် ၂,၀၀၀ ကျော်မှာ တစ်လကို အယောက် ၅၀၊ ၆၀ နဲ့ ၁၀၀၊ ၂၀၀ ကျွန်တော်တို့ပြန်ပို့ပြီးပါပြီ။ နောက်လည်း ဆက်လက်ပို့ဖို့လည်းရှိပါတယ်။ ကျွန်တော်တို့လည်း လက်မခံပါဘူး။ ကျွန်တော်တို့ တပ်ဖွဲ့လည်း လက်မခံပါဘူး။ ဒါတွေဆိုရင် ပြန်ပို့ကိုပို့ရမယ်ဆိုတာ။ မောင်းကိုမောင်းထုတ်ရမယ်။ ကျွန်တော်တို့က အခုလည်း အားလုံးပြောပြီးပြီ။ ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဒါ နောက်နောင်ကိုပြင်ဆင်မယ့်အကြောင်းကို အစည်းအဝေးဆုံးဖြတ်ချက်ချပြီးပြီ။ ဖြည်းဖြည်း.. ဖြည်းဖြည်း ဆုတ်ခွာတာကတော့ များတယ်။ အဝင်ကတော့ လုံးဝအဝင်မပေးတော့ပါဘူး။
ဘီဘီစီ - တကယ်လို့ ဒီကျားဖြန့်လုပ်ငန်းတွေအတွက် ထိုင်းနဲ့ မြန်မာစစ်တပ်ပေါင်းပြီး ဝင်လာတာမျိုးလုပ်မယ်ဆိုရင် BGF ဘက်က ဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်မှာလဲ။
ဗိုလ်မှူးကြီး စောချစ်သူ - ပထမကတော့ ကျွန်တော်တို့ အဲဒီနိုင်ငံခြားသားတွေ သူတို့လိုချင်တဲ့သူ ကျွန်တော်တို့ကိုပြောလာရင် ကျွန်တော်တို့မလုပ်ပေးတာ မရှိပါဘူး။ တခါကို အယောက် လေး.. ငါးဆယ်နဲ့ ကျွန်တော်တို့ပြန်ပို့ရတာလည်းမနည်းမနောဘူးလေ။ အဲဒီမှာ ကျွန်တော်တို့ကို အကြောင်းမကြားဘဲ စစ်ရေးသဘောနဲ့ ဝင်လာရင် ကျွန်တော်တို့လည်း စစ်ရေးသဘောနဲ့ ထိုင်းစစ်တပ်ဖြစ်ဖြစ်၊ ဗမာစစ်တပ်ဖြစ်ဖြစ် ကျွန်တော်တို့နေရာကို ညှိနှိုင်းတိုင်ပင်မှုမရှိဘဲ စစ်ရေးအရဝင်လာရင် ဘယ်သူမဆို ကျွန်တော်တို့ ပြန်လုပ်ရမှာပဲလေ။
ဘီဘီစီ - တယ်လီဂရမ်နဲ့ ဆိုရှယ်မီဒီယာမှာ ကျားဖြန့်လုပ်ငန်းတွေအတွက် ရွှေကုက္ကိုလိပ်စာနဲ့ အလုပ်ခေါ်စာတွေကို တနေ့ကို ထောင်နဲ့ချီ တွေ့နေရပါတယ်။ BGF အနေနဲ့ ဒီလုပ်ငန်းတွေကို ဘယ်လိုခွင့်ပြုထားတာပါလဲ။
ဗိုလ်မှူးကြီး စောချစ်သူ - ကျွန်တော်တို့ကတော့ အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဒီ ကေကေပါ့ခ်(KK Park) မှာ သိသလောက်ကတော့ ကျွန်တော်တို့အဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်ညွှန်ကြားပြီးပြီ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လုံးဝမရှိစေရေးအတွက်ကိုတော့ ဒါတာဝန်ရှိတဲ့ ဗိုလ်မှူးတင်ဝင်းတို့က ညွှန်ကြားချက်ရှိပါတယ်။ ပြန်ခေါ်ဖို့မပြောနဲ့ ကျွန်တော်တို့က ပြန်ပို့ကို ပို့ရမယ်။ တစ်ယောက်မကျန် ကျွန်တော်တို့ ထုတ်ရမယ်။ ဒါကတော့ ပြန်ခေါ်နေတာတော့ ကျွန်တော်တို့လည်း မသိပါဘူး။ သိရင်လည်းဘယ်နေရာမှာ ဆိုတာနဲ့ အရေးယူမှုကို လုပ်ရမှာပဲလေ။
ဘီဘီစီ - တပ်ပိုင်းဆိုင်ရာဘက်ကို ပြန်မေးရရင် စစ်တပ်ဘက်ကို BGF ရဲ့ ရပ်တည်ချက်ကိုပြောပြီးပြီဆိုတော့ တခြားကရင်လက်နက်ကိုင်တွေနဲ့ ပူးပေါင်းတာမျိုးရော ရှိလာနိုင်ပါလား။
ဗိုလ်မှူးကြီး စောချစ်သူ - ပူးပေါင်းဖို့ကတော့ ကျွန်တော်တို့ကလောလောဆယ် ဘာမှလည်းဆုံးဖြတ်ချက်မချသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့လည်း ညှိနှိုင်းဆွေးနွေးတဲ့ကာလမှာလည်း ပြေလည်ရာ ပြေလည်ကြောင်းတော့ မျှော်လင့်တာပေါ့။ မပြေလည်ရင်တော့ ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးကို ဦးတည်ပြီး ရပ်တည်မှာပေါ့။ ငြိမ်းချမ်းရေးကို ဦးတည်ပြီး ရပ်တည်လို့မရရင်တော့ မြေပြင်စစ်ရေးအရ ဖြစ်မှာပေါ့။
ဘီဘီစီ - ၂၀၂၃ ခုနှစ် အတွင်းက ကရင့်လက်နက်ကိုင်အဖွဲ့တွေ အားလုံးတွေ့ဆုံပြီး ဆွေးနွေးကြတာတွေ့ရတယ်။ ဆက်ပြီးဆွေးနွေးချက်တွေ ဘယ်လိုရှိပါသလဲ။
ဗိုလ်မှူးကြီး စောချစ်သူ - ကျွန်တော်တို့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဆုံမှုကတော့ ကျွန်တော်တို့ကရင်အချင်းချင်းစစ်မဖြစ်ဖို့ ၊ ကရင်အချင်းချင်းညီညွတ်ဖို့၊ ကရင့်ဒေသတည်ငြိမ်အေးချမ်းရေးကို လုပ်ဖို့ ကျွန်တော်တို့ ကရင့်လက်နက်ကိုင်လေးဖွဲ့က နှစ်လ၊ သုံးလတစ်ကြိမ် တွေ့ဆုံတယ်။ နောက် ဒီ BGF နဲ့ စစ်တပ်ကလည်းလက်တွဲလာတာ နှစ်ပေါင်း ၃၀ နီးနီးရှိပြီဆိုတော့ ကျွန်တော်တို့ သူတို့နဲ့ အတူတူမနေတော့ဘူးပေါ့။ ဒါကျွန်တော်တို့ ဆုံးဖြတ်ချက်ကို သူတို့က အဲဒီလမ်းကိုမရှာနိုင်ဘဲ စစ်ရေးအရကိုလာပြီးတော့လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေသခံပြည်သူလူထုပဲ ဒုက္ခရောက်မှာပေါ့နော်။